နေပြည်တော် ဩဂုတ် ၁၉
ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးမြင့်သည် ပဲခူးတိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက ပဲခူးမြို့ရှိ ကမ္ဘောဇသာဒီနန်းတော်ပြုပြင်ခြင်း လုပ်ငန်းဆောင်ရွက်နေသည့် လုပ်ငန်းခွင်ကို ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ ရန်ကုန် - မန္တလေး ပြည်ထောင်စုလမ်းမကြီး (လမ်း ဟောင်း) Max Highway ကုမ္ပဏီမှ B.O.T စနစ်ဖြင့် ဆောင်ရွက်လျက်ရှိသော (ရန်ကုန်-ပဲခူးလမ်းပိုင်း) လမ်းလယ်ကျွန်းများ လှပသန့်ရှင်းအောင် ဆောင်ရွက်ထားမှုကို ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် ပဲခူးမြို့ရှိ ကမ္ဘောဇသာဒီနန်းတော် လက်ဝဲဝင်းဆောင်၊ ဘမယာသနပလ္လင်ဆောင်၊ လက်ယာဝင်းဆောင်တို့၏ အမိုး ရေလုံဆေးသုတ်ခြင်း၊ ရွှေဆေး သုတ်ခြင်းနှင့် မြန်မာမှုပန်းကနုတ်များ နှစ်ကာလကြာမြင့်မှုကြောင့် ပျက်စီးလာခြင်းကို မူလလက်ရာ မပျက်ပြုပြင်ခြင်း လုပ်ငန်းဆောင်ရွက်နေမှုတို့ကို တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြရာ ဒုတိယဝန်ကြီးက ယဉ်ကျေးမှုအမွေအနှစ် အဆောက်အအုံဖြစ်၍ အရည်အသွေးပြည့်မီပြီး လက်ရာသေသပ်ကောင်းမွန်စေရေး စေတနာထားဆောင်ရွက်ရန် မှာကြားသည်။
ယင်းနောက် ရန်ကုန်-မန္တလေး အမြန်လမ်းတစ်လျှောက် ငလျင်ဒဏ်ကြောင့် ပျက်စီးသွားသော လမ်းပိုင်းများ၊ တံတားများပြုပြင် ဆောင်ရွက်နေမှု၊ တံတားအတက်၊ အဆင်းဆင်ခြေလျှော ပြေပြစ်စေရေးဆောင်ရွက်နေမှု၊ ရန်ကုန်-မန္တလေးအမြန်လမ်းလမ်းနယ်အတွင်း ကုက္ကိုပင်၊ အမြဲစိမ်းပင်များနှင့် လေကာပင်များ ထပ်မံစိုက်ပျိုးနေမှုတို့ကို ကြည့်ရှုစစ်ဆေး ပြီး လမ်းဘေးဘယ်၊ ညာရှိ မိုင်တိုင် ပြအမှတ်အသား ကျောက်တိုင်များ မြင်သာအောင်ဆေးသုတ်ရန်နှင့် တိုးဂိတ်ပတ်ဝန်းကျင် သန့်ရှင်းမှု ရှိစေရေးဆောင်ရွက်ရန် မှာကြားသည်။
သတင်းစဉ်