နေပြည်တော် အောက်တိုဘာ ၂၈
Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ ထံသို့ အလှူငွေပေးအပ်ပွဲကို ယနေ့မွန်းလွဲပိုင်းက ကျင်းပရာ ဗဟိုကော်မတီ အတွင်းရေးမှူး (၂)၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး Virtual စနစ်ဖြင့် လက်ခံသည်။
ရှေးဦးစွာ ရင်းနှီးမြှုပ်နှံမှုနှင့် မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှုကော်မရှင်ဥက္ကဋ္ဌ၊ နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းက လှူဒါန်းရသည့်အကြောင်း ရှင်းလင်းပြောကြားရာတွင် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများကို နေ့မနား၊ ညမအား ဆောင်ရွက်နေကြသည့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ဝန်ထမ်းများ၊ ဆေးရုံ/ ဆေးခန်း၊ အသွားအလာကန့်သတ် စောင့်ကြည့်သည့် နေရာ များတွင် တာဝန်ထမ်းဆောင်နေကြသည့် ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်း များအားလုံးကို ဂုဏ်ပြု ပါကြောင်း၊ အစိုးရနှင့် ပြည်သူ ပူးပေါင်းဆောင်ရွက်ပါက ဤကပ်ရောဂါကို ကျော်လွှားနိုင်မည်ဟု ယုံကြည် ပါကြောင်း၊ မိတ်ဖက်အဖွဲ့ အစည်းများ၊ ပြည်တွင်း/ ပြည်ပ ကုမ္ပဏီများက နိုင်ငံတော်အစိုးရနှင့် လက်တွဲကာ အကောင်အထည် ဖော်ကြိုးပမ်းဆောင်ရွက်မှုများအား ကြိုဆိုပါကြောင်း၊ ဤသို့ လှူဒါန်းမှုများသည် နိုင်ငံနှင့် ပြည်သူ အကျိုးအတွက် ဆောင်ရွက်မှုဖြစ်သဖြင့် ကြိုဆိုပြီး မြန်မာနိုင်ငံ ရင်းနှီးမြုပ်နှံမှုကော်မရှင်ဥက္ကဋ္ဌ အနေဖြင့် ဂုဏ်ယူပါကြောင်း ပြောကြားသည်။
ထို့နောက် MPRL E&P Group of Companies က အလှူငွေ ကျပ်သိန်း (၃၀၀)၊ Ooredoo Myanmar Limited က အလှူငွေ အမေရိကန်ဒေါ်လာ (၂၅,၀၀၀)၊ Wilmar Holding Ltd က အလှူငွေကျပ်သိန်း (၁၃၀)၊ MYANWEN နှင့် အလှူရှင်များကိုယ်စား Medi Myanmar Group Ltd မှ ဒုတိယဥက္ကဋ္ဌ ဒေါက်တာဆုလှဟန်က အလှူငွေ ကျပ်သိန်း (၂၃၀)၊ ဦးထွန်းနိုင်ဦး၊ Director Marga Landmark မှ အလှူငွေ ကျပ်သိန်း (၁၀၀)၊ International Beverages Trading Co., Ltd y က အလှူငွေ ကျပ်သိန်း (၅၀)၊ ဦးဇော်ဝင်းရှိန်၊ ဥက္ကဋ္ဌ၊ Pathein Industrial City မှ အလှူငွေ ကျပ်သိန်း (၅၀)၊ ဦးအောင်မြတ်၊ ဥက္ကဋ္ဌ၊ Mother Group of Companies က အလှူငွေ ကျပ်သိန်း (၅၀)၊ ဦးစံလင်း၊ ဥက္ကဋ္ဌ၊ Super Seven Star က အလှူငွေ ကျပ်သိန်း (၅၀) တို့ကို Virtual စနစ်ဖြင့် လှူဒါန်းသည်။
ဆက်လက်၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက လှူဒါန်းငွေများ အား Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီမှ ဝန်ကြီးဌာနထံသို့ လွှဲပြောင်းပေးအပ်ကာ ဆေးရုံများနှင့် ကိုဗစ်-၁၉ ကုသရေးဌာနများ၊ အသွားအလာ ကန့်သတ်ရာ နေရာများ၊ အနံ့ပျောက် လက္ခဏာရှိသူများ ထားရှိရာနေရာများတွင်လည်းကောင်း၊ တစ်ကိုယ်သုံး ရောဂါ ကာကွယ်ရေး ပစ္စည်းများ၊ ဆေးဝါးနှင့်ဆေးပစ္စည်း ကိရိယာများဝယ်ယူ ရာတွင်လည်းကောင်း၊ ဆေးရုံများတွင် အောက်ဆီဂျင် ပိုက်လိုင်းများ တပ်ဆင်ရာတွင်လည်းကောင်း၊ အထူးကြပ်မတ်ကုသဆောင်များ တိုးချဲ့အဆင့်မြှင့်တင်ရာတွင် လည်းကောင်း အသုံးပြုသွားမည်ဖြစ်ပါ ကြောင်း။
မြန်မာတို့၏ ရိုးရာယဉ်ကျေးမှုဓလေ့ထုံးစံအရ ယခုလိုသီတင်းကျွတ်အချိန်ကာလ၌ မိဘ၊ ဘိုးဘွားများနှင့် ဆရာသမားများကို ဂါရဝပြုကန်တော့ခြင်းများ ပြုလုပ်ကြပါကြောင်း၊ ကန်တော့ ကြသူအများစုသည် ကျန်းမာ၍ အသက်ငယ်ရွယ်သူများ ဖြစ်ကြသော်လည်း ရောဂါ လက္ခဏာ မပြဘဲ ကိုဗစ်-၁၉ ပိုးကူးစက်နေသူများ ဖြစ်နိုင်သည့် အပြင် ကန်တော့ခံသူများသည်လည်း အသက်အရွယ်ကြီး၍ ရောဂါအခံတစ်မျိုးမျိုး ရှိနေနိုင် ပါကြောင်း၊ ယခုကဲ့သို့ ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားနေချိန်တွင် လူအများစုဝေး သွားရောက်ကန်တော့ ခြင်းဖြင့် ကိုဗစ်-၁၉ ကူးစက် ဖြစ်ပွားနိုင်ချေရှိပါကြောင်း။
သို့ဖြစ်၍ ကိုဗစ်-၁၉ ရောဂါကူးစက်မှု ဘေးကင်းစေရေးအတွက် ဝန်ကြီးဌာနမှ အကြံပြု လမ်းညွှန်ချက်များကို လိုက်နာ ဆောင်ရွက်ကြစေရန်မှာ အရေးကြီးပါကြောင်း၊ လှူဒါန်းမှု အခမ်းအနားသို့ တက်ရောက်လာကြသူများ အနေဖြင့် ထိုသို့အကြံပြုချက်နှင့်စည်းကမ်းများ လိုက်နာရေး သတင်းစကားကို ထပ်ဆင့်ဝေမျှပေးကြရန် တိုက်တွန်းလိုပါကြောင်း ပြောကြားသည်။
(သတင်းစဉ်)