နေပြည်တော် ဩဂုတ် ၁၈
စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ယနေ့မွန်းလွဲပိုင်းက မကွေးမြို့ အမှတ်(၅)စက်မှုသင်တန်းကျောင်း၌ သင်တန်းသားများအား စာတွေ့၊ လက်တွေ့လေ့ကျင့်သင်ကြားပေးနေမှုနှင့် မကွေးအချိုရည်နှင့်ရေခဲစက်ရုံ၊ ဆပ်ပြာစက်ရုံ(မကွေး)တို့၌ ကုန်ထုတ်လုပ်မှုလုပ်ငန်းများဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။
ကြည့်ရှုစစ်ဆေးစဉ် ပြည်ထောင်စုဝန်ကြီးက တပ်ဆင်ထားရှိသည့် စက်ပစ္စည်းများ သက်တမ်းပြည့်အသုံးပြုနိုင်ရေး ပြုပြင်ထိန်းသိမ်းမှုများဆောင်ရွက်ရန်၊ ထုတ်ကုန်ပစ္စည်းများ ထုပ်ပိုးမှုစနစ်ကောင်းမွန်စွာ အရည်အသွေးပြည့်မီအောင် ထုတ်လုပ်နိုင်ရေးဆောင်ရွက်ရန်၊ ကုန်ကြမ်းနှင့် စက်အရန်ပစ္စည်းများ ကြိုတင်ဝယ်ယူစုဆောင်းထားရှိရန် မှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် မကွေးတိုင်းဒေသကြီး စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဝန်ထမ်းများနှင့်တွေ့ဆုံ၍ တိုင်းဒေသကြီးအတွင်း စက်မှုလုပ်ငန်းများ၊ စက်မှုဇုန်များ စနစ်တကျရှိစေရေးကြီးကြပ်စစ်ဆေးခြင်း၊ MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရေး ဝန်ဆောင်မှုပေးခြင်းစသည့် လုပ်ငန်းများနှင့်သက်ဆိုင်သည့် ကျွမ်းကျင်မှုရှိစေရေး ကြိုးစားဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနအနေဖြင့် မိမိဌာနတွင် မှတ်ပုံတင်ထားသော စက်မှုလုပ်ငန်းများမှ ထုတ်လုပ်သောထုတ်ကုန်များသည် အရည်အသွေးပြည့်မီရန် စိစစ်ကြပ်မတ်ဆောင်ရွက်ရမည်ဖြစ်ကြောင်းမှာကြားပြီး ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်