Skip to main content

နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို ကရင်ရိုးရာဝါခေါင်လ ချည်ဖြူဖွဲ့မင်္ဂလာအခမ်းအနားသို့ တက်ရောက်

ထားဝယ် ဩဂုတ် ၁၈

ကရင်ရိုးရာဝါခေါင်လ ချည်ဖြူဖွဲ့မင်္ဂလာအခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့ ရွှေဝယ်သီရိ ဖူဆယ်အားကစားခန်းမ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။

ဦးစွာ နယ်စပ်ရေးရာဝန်ကြီးဌာနနှင့်တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်၊ တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောမာတင်လူသာ၊ ကက်သလစ်သာသနာကျောင်းထိုင်ဘုန်းတော်ကြီး မွန်စီညော်ဖာသာရ် ဂျိုးဇက်သိန်းခင်တို့က ကရင်ရိုးရာဝါခေါင်လချည်ဖြူဖွဲ့ မုခ်ဦးဆိုင်းဘုတ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။

ထို့နောက် ကရင်တိုင်းရင်းသားတိုင်းရင်းသူများက ကရင်အမျိုးသားသီချင်းဖြင့် သီဆိုဖွင့်လှစ်ပြီး ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များက မင်္ဂလာဖားစည်အားတီးပြီး ကရင်ရိုးရာပဒိုကျွဲချိုမှုတ်ကာ ထားဝယ်တက္ကသိုလ်ကရင်စာပေနှင့် ယဉ်ကျေးမှုဆပ်ကော်မတီက ကြိုးကျစ်အကဖြင့် ဖျော်ဖြေတင်ဆက်ကြသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က ကရင်ရိုးရာဝါခေါင်လ ချည်ဖြူဖွဲ့မင်္ဂလာ (လက်ချည်ပွဲ)အခမ်းအနားကျင်းပပြုလုပ်ရသည့် ရည်ရွယ်ချက်တွင် ကိုယ်ကျန်းမာစိတ်ချမ်းသာပြီး အန္တရာယ်အသွယ်သွယ်ကင်းဝေးစေရန် ချည်ဖြူဖြင့် နှောင်ပေးခြင်းဟု ယူဆကြကြောင်း၊ ဝါခေါင်လရောက်လျှင် ကွဲကွာနေကြသောဆွေမျိုးများ ပြန်လည်ဆုံတွေ့ရေး၊ မိသားစုများ ပြန်လည်စုစည်းရေး၊ အချင်းချင်းချစ်ကြည်သွေးစည်းမှု ခိုင်မာရေး၊ လူငယ်လူရွယ်များကို လူကြီးသူမများက ဆိုဆုံးမစကားများပြောနိုင်စေရေး၊ ရိုးရာယဉ်ကျေးမှုများ မပျောက်ကွယ်စေရေး၊ အသိပညာ၊ အတတ်ပညာမြင့်မားပြီး လူနေမှုအဆင့်အတန်းမြင့်မားသည့် လူမျိုးအဖြစ် အစဉ်တည်တံ့စေရေး ရည်ရွယ်ကျင်းပပြုလုပ်ခြင်းဖြစ်သည့်အတွက် များစွာအတုယူဖွယ်ဖြစ်ကြောင်း။

ကရင်ရိုးရာဝါခေါင်လ ချည်ဖြူဖွဲ့မင်္ဂလာအခမ်းအနားကဲ့သို့ တိုင်းရင်းသားတို့၏ ယဉ်ကျေးမှုကို ထိန်းသိမ်းသည့် ပွဲတော်များကို အစဉ်အလာနှင့်အညီ စဉ်ဆက်မပြတ်ဆောင်ရွက်ပေးကြရန်၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနှင့်ပတ်သက်သော ကိစ္စရပ်များကို စစ်မှန်သော မျိုးချစ်စိတ်ဓာတ်ဖြစ်သည့် ပြည်ထောင်စုစိတ်ဓာတ်ဖြင့် ဆောင်ရွက်ပေးကြရန်၊ ရပ်ရွာအကျိုး၊ ဒေသအကျိုးနှင့် ပြည်ထောင်စုအကျိုးကို ဆတက်ထမ်းပိုးထာဝစဉ်လက်တွဲ နေထိုင်သွားကြရန်လိုအပ်ကြောင်း၊ ယနေ့အခမ်းအနားသို့ တက်ရောက်ပေးကြပါသော ပြည်ထောင်စုဖွား ကရင်တိုင်းရင်းသားများနှင့်တကွ တက်ရောက်လာကြသော တိုင်းရင်းသားများအားလုံး မင်္ဂလာအပေါင်းနှင့်ပြီးပြည့်စုံကြပါစေကြောင်း ဆုမွန်ကောင်းတောင်းပြောကြားသည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက ချည်ဖြူဖွဲ့မင်္ဂလာရိုးရာဓလေ့ပွဲတော်ကို မပျောက်မပျက်ဆက်လက်၍ လက်ဆင့်ကမ်းထိန်းသိမ်းမြှင့်တင်ကြရန်နှင့် ကရင်တိုင်းရင်းသားများအားလုံး စည်းလုံးညီညွတ်စွာဖြင့် အတူတကွလက်တွဲဆောင်ရွက်သွားနိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်း ပြောကြားသည်။

ဆက်လက်၍ ရမ္မဇူဒုံးယိမ်းအကအဖွဲ့က တိုင်းရင်းသားအကဖြင့် ဖျော်ဖြေတင်ဆက်ပြီး တာဝန်ရှိသူများက ကရင်ရိုးရာဝါခေါင်လချည်ဖြူဖွဲ့ သမိုင်းကိုစကောကရင်ဘာသာနှင့် မြန်မာဘာသာဖြင့် ဖတ်ကြားကာ ကရင်စာပေနှင့်ယဉ်ကျေးမှုကော်မတီမှ ဦးစောအောင်ထွဋ်က ကျေးဇူးတင်စကားပြောကြားသည်။

ထို့နောက် ကရင်တိုင်းရင်းသားသက်ကြီးဘိုးဘွားများနှင့် တိုင်းရင်းသားတိုင်းရင်းသူများက ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ်၊ ဒုတိယဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးများ၊ တိုင်းရင်းသားကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများ၊ ကရင်တိုင်းရင်းသားတိုင်းရင်းသူများအား ဆုတောင်းမေတ္တာပို့သပြီး ကရင်ရိုးရာ ချည်ဖြူဖွဲ့မင်္ဂလာ လက်ချည်ပေး၍ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က တိုင်းရင်းသားတိုင်းရင်းသူများကို ကရင်ရိုးရာစားသောက် ဖွယ်ရာများဖြင့်ကျွေးမွေးနေမှုအား ကြည့်ရှုအားပေးကာ ရိုးရာယဉ်ကျေးမှုအဖွဲ့များက တိုင်းရင်းသားရိုးရာအကများနှင့် အဆိုဝါသနာရှင်များက တေးသီချင်းများဖြင့် ဖျော်ဖြေခဲ့ကြသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တနင်္သာရီတိုင်းဒေသကြီးဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံးမှတာဝန်ရှိသူများနှင့်တွေ့ဆုံ၍ တနင်္သာရီတိုင်းဒေသကြီးသည် မိုးများသောဒေသဖြစ်သောကြောင့် တည်ဆောက်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် အလေးအနက်ထား ဆောင်ရွက်ပေးရန်လိုအပ်ပြီး သတ်မှတ်အရည်အသွေးစံချိန်စံညွှန်းနှင့်အညီ ဆောင်ရွက်ပေးရန်လိုအပ်ကြောင်း၊ ဝန်ထမ်းများသက်သာချောင်ချိရေးနှင့် ဝန်ထမ်းများခန့်ထားရေးကို ဆောင်ရွက်ပေးစေလိုကြောင်း မှာကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြား၍ တနင်္သာရီတိုင်းဒေသကြီး ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ဝန်ထမ်းများနှင့် တိုင်းဒေသကြီးဦးစီးမှူးရုံးနှင့် နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များ စက်မှုလက်မှုပညာသင်တန်းကျောင်း (ထားဝယ်)တို့အား ချီးမြှင့်ငွေများပေးအပ်ပြီး ခန်းမအတွင်း ခင်းကျင်းပြသထားသည့် သင်ထောက်ကူပစ္စည်းများအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)