နေပြည်တော် ဩဂုတ် ၁၇
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည် စစ်ကိုင်းတိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခင်မောင်အေးနှင့်အတူ ယနေ့နံနက်ပိုင်းတွင် သီတဂူဆရာတော်ကြီးအား ဖူးမြော်ကြည်ညို၍ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် စစ်ကိုင်းမြို့ ရှိ ရှေးဟောင်းအဆောက်အအုံများ၊ စေတီ၊ ပုထိုးများ ပြန်လည်ပြုပြင်ထိန်းသိမ်းနေမှုအခြေအနေများ ကိုလျှောက်ထားပြီး ပြည်ထောင်စုဝန်ကြီးနှင့် ခုနစ်ရက်သားသမီးများကလှူဒါန်းသည့် ကြေးဗုဒ္ဓ ဆင်းတုတော်၊ ဓမ္မစေတီ၊ ဓာတ်တော်၊ စေတီတော်များနှင့် အလှူငွေများကို သီတဂူဆရာတော်ကြီးထံ ဆက်ကပ်လှူဒါန်းကာ သီတဂူဆရာတော်ကြီးထံမှ ဩဝါဒခံယူသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဆွမ်းဦးပုညရှင်စေတီတော် ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုများကိုလည်းကောင်း၊ ဥမင်သုံးဆယ်ဘုရားရှိ ငလျင်ဒဏ်ကြောင့် ဦးခေါင်းတော်ထိခိုက်ပျက်စီးခဲ့သော ဆင်းတုတော်များကို မူလပုံအတိုင်း ပြန်လည်ပြုပြင်နေမှုကိုလည်းကောင်း၊ “စစ်ကိုင်းအစ၊ စေတီလှက” ဆိုသည့်အတိုင်း စေတီလှဘုရား ငလျင်ကြောင့် တစ်ဆူလုံးကြေမွပျက်စီးသွားသည့်အခြေအနေများကိုလည်းကောင်း၊ စေတီလှဘုရားအနီးရှိ ငလျင်ကြောပေါ်တည်ရှိနေ၍ တစ်ဆူလုံး တိမ်းစောင်းကြေမွထိခိုက်ပျက်စီးနေသည့် ရွှေမုဋ္ဌော ဘုရားကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး ပျူကံစေတီအစုသို့ သွားရောက်၍ ကုန်းဘောင်ခေတ် အင်္ဂတေပန်းလက်ရာများကျန်ရှိနေသည့် ရှေးဟောင်းစေတီဘုရားခုနစ်ဆူအား ဂရုတစိုက်ပြုပြင်ထိန်းသိမ်းသွားရန်၊ ရှေးဟောင်းလက်ရာအင်္ဂတေပန်းများ ကြံ့ခိုင်ရေးပါ ဓာတုဗေဒဆေးဖြင့်ထိန်းသိမ်းရန် မှာကြားသည်။
ယင်းနောက် စစ်ကိုင်းမြို့ အသင်္ခယာရိပ်သာတွင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ငလျင်ကြောင့် ထိခိုက်ပျက်စီးသွားသော စေတီတော်များပြုပြင် ထိန်းသိမ်းရာတွင် ထည့်သွင်းဌာပနာရန်အတွက် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ထံသို့ ပြည်ထောင်စုဝန်ကြီးနှင့် ခုနစ်ရက်သားသမီးများက လှူဒါန်းသော ကြေးဗုဒ္ဓဆင်းတုတော်၊ ဓာတ်တော်များ၊ ဓမ္မစေတီများကို ပေးအပ်လှူဒါန်းသည်။
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သော ရှေးဟောင်းအဆောက်အအုံ၊ စေတီ၊ ပုထိုး စုစုပေါင်း ၁၁၈ ခုအနက် ပြန်လည်ပြုပြင်ထိန်းသိမ်းရန် ဦးစားပေးအဆင့်အလိုက် အဆင့်များခွဲခြားပြီး ဆောင်ရွက်လျက်ရှိရာ ပထမဦးစားပေးအဆင့်ပြုပြင်ရန် ဘုရား ၉၅ ဆူအနက် နှစ်ဆူဆောင်ရွက်ပြီး ဆောင်ရွက်ဆဲ ၁၀ ဆူဖြစ်ကြောင်း သိရသည်။
ဆက်လက်၍ စဉ့်ကိုင်မြို့နယ် မက္ခရာဒေသရှိ ဆေးဘုရားနှင့် ဘုရားငါးဆူတွင် ပြည်ထောင်စုဝန်ကြီးနှင့် ခုနစ်ရက်သားသမီးများလှူဒါန်းသော ကြေးဗုဒ္ဓဆင်းတုတော်၊ ဓမ္မစေတီတော်၊ ဓာတ်တော်၊ စေတီတော်အလယ်ဌာပနာသွင်းမင်္ဂလာကို ရွှေရောင်တော်ဆရာတော်ကြီးနှင့် ကျောက်ဆည် မဟာဂန္ဓာရုံဆရာတော်ဦးဆောင်၍ ဆောင်ရွက်တော်မူကြပြီး ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးကာ ဓာတ်တော်မွေတော်များကို ဩဝါဒါစရိယ ဆရာတော်များထံကပ်လှူပြီး ပြုပြင်လျက်ရှိသည့် ဘုရားနှစ်ဆူတွင် ထည့်သွင်းဌာပနာသည်။
ယင်းနောက် ပလိပ်မြို့ မြွေဘုရားပရဝဏ်အတွင်း ငလျင်ဒဏ်ကြောင့်ထိခိုက်ပျက်စီးခဲ့သည့် ရှေးဟောင်းအဆောက်အအုံ၊ စေတီဘုရားများအား ပြန်လည်ပြုပြင်ထိန်းသိမ်းနေမှုများကို ကြည့်ရှုစစ်ဆေးပြီး ပြည်ထောင်စုဝန်ကြီးနှင့် ၇ ရက် သားသမီးများ လှူဒါန်းသော ကြေးဗုဒ္ဓဆင်းတုတော်၊ ဓမ္မစေတီတော်၊ ဓာတ်တော်၊ စေတီတော်များ၊ ဝါဆိုသင်္ကန်းနှင့် လှူဒါန်းငွေများကို ဆရာတော်များထံသို့ ဆက်ကပ်လှူဒါန်းသည်။
ပလိပ်ဒေသတွင် မန္တလေးငလျင်ကြီးကြောင့် ရှေးဟောင်းဘုရား ၂၉၄ ဆူအနက် ၂၄၉ ဆူ ထိခိုက်ပျက်စီးခဲ့ရာ ပြန်လည်ပြုပြင်လှူဒါန်းလိုသော အလှူရှင်များ၏ လှူဒါန်းမှု၊ ဂေါပကအဖွဲ့ရန်ပုံငွေဖြင့် ပြုပြင်မှုတို့ဖြင့် မူလဓာတ်ပုံများ၊ အထောက်အထားများအတိုင်း ပြန်လည်ပြုပြင်လျက်ရှိရာ လေးဆူပြုပြင်ပြီးစီးပြီး နှစ်ဆူပြုပြင်နေဆဲဖြစ်သည်။
ငလျင်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ရှေးဟောင်းဘုရားများအား ပြန်လည်ပြုပြင်ရန် လှူဒါန်းလိုပါက ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ သာသနာရေးဦးစီးဌာနနှင့် သက်ဆိုင်ရာဂေါပကအဖွဲ့များထံသို့ ဆက်သွယ်လှူဒါန်းနိုင်ပြီး မန္တလေး၊ စစ်ကိုင်းဒေသရှိ ရှေးဟောင်းဘုရားများပြုပြင်ရန် လှူဒါန်းထားခဲ့သည့် အလှူရှင်များအနေဖြင့် မိမိတို့ဘိုးဘွား၊ မိဘအဆက်ဆက်လှူဒါန်းခဲ့သည့် ရှေးဟောင်းဘုရားများ ထိခိုက်ပျက်စီးမှု ရှိ/မရှိ သိရှိလိုပါက အထက်ပါဌာနများသို့ဖြစ်စေ၊ myanmarearthquake.gov.mm Website တွင်ဖြစ်စေ စုံစမ်းမေးမြန်းကြည့်ရှုနိုင်ကြောင်းနှင့် ပျက်စီးမှုပြန်လည်ပြုပြင်လိုပါကလည်း ဆက်သွယ် လှူဒါန်းနိုင်ကြောင်း သိရသည်။
သတင်းစဉ်