Skip to main content

အတတ်ပညာများကို ထိရောက်စွာအသုံးချ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်း

ကမ္ဘာပေါ်ရှိ ဖွံ့ဖြိုးတိုးတက်သော နိုင်ငံများကို လေ့လာကြည့်လျှင် သဘာဝအရင်းအမြစ်များကို ပိုင်ဆိုင်ထားခြင်း၊ မပိုင်ဆိုင်ထားခြင်းထက် အသိပညာ၊ အတတ်ပညာ၊ နည်းပညာနှင့် ငွေကြေးအရင်းအနှီးများ ပိုင်ဆိုင်ထားခြင်းသည် ပို၍အဓိကဖြစ်နေသည်ကို တွေ့မြင်နိုင်သည်။ သဘာဝအရင်းအမြစ်များလည်း ပိုင်ဆိုင်၊ နည်းပညာနှင့် အရင်းအနှီးများလည်းရှိပါက အဆိုပါနိုင်ငံသည် ဖွံ့ဖြိုးတိုးတက်မှုတွင် ထိပ်တန်းရောက်သည့်နိုင်ငံဖြစ်နိုင်သည်။ မြန်မာနိုင်ငံအနေဖြင့် ပထဝီအနေအထားအရ ရေခံမြေခံ အခြေခံကောင်းများ များစွာရှိပြီး မကုန်နိုင်၊ မခန်းနိုင်သော တွင်းထွက်သယံဇာတနှင့် သဘာဝအရင်းအမြစ်များ အလျှံပယ်ပေါများကြွယ်ဝသည်။

သို့သော် ရှိပြီးသဘာဝသယံဇာတနှင့် အရင်းအမြစ်များကို ထိထိရောက်ရောက် အသုံးချနိုင်မှုအားနည်းချက်နှင့် အမှန်တကယ်အလုပ်လုပ်နိုင်မှု လိုအပ်ချက်များကြောင့် စီးပွားရေးတိုးတက်မှုတွင် နောက်ကျကျန်ခဲ့သည်ကို တွေ့မြင်နိုင်သည်။ မြန်မာနိုင်ငံ၌ ၂၀၁၂ ခုနှစ်နောက်ပိုင်းတွင် အကြောင်းအမျိုးမျိုးဖြင့် ကုန်သွယ်မှုလိုငွေပြခဲ့သည်။ သဘာဝသယံဇာတများနှင့် စိုက်ပျိုးရေးထွက်ကုန်များ အစဉ်အဆက်ထွက်ရှိသော်လည်း စနစ်တကျ၊ ခေတ်မီနည်းကျထုတ်လုပ်မှု၊ အရည်အသွေးပြည့်မီ ခေတ်မီဆန်းသစ်တီထွင်သည့် ကုန်ချောပစ္စည်းများ ထုတ်လုပ်နိုင်မှု အားနည်းချက်များကြောင့် နိုင်ငံဖွံ့ဖြိုးတိုးတက်မှု နှေးကွေးနေသည်ဟု ဆိုနိုင်သည်။

ထို့အပြင် စိုက်ပျိုးရေးကိုအခြေခံသည့် မြန်မာနိုင်ငံအနေဖြင့် စိုက်ပျိုးရေးထုတ်ကုန်များကို ရည်မှန်းချက်ပြည့်မီအောင် ထုတ်လုပ်နိုင်မှုအားနည်းခဲ့သည်။ ပန်းတိုင်ရည်မှန်းချက်များ ပြည့်မီအောင် ဆောင်ရွက်နိုင်ခြင်းမရှိသောကြောင့် ထုတ်ကုန်ပစ္စည်းများ ထုတ်လုပ်မှုလျော့နည်းခဲ့သည်။ ပန်းတိုင်ရည်မှန်းချက်နှင့် သီးထပ်စွမ်းအားပြည့်မီမှုမရှိခြင်းကြောင့် နိုင်ငံ့ဝင်ငွေ တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၂၀ ဘီလီယံခန့် ထိခိုက်နစ်နာလျော့နည်းခဲ့သည်ကို တွက်ချက်မှုများအရ သိရှိရသည်။ ယင်းတို့ကို ပြည့်မီအောင်ဆောင်ရွက်နိုင်မည်ဆိုပါက ရောင်းကုန်ပစ္စည်းများ တိုးတက်ရရှိပြီး ကုန်သွယ်မှုပိုငွေပြလာမည်ဖြစ်သည်။ နိုင်ငံ့စီးပွားရေး အားနည်းခဲ့ရသည်များကို ယခုအခါ ထိထိရောက်ရောက် အားပေးဆောင်ရွက်နိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။

မြန်မာနိုင်ငံတွင် ဆီထွက်သီးနှံအမျိုးမျိုးကို စိုက်ပျိုးထုတ်လုပ်နိုင်သော်လည်း ပြည်တွင်းလိုအပ်ချက် မပြည့်မီသဖြင့် ပြည်ပမှ စားသုံးဆီများကို နှစ်စဉ်တင်သွင်းနေရသည်။ ပြည်ပမှ ဂျုံတင်သွင်းမှုအနေဖြင့် တစ်နှစ်လျှင် တန်ချိန် ငါးသိန်းခန့်ရှိသည်။ မြန်မာနိုင်ငံတွင် ဂျုံစိုက်ပျိုးမှု ဧကပေါင်း ၁ ဒသမ ၃ သိန်းစိုက်ပျိုးလျက်ရှိပြီး ဂျုံလိုအပ်ချက် တန်ချိန် ငါးသိန်းရရှိရေးအတွက် စိုက်ပျိုးဧက ခြောက်သိန်းနီးပါး ထပ်မံစိုက်ပျိုးရမည်ဖြစ်သည်။ ဝါစိုက်ပျိုးမှုတွင် ဧကငါးသိန်းခန့် စိုက်ပျိုးနေပြီး ပြည်တွင်း ဝါလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်သဖြင့် ပိုလျှံသည်များကို ပြည်ပပို့ကုန်အဖြစ် တင်ပို့နိုင်ရေး ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်သည်။ ဝါကိုအခြေခံသည့် ထုတ်ကုန်များကို ဒေသအလိုက် ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်သည်။

မြန်မာနိုင်ငံတွင် သဘာဝမှပေးထားသည့် အရင်းအမြစ်များစွာရှိပြီး အမှန်တကယ် အလုပ်လုပ်၍ အကျိုးရှိရှိ ထိထိရောက်ရောက် အသုံးချနိုင်မည်ဆိုပါက နိုင်ငံဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သည်။ မြန်မာနိုင်ငံမှ ထုတ်ကုန်ပစ္စည်းများ အခြားနိုင်ငံများနှင့်တန်းတူ အဆင့်မီမီထုတ်လုပ်နိုင်ပါက ပြည်ပမှ နှစ်စဉ်တင်သွင်းနေရသည့် လူသုံးကုန်၊ စားသုံးကုန်ပစ္စည်းများကို အစားထိုးထုတ်လုပ်နိုင်ပြီး နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သည်။ စိုက်ပျိုးမွေးမြူရေးကဏ္ဍတွင်သာမက ထုတ်ကုန်ပစ္စည်းများထုတ်လုပ်ရာတွင် နည်းပညာအဆင့်မြင့်မားမှုလိုအပ်သဖြင့် နည်းပညာများကို ပြည်ပမှရယူ၍လည်းကောင်း၊ ပြည်တွင်း၌ အဆင့်မြင့်သင်ကြားပေးမှုများဖြင့် ရယူ၍လည်းကောင်း လက်တွေ့အသုံးချနိုင်သည်။

နိုင်ငံတွင် နိုင်ငံတော်အစိုးရက တည်ဆောက်ဖွင့်လှစ်ပေးထားသော အဆင့်မြင့်ပညာ၊ နည်းပညာဆိုင်ရာ ဘာသာရပ်အလိုက် အတတ်ပညာများကို နိုင်ငံတကာနှင့် တန်းတူပို့ချသင်ကြားပေးလျက်ရှိသော်လည်း လက်တွေ့အသုံးချသရုပ်ပြကဏ္ဍ၌ နိုင်ငံတကာအဆင့်နှင့် ကွာဟချက်ကို ဖြည့်ဆည်းဆောင်ရွက်နိုင်ပါက ကျောင်းသား ကျောင်းသူများအနေဖြင့် စိတ်ဝင်စားမှုနှင့် တတ်မြောက်ကျွမ်းကျင်မှု မြင့်မားလာပြီး ပင်ကိုဉာဏ်ကောင်းမွန်မှုကြောင့် အခြားနိုင်ငံများထက်ပင် ကျွမ်းကျင်သူများ၊ ပညာရှင်များ ပိုမိုပေါ်ထွက်လာနိုင်သည်။ သို့ဖြစ်ရာ စီးပွားရေးအရ အားနည်းချက်များ ရှိနေရခြင်းမှာ စီးပွားရေးလုပ်ဆောင်နိုင်မည့် အတတ်ပညာများ အားနည်းခြင်းကြောင့်ဖြစ်၍ အတန်းပညာကိုအခြေခံပြီး အတတ်ပညာများ သင်ကြားလေ့လာတတ်မြောက်နိုင်အောင် ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ပါကြောင်း။ ။