Skip to main content

ပလတ်စတစ်ညစ်ညမ်းမှုလျှော့ချရေး လူတိုင်းတာဝန်သိစွာ ပူးပေါင်းဆောင်ရွက်

မြို့ပြဒေသများ၊ စက်မှုလက်မှုလုပ်ငန်းများမှ နေ့စဉ်ထွက်ရှိလာနေသည့် စွန့်ပစ်ပစ္စည်းများကို စနစ်တကျစီမံခန့်ခွဲမှု မပြုနိုင်ခြင်းက ပတ်ဝန်းကျင်ညစ်ညမ်းမှုပြဿနာကို ကြီးထွားလာစေသည်။ စွန့်ပစ်ပစ္စည်းအမျိုးမျိုးတို့ကြောင့် သဘာဝပတ်ဝန်းကျင်ညစ်ညမ်းမှုများအနက် ပလတ်စတစ်ညစ်ညမ်းမှုသည်လည်း တစ်ခုအပါအဝင်ဖြစ်ပြီး နေ့စဉ်နှင့်အမျှ ပိုမိုဆိုးရွားလာနေသည့် ပလတ်စတစ်ညစ်ညမ်းမှုမှာ မိမိတို့နိုင်ငံအပါအဝင် ကမ္ဘာတစ်ဝန်းလုံး၌ပါ စိန်ခေါ်မှုတစ်ရပ်ဖြစ်လာ နေသည်။

ပလတ်စတစ်ပစ္စည်းများသည် အန္တရာယ်ကြီးသည်ဟုဆိုသည့်တိုင်အောင် ၎င်း၏များစွာသော အားသာချက်များကြောင့် လူတို့၏ နေ့စဉ်ဘဝများတွင် ပလတ်စတစ်နှင့်ကင်းသည့်အချိန်၊ ပလတ်စတစ်နှင့်ကင်းသည့်နေရာဟူ၍ မရှိသည့်အခြေအနေသို့ ရောက်ရှိလာနေသည်။ ကမ္ဘာတစ်ဝန်း ပလတ်စတစ်ထုတ်လုပ်မှုသည် တစ်ဆက်တည်း မြင့်တက်နေခဲ့ရာ ၂၀၂၃ ခုနှစ်တွင် တန်ချိန် သန်းပေါင်း ၄၀၀ ကျော်သို့ ရောက်ရှိခဲ့သည်။ ယခုအခြေအနေအတိုင်း ဆက်လက်တိုးတက်နေမည်ဆိုပါက ၂၀၅၀ ပြည့်နှစ်တွင် ကမ္ဘာ့ပလတ်စတစ်ထုတ်လုပ်မှုသည် တန်ချိန်သန်းပေါင်း ၁၁၀၀ အထိရောက်ရှိလာနိုင်သည်ဟု ခန့်မှန်းထားကြသည်။

ကမ္ဘာတစ်ခွင် ပလတ်စတစ်ထုတ်လုပ်မှု တိုးတက်လာသလို အထိန်းအကွပ်မဲ့ ပိုမိုသုံးစွဲလာခြင်း၊ စည်းကမ်းမဲ့စွန့်ပစ်ခြင်းတို့ကြောင့် ဆွေးမြည့်ပျက်စီးရန် မလွယ်ကူသည့်ပလတ်စတစ်များမှာ ပတ်ဝန်းကျင် ရေထု၊ မြေထု၊ လေထုများထဲတွင် ပျံ့နှံ့ကာ လူနှင့်တကွ သက်ရှိသတ္တဝါ သားငှက်တိရစ္ဆာန်များအတွက် အန္တရာယ်တစ်ခုဖြစ်လာသည်။ စွန့်ပစ်ပလတ်စတစ်ပစ္စည်းများမှာ နေရောင်ခြည်၊ ရေနှင့် ရာသီဥတုဒဏ်ကို အချိန်ကာလကြာမြင့်စွာခံရပြီး ပြိုကွဲပျက်စီးရာမှထွက်ပေါ်လာသည့် လွန်စွာသေးငယ်လှသော ပလတ်စတစ်အမှုန်အမွှား (Micro- Plastics) များမှာ ပင်လယ်သမုဒ္ဒရာများ၊ မြစ်ချောင်းများ၊ မိုးတိမ်တိုက်များ၊ လေထုနှင့် နှင်းတောင်များမှသည် အစားအစာများနှင့် လူ့ခန္ဓာကိုယ်အစိတ်အပိုင်းများအတွင်းထဲအထိပင် ရောက်ရှိနေပြီဟု လေ့လာရှာဖွေတွေ့ရှိထားကြပြီး မိုက်ခရိုပလတ်စတစ်များ၏ အန္တရာယ်ကို သိပ္ပံပညာရှင်များက သတိပေးထားကြသည်။

မိုက်ခရိုပလတ်စတစ်များသည် အရွယ်အစား ၅ မီလီမီတာထက် ပိုမိုသေးငယ်ပြီး စွန့်ပစ်ပလတ်စတစ်များ ပြိုကွဲပျက်စီးရာမှ ဖြစ်ပေါ်လာခြင်းရှိသလို လူသုံးကုန်များ၊ အလှကုန်များတွင် ထည့်သွင်းအသုံးပြုရန် မူလကပင် မိုက်ခရိုပလတ်စတစ်အဖြစ် ထုတ်လုပ်ခဲ့ခြင်းများလည်း ရှိသည်။ ဓာတုပစ္စည်းများအသုံးပြုထုတ်လုပ်ထားသည့် အဝတ်အထည်များကို လျှော်ဖွပ်ခြင်း၊ မော်တော်ကားတာယာများနှင့် လမ်းတို့ပွတ်တိုက်မှုဖြစ်ပေါ်ခြင်းတို့မှလည်း မိုက်ခရိုပလတ်စတစ်များ ထွက်ပေါ်လာသည်။ မိုက်ခရိုပလတ်စတစ်များသည် အစာကွင်းဆက် များမှတစ်ဆင့် တိရစ္ဆာန်များနှင့် လူများ၏ခန္ဓာကိုယ်များထဲအထိ ရောက်ရှိသွားသည်။

လူတို့၏ခန္ဓာကိုယ်အတွင်း အသက်ရှူလမ်းကြောင်း၊ အဆုတ်၊ သွေးကြောများ၊ တစ်သျှူးများတွင် တွေ့ရှိခဲ့ပြီး ဖြစ်လာနိုင်ဖွယ်ရှိသည့် ကျန်းမာရေးဆိုင်ရာပြဿနာများမှာ အန္တရာယ်ကြီးမားသည်။ သို့ဖြစ်ရာ ပလတ်စတစ်စွန့်ပစ်မှု လျှော့ချနိုင်ရေးအတွက် ထုတ်လုပ်မှုနှင့် သုံးစွဲမှုတို့ လျှော့ချရေး စတင်ကြိုးပမ်းဆောင်ရွက်နိုင်ရန်လိုသည်။ ပလတ်စတစ်ညစ်ညမ်းမှု ထိန်းချုပ်ရေးအတွက် ကဏ္ဍစုံပေါင်းစပ်အကောင် အထည်ဖော်နိုင်ရန် “အမျိုးသားအဆင့် ပလတ်စတစ်စီမံခန့်ခွဲမှု လုပ်ငန်းအစီအစဉ်” ထွက်ပေါ်လာပြီး ကဏ္ဍအလိုက် ပီပီပြင်ပြင်ဆောင်ရွက်ကြသည်နှင့်အမျှ ပလတ်စတစ်ညစ်ညမ်းမှုလည်း လျော့နည်းပပျောက်သွားမည်ဖြစ်သည်။

သဘာဝပတ်ဝန်းကျင်အဆင့်အတန်း တိုးတက်ကောင်းမွန်စေရေးအတွက် ပလတ်စတစ်အပါအဝင် စွန့်ပစ်ပစ္စည်းအမှိုက်သရိုက်များကို စနစ်တကျစွန့်ပစ်ကြရန် လူတိုင်းတွင်တာဝန်ရှိသည်။ မိမိတို့နေထိုင်ရာ ရပ်ရွာပတ်ဝန်းကျင် သန့်ရှင်းသာယာတိုးတက်ကောင်းမွန်စေရန် လူတိုင်းက ကိုယ်စီအသိတရားဖြင့် ဆောင်ရွက်နိုင်ကြသည်နှင့်အမျှ မြို့ပြတစ်ခုလုံး၊ ဒေသတစ်ခုလုံး၊ နိုင်ငံတစ်ဝန်းလုံး ညစ်ညမ်းမှုအမျိုးမျိုးတို့မှ ကင်းဝေးကာ သန့်ရှင်းသာယာလှပလာမည်ဖြစ်ပါကြောင်း။ ။