တောင်ကြီး ဩဂုတ် ၁၅
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ စိုးဝင်းသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် တောင်ကြီးမြို့ရှိ လူမှုဝန်ထမ်းဦးစီးဌာန မူလတန်းကြိုကျောင်းဆောက်လုပ်မည့် မြေနေရာကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ထိုသို့ ကြည့်ရှုစစ်ဆေးစဉ် မူကြိုအရွယ်ကလေးငယ်များ မူကြိုပညာရေးလွှမ်းခြုံနိုင်မှု ရာခိုင်နှုန်းတိုးမြှင့်ပေးရန် မူလတန်းကြိုကျောင်းသစ်တစ်ကျောင်း ထပ်မံတည်ဆောက်ဖွင့်လှစ်သင်ကြားပေးနိုင်ရေး ဝန်ကြီးဌာနနှင့် ပြည်နယ်အစိုးရအဖွဲ့တို့ ညှိနှိုင်းပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေကို ဆွေးနွေးကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် တောင်ကြီးမြို့ မူလတန်းကြိုကျောင်း၌ ကလေးငယ်များ ပျော်ရွှင်ချမ်းမြေ့စွာ လေ့ကျင့်သင်ကြားနေမှုအခြေအနေကို ကြည့်ရှုပြီး ကလေးငယ်များအား မုန့်များ ဝေငှပေးကြသည်။
ယင်းနောက် အေးသာယာမြို့ရှိ ပြည်နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ဦးစီးမှူးရုံးနှင့် ကယ်ဆယ်ရေးပစ္စည်းသိုလှောင်ရုံသို့ သွားရောက်ပြီး ကယ်ဆယ်ထောက်ပံ့ရေးပစ္စည်းများ သိုလှောင်ထားရှိမှု၊ ထောက်ပံ့မှုလုပ်ငန်းများဆောင်ရွက်နေမှု၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးလုပ်ငန်းများဖြစ်သည့် ဇာတ်တိုက်လေ့ကျင့်မှုများ၊ အသိပညာပေးဟောပြောပွဲများ၊ သင်တန်းများ ပြုလုပ်ဆောင်ရွက်မှု၊ လက်ရှိသဘာဝဘေးအန္တရာယ်ဖြစ်ပွားမှုနှင့် ထောက်ပံ့ရေးပစ္စည်းများ သိုလှောင်ရန်မြေနေရာနှင့် သိုလှောင်ရုံလိုအပ်မှုတို့ကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ မှာကြားသည်။
ဆက်လက်၍ ရွှေညောင်မြို့ အမက-ရေပူ ကချင်ကျောင်းတွင် အာဆီယံက လှူဒါန်းသော အလျားပေ ၆၀၊ အနံ ပေ ၃၀ ရှိ Prefabricated ကျောင်းဆောင်ဆောက်လုပ်ပြီးစီးမှုကို ကြည့်ရှုစစ်ဆေးပြီး ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများအား တွေ့ဆုံအားပေးစကားပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်