ပြည်သူ့ကျန်းမာရေးကဏ္ဍတိုးတက်မှသာ ပြည်သူများ၏ ကျန်းမာရေးအဆင့်အတန်း မြင့်မားတိုးတက်ပြီး ကျန်းမာကြံ့ခိုင်သော လူမှုအသိုက်အဝန်းဖြင့် မိမိအကျိုး၊ နိုင်ငံအကျိုးကို ထိရောက်စွာသယ်ပိုးနိုင်မည်ဖြစ်သည်။ ပြည်သူ့ကျန်းမာရေး တိုးတက်စေရန်အတွက် အခြေခံအုတ်မြစ်ဖြစ်သည့် ပြည်သူလူထုအတွင်း ကျန်းမာရေးအသိပညာမြှင့်တင်ရေးနှင့် အခြေခံကျန်းမာရေးစောင့်ရှောက်မှုတို့ကို စဉ်ဆက်မပြတ် ဖြည့်ဆည်းပေးလျက်ရှိသည်။
အခြေခံကျန်းမာရေးစောင့်ရှောက်မှုတွင် အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်များကို နှစ်စဉ်ဩဂုတ်လတွင် ပြုလုပ်လေ့ရှိပြီး ယခုနှစ်ဩဂုတ်လတွင် အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်များ၌ ပထမပတ်တွင် မိခင်နို့စနစ်တကျတိုက်ကြွေးရေးနှင့် ဒုတိယပတ်တွင် ငါးနှစ်အောက်ကလေးများနှင့် ကျောင်းသားလူငယ်များ အာဟာရဖွံ့ဖြိုးရေးတို့ကို ဆောင်ရွက်ခဲ့ပြီး တတိယပတ်တွင် ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ အာဟာရဖွံ့ဖြိုးရေးနှင့် ဩဂုတ်လနောက်ဆုံးပတ်တွင် အိုင်အိုဒင်းချို့တဲ့ရောဂါများ ပပျောက်ရေးတို့ကို ဆောင်ရွက်သွားမည်ဖြစ်သည်။
ကျန်းမာရေးဆိုင်ရာ စံပြုအချက်အလက်များ၌ အစားအစာတို့တွင် ကြွယ်ဝစွာပါဝင်သည့် အာဟာရဓာတ်များ၏ အဓိကအကျိုးပြုမှုအပေါ်မူတည်၍ ကစီဓာတ်၊ အဆီဓာတ်ရှိသော၊ အင်အားဖြစ်စေသော အစားအစာ၊ အသားဓာတ်များပါဝင်သည့် ခန္ဓာကိုယ်ကြီးထွားစေသော အစားအစာနှင့် ဗီတာမင်ဓာတ်၊ သတ္တုဓာတ်၊ ရေဓာတ် တို့ပါဝင်သည့် ရောဂါကာကွယ်စေသော အစားအစာအုပ်စု သုံးမျိုးစလုံးကို အာဟာရမျှတစေရန် နေ့စဉ်စားသုံးသည့် အကြိမ်တိုင်းတွင်ပါဝင်အောင် စားသုံးရမည်ဖြစ်သည်။ ငါးနှစ်အောက်ကလေးများနှင့် ကျောင်းသားလူငယ်များအားလုံးကို အဆိုပါကျန်းမာရေးစောင့်ရှောက်မှုများ ပေးရမည်ဖြစ်သည်။
အာဟာရဓာတ်သည် အသွေး၊ အသား၊ အင်အားတို့ကို ဖြစ်စေတတ်သော ဩဇာဓာတ်ဖြစ်သည်။ သက်ရှိများ ခန္ဓာကိုယ်နှင့် အသက်ရှင်သန်ကျန်းမာစွာနေထိုင် နိုင်ရန်အတွက် လိုအပ်သော ဇီဝဓာတုပစ္စည်းများဖြစ်ပြီး ထိုဓာတ်များကို အစားအစာစားသုံးခြင်းဖြင့် ရရှိနိုင်သည်။ ခန္ဓာကိုယ်ဖွံ့ဖြိုးခြင်း၊ ကိုယ်လက်လှုပ်ရှားသွားလာခြင်း၊ မျိုးဆက်ပွားခြင်း၊ အင်အားဖြစ်စေခြင်းနှင့် ရောဂါကာကွယ်ခြင်းတို့အတွက် အာဟာရဓာတ်အမျိုးမျိုးတို့ကို စုံလင်စွာစားသောက်ကြရပေသည်။ အထူးသဖြင့် သက်ကြီးရွယ်အိုများနှင့် ကလေးသူငယ်များ ကျန်းမာကြံ့ခိုင်စေရန် ခန္ဓာကိုယ်အတွက် လိုအပ်သော အစားအစာများကို ရွေးချယ်စားသုံးတတ်ရန်လိုသည်။
မွေးကင်းစမှ ကလေးအသက်(၆)လပြည့်သည်အထိ မိခင်နို့တစ်မျိုးတည်းကိုသာ တိုက်ကျွေးသင့်သည်။ မိခင်နို့ဦးရည်သည် ကလေးကျန်းမာရေးနှင့်ဖွံ့ဖြိုးရေးအတွက် တန်ဖိုးကြီးမားသဖြင့် အလဟဿမဖြစ်စေရန်လိုအပ်ပါသည်။ မိခင်နို့ကိုပုံမှန်ထက် အကြိမ်ရေပိုတိုက်သင့်သည်။ အသက်(၆)လမှစတင်၍ အာဟာရပြည့်ဝသော ဖြည့်စွက်စာအမျိုးမျိုးကို အသက်အရွယ်အလိုက် စုံလင်အောင်ကျွေးမွေးရင်း မိခင်နို့ကိုအသက်နှစ်နှစ်အထိ တိုက်ကျွေးနိုင်သည်။ ကိုယ်ဝန်ဆောင်မိခင်များနှင့် နို့တိုက်မိခင်များ အာဟာရပြည့်ဝသောအစားအစာများကို ပိုမိုစားသုံးပါ။ အစားမရှောင်ဘဲ မွေးစမှခြောက်လအထိ မိခင်နို့တိုက်ကျွေးနိုင်သည်။ အဆီအမျိုးမျိုး၊ အငန်နှင့် ချိုသောအစာများ ဆင်ခြင်စားသုံးရန်လိုသည်။
အိုင်အိုဒင်းသည် သံဓာတ်၊ ထုံးဓာတ်တို့ကဲ့သို့ပင် သတ္တုအာဟာရတစ်မျိုး ဖြစ်သည်။ ခန္ဓာကိုယ်ပုံမှန်ကြီးထွားရေး၊ ဦးနှောက်ဖွံ့ဖြိုး၍ ဉာဏ်ရည်ထက်မြက်ရေး၊ ခန္ဓာကိုယ်၏ ဇီဝကမ္မလုပ်ငန်းများ ပုံမှန်လည်ပတ်ရေးတို့အတွက် အိုင်အိုဒင်း အာဟာရကို လုံလောက်စွာစားသုံးကြရပါမည်။ ကိုယ်ဝန်ဆောင်မိခင်များ အိုင်အိုဒင်းအာဟာရချို့တဲ့လျှင် ကိုယ်ဝန်ပျက်ကျတတ်ခြင်း၊ ကလေးအသေ မွေးတတ်ခြင်း၊ လမစေ့၊ ပေါင်မပြည့်သောကလေး၊ ဆွံ့အနားမကြားသောကလေး၊ ဉာဏ်ရည်နိမ့်သောကလေး၊ ခြေလက်မသန်စွမ်းသောကလေးများ မွေးဖွားတတ်သည်။ ကလေးများအိုင်အိုဒင်းချို့တဲ့လျှင် ခန္ဓာကိုယ်စံချိန်မီမကြီးထွားနိုင်ဘဲ သေးကွေးပုညှက်နေမည်၊ ဉာဏ်ထိုင်းမည်၊ လည်ပင်းကြီးရောဂါဖြစ်မည်၊ သွက်လက်ဖျတ်လတ်မှုမရှိ ထုံထိုင်းနှေးကွေးမည်ကို သတိပြုရမည်ဖြစ်သည်။
ယခုဩဂုတ်လ၌ မွေးကင်းစမှ အသက် ၁ နှစ် ၆ လအထိ ကလေးငယ်များအား ကာကွယ်ဆေးထိုးနှံခြင်းနှင့် ငါးနှစ်အထိ ကလေးငယ်များအား ဗီတာမင်ဆေး တိုက်ကျွေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြပြီး ဝက်သက်၊ ဂျိုက်သိုး၊ ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်အသားဝါ(ဘီ)၊ ဦးနှောက်အမြှေးရောင် ငါးမျိုးစပ်ကာကွယ်ဆေး၊ ပြင်းထန်အဆုတ်ရောင်ကာကွယ်ဆေးထိုးနှံခြင်း၊ ငါးနှစ်အထိ ကလေးငယ်များကို ပိုလီယိုကာကွယ်ဆေးနှင့် ဗီတာမင်ဆေး တိုက်ကျွေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိရာ ကျန်းမာရေးဝန်ကြီးဌာနက ဆောင်ရွက်ပေးနေသော ရက်သတ္တပတ်အလိုက် ကျန်းမာရေးစောင့်ရှောက်မှုများတွင် ပြည်သူများ ပါဝင်ဆောင်ရွက်ကြပါရန် နှိုးဆော်အပ်ပါကြောင်း။ ။