ရှမ်းပြည်နယ်(မြောက်ပိုင်း) နောင်ချိုမြို့နယ်အတွင်း ဩဂုတ်လ ၁၂ ရက်နေ့တွင် အခြေခံပညာကျောင်း ရှစ်ကျောင်း ထပ်မံဖွင့်လှစ်နိုင်ခဲ့သည့်အတွက် ယနေ့အထိ ကျောင်းသား ကျောင်းသူ ၁၂၈၅ ဦးတို့ ထပ်မံ၍ ကျောင်းအပ်နှံလာခဲ့ကြသည်။ နောင်ချိုမြို့ကို တပ်မတော်က ပြန်လည်ထိန်းချုပ်ခဲ့ပြီး ပတ်ဝန်းကျင်ဒေသများသို့ အောင်မြေချဲ့နိုင်ခဲ့ရာ အကြမ်းဖက်သောင်းကျန်းသူတို့၏ အကြမ်းဖက်လုပ်ရပ်များကြောင့် တစ်နှစ်နီးပါးခန့် ပိတ်ထားခဲ့ရသည့် ကျောင်းများ တစ်ကျောင်းပြီး တစ်ကျောင်း ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ရာ ကျောင်းသား ကျောင်းသူ ကလေးငယ်များ ပညာပြန်လည်သင်ကြားနိုင်ခဲ့ကြသည်။
နောင်ချိုတွင် ဇူလိုင် ၂၅ ရက်မှစ၍ အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်သင်ကြားပေးခဲ့ရာ ဩဂုတ်လ ၁၄ ရက်နေ့အထိ မြို့နယ်အတွင်းရှိ ကျောင်းပေါင်း ၆၁ ကျောင်း ပြန်လည်ဖွင့်လှစ် နိုင်ခဲ့ပြီး ကျောင်းသား ကျောင်းသူ ၈၁၄၆ ဦးတို့ ပညာသင်ကြား နေကြပြီဖြစ်သည်။ အကယ်၍သာ ၎င်းဒေသအတွင်း အကြမ်းဖက်သောင်းကျန်းသူများ ဆက်လက်တည်ရှိနေမည်ဆိုပါက အထက်ပါထောင်နှင့်ချီသော ကလေးငယ်များ၏ ပညာသင်ယူခွင့် အခွင့်အရေးမှာ ဆက်လက်ဆုံးရှုံးနေကြရဦးမည်ဖြစ်သည်။
“ကျောင်းများ ဖွင့်လှစ်သင်ကြားပေးနိုင်မှုနှင့်ပတ်သက်၍ လက်ရှိအချိန်အထိ စာရင်းများအရ တစ်နိုင်ငံလုံးတွင် လက်ရှိကျောင်းတက်ရောက်နေသူဦးရေ ၇ သန်းကျော်ခန့်ရှိသည်ဟု သိရှိရကြောင်း၊ ယခင်နှစ်က ဖွင့်လှစ်သင်ကြားခဲ့သည့် စာသင်ကျောင်းများအနက် ယခုနှစ်တွင် မဖွင့်လှစ်နိုင်သည့် ကျောင်းများရှိသကဲ့သို့ ယခင်နှစ်တွင် ဖွင့်လှစ်နိုင်မှုမရှိခဲ့သည့် ကျောင်းများအနေဖြင့် ယခုနှစ်တွင် ဖွင့်လှစ်နိုင်သည်များလည်းရှိကြောင်း၊ မိမိတို့အနေဖြင့် လက်ရှိဖွင့်လှစ်သင်ကြားနေသည့် ကျောင်းများအား သဘာဝဘေးအန္တရာယ်ကြောင့် မဖြစ်မနေပိတ်ရသည်မှ အပ ကျောင်းပိတ်ရခြင်းများ မရှိစေရေး အလေးထားအားပေးဆောင်ရွက်ရမည်ဖြစ်ကြောင်း” နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်အစည်းအဝေးတွင် အမှာစကားပြောကြားရာ၌ ထည့်သွင်းပြောကြားခဲ့သည်။
ပညာရေးသည် ကျောင်းသား ကျောင်းသူကလေးလူငယ်တစ်ဦးချင်းစီ၏ အနာဂတ်အတွက်ရော နိုင်ငံတော်အတွက်ပါ လွန်စွာအရေးကြီးသည်။ သဘာဝဘေးအန္တရာယ် တစ်စုံတစ်ရာ ကျရောက်ခြင်းကြောင့်ဖြစ်စေ၊ အကြမ်းဖက်လက်နက်ကိုင် သောင်းကျန်းမှုများကြောင့်ဖြစ်စေ ကျောင်းများ ပိတ်ရခြင်းသည် အချိန်ကာလကြာရှည်သည်နှင့်အမျှ နိုင်ငံနှင့် ပြည်သူအားလုံးတို့အတွက် ထိခိုက်နစ်နာစေသည်။ ၂၀၂၄-၂၀၂၅ ခုနှစ်နှင့် ၂၀၂၅-၂၀၂၆ ခုနှစ် ပညာသင်နှစ်များအတွင်း တိုင်းဒေသကြီးနှင့် ပြည်နယ်များအားလုံး ကျောင်းတက်ရောက်သူဦးရေ မပြည့်မီခြင်း၊ တန်းစဉ်ကူးပြောင်းမှုအားနည်းခြင်းများသည် မိမိတို့နိုင်ငံ၏ ပညာရေးပိုင်းအားနည်းနေခြင်းကို ပြသနေသည့်လက္ခဏာများပင်ဖြစ်ရာ ယင်းအတွက် သုတေသနပြုအဖြေရှာ ပြုပြင်ဆောင်ရွက်သွားကြရန်လိုသည်။
နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ပညာသည် အခြေခံအုတ်မြစ်ဖြစ်သည်။ အသိပညာ၊ အတတ် ပညာ၊ တွေးခေါ်မြော်မြင်မှု၊ ကျွမ်းကျင်မှုတို့နှင့် ပြည့်စုံသည့် နိုင်ငံသားတို့၏အားဖြင့် နိုင်ငံကို ပုံဖော်တည်ဆောက်သွားကြရမည်ဖြစ်ရာ ပညာရေးအားကောင်းမောင်းသန် ဖြစ်ရန်လိုသည်။ အကြောင်းအမျိုးမျိုးကြောင့် အားနည်းမှုဖြစ်ပေါ်နေသည့် မိမိတို့ နိုင်ငံ၏ပညာရေးကို မြင့်မားအားကောင်းလာစေရန် အဘက်ဘက်က ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေးကြရမည်ဖြစ်သည်။ သို့ဖြစ်ရာ နိုင်ငံတော်ဖွံ့ဖြိုးရေးအတွက် ပညာရေးကို အားပေးခြင်းသည် နိုင်ငံသားအားလုံး ကျရာကဏ္ဍမှ ထမ်းဆောင်ကြရမည့် တာဝန်တစ်ရပ်ပင် ဖြစ်ပါကြောင်း။ ။