ကလော ဩဂုတ် ၁၃
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းသည် ယနေ့နံနက်ပိုင်းတွင် ကလောမြို့ ကလောချောင်းမြေထိန်းနံရံလုပ်ငန်း ဆောင်ရွက်ထားရှိမှု၊ လူကူးကြိုးတံတားဆောက်လုပ်မည့်နေရာနှင့် ကလောဘူတာရုံပြုပြင်ဆောင်ရွက်နေမှု၊ ကလောချောင်းတစ်လျှောက် သဲနုန်းတူးဖော်နေမှုများကို ကြည့်ရှုစစ်ဆေးသည်။
ကြည့်ရှုအားပေး
ကြည့်ရှုစစ်ဆေးစဉ် ကလောမြို့ သန့်ရှင်းသာယာလှပရေး၊ ရေကြီးရေလျှံမှုမဖြစ်ပေါ်စေရေး ဆောင်ရွက်ရန်နှင့် မြို့နေပြည်သူလူထုပူးပေါင်းပါဝင်ရေး စည်းရုံးဆောင်ရွက်ကြရန် မှာကြားပြီး အောင်ပန်းမြို့ အမက(၈)တွင် AHA Center ၏ ပေါင်းစပ်ညှိနှိုင်းမှုဖြင့် အာဆီယံကလှူဒါန်းထားသော Prefabricated ကျောင်းဆောင် ဆောက်လုပ်ပြီးစီးမှုနှင့် ကျောင်းသား ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားနေမှုကို ကြည့်ရှုအားပေးသည်။
ပြန်လည်ပြုပြင်တည်ဆောက်
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ညောင်ရွှေမြို့နယ် အ.ထ.ကခွဲ(ကေလာ)၌ ယာယီကျောင်းဆောင် ဆောက်လုပ်နေမှုနှင့် ကျောင်းသား ကျောင်းသူများ ပညာသင်ကြားနေမှုများကို ကြည့်ရှုအားပေးပြီး အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ခဲ့သည့် အင်းလေးဖောင်တော်ဦးဘုရား ပြန်လည်ပြုပြင်တည်ဆောက်နေမှုကို ကြည့်ရှုစစ်ဆေးကာ အလှူငွေများ ပေးအပ်လှူဒါန်း၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
သတင်းစဉ်