နေပြည်တော် ဩဂုတ် ၁၃
၂၀၂၄ - ၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသော သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနရှိ ဝန်ထမ်းများ၏ သားသမီးများအား ဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက နေပြည်တော် တက္ကသိုလ်များနယ်မြေ(ရေဆင်း)ရှိ သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ ဒုတိယဝန်ကြီး ဦးမင်းသူ၊ တာဝန်ရှိသူများ၊ ဂုဏ်ထူးရ ကျောင်းသား ကျောင်းသူများနှင့် မိဘများတက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် လူ့စွမ်းအားအရင်းအမြစ်ဖြစ်သည့် မျိုးဆက်သစ်လူငယ်များ၏အခန်းကဏ္ဍသည် အရေးကြီးကြောင်း၊ နိုင်ငံအတွက် ထူးချွန်သောလူငယ်များစွာ ပေါ်ထွန်းလာစေရေးအတွက် ကြိုးစားအားထုတ်မှုကို ယခုကဲသို့ အသိအမှတ်ပြုဂုဏ်ပြုခြင်းဖြစ်ကြောင်း၊ ယခုအောင်မြင်မှုများကိုအခြေခံပြီး ဆက်လက်ကြိုးစားလေ့လာကြရန်နှင့် နည်းပညာဖွံ့ဖြိုးတိုးတက်မှုနှင့်အတူ ကောင်းကျိုး၊ ဆိုးကျိုးများကို ပညာဖြင့်သိမြင်ပြီး အမှားအမှန် ချင့်ချိန်ခွဲခြားအသုံးချတတ်ရန်၊ ကိုယ်ကျင့်တရားကောင်းမွန်ပြီး နိုင်ငံတော်က အားကိုးအားထား ပြုထိုက်သူများဖြစ်အောင် ကြိုးပမ်းကြရန် မှာကြားလိုကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက ငါးဘာသာဂုဏ်ထူးရှင်၊ လေးဘာသာဂုဏ်ထူးရှင်နှင့် သုံးဘာသာဂုဏ်ထူးရှင်များကို ဂုဏ်ပြုလက်မှတ်၊ ဂုဏ်ပြုဆုနှင့် ငွေသားဆုများ ပေးအပ်ချီးမြှင့်ကြပြီး ဆုရကျောင်းသား ကျောင်းသူများကိုယ်စား ကျောင်းသူတစ်ဦးက ကျေးဇူးတင်စကား ပြောကြားသည်။
၂၀၂၄ - ၂၀၂၅ ပညာသင်နှစ်တက္ကသိုလ်ဝင်စာမေးပွဲတွင် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနအနေဖြင့် ငါးဘာသာဂုဏ်ထူးရှင်ရှစ်ဦး၊ လေးဘာသာဂုဏ်ထူးရှင် ၁၄ ဦး၊ သုံးဘာသာဂုဏ်ထူးရှင် ၃၀၊ နှစ်ဘာသာဂုဏ်ထူးရှင် ၂၇ ဦး၊ တစ်ဘာသာဂုဏ်ထူးရှင် ၄၄ ဦးအပါအဝင် စုစုပေါင်းအောင်မြင်သူ ၃၅၈ ဦးဖြစ်ပြီး အောင်ချက်ရာခိုင်နှုန်း ၆၀ ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်