နေပြည်တော် ဩဂုတ် ၁၂
မန္တလေးတက္ကသိုလ် ရာပြည့်သဘင်ကျင်းပရေး မန္တလေးတိုင်းဒေသကြီးအတွင်းရှိ တက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ပညာရေးဒီဂရီကောလိပ်မှ ကျောင်းအုပ်ကြီးများနှင့် တွေ့ဆုံဆွေးနွေးပွဲကို ယနေ့ မွန်းလွဲပိုင်းက နေပြည်တော်ပညာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်၊ ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့် ဦးနေမျိုးလှိုင်၊ တာဝန်ရှိသူများ တက်ရောက်ကြပြီး မန္တလေးတိုင်းဒေသကြီးအတွင်းရှိ တက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများက အွန်လိုင်းမှ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက မန္တလေးတက္ကသိုလ် ရာပြည့်သဘင် အောင်မြင်စွာကျင်းပနိုင်ရေး ပညာရေးဝန်ကြီးဌာန မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တက္ကသိုလ်များ၊ ပညာရေးဒီဂရီကောလိပ်များ၊ မျိုးဆက်သစ်လူငယ် ကျောင်းသား ကျောင်းသူများ၏ ပူးပေါင်းဆောင်ရွက်မှုသည် ပဓာနကျပါကြောင်း၊ မန္တလေးတက္ကသိုလ်ရာပြည့်အထိမ်းအမှတ် မှတ်တမ်းဗီဒီယိုပြုလုပ်ရာတွင် မျိုးဆက်သစ်တက္ကသိုလ် ကျောင်းသား ကျောင်းသူများ၏ ခေတ်အမြင်ကို ထည့်သွင်းဖန်တီးစေလိုသည့်အတွက် ပြိုင်ပွဲပြုလုပ်စေလိုကြောင်း၊ မန္တလေးတက္ကသိုလ်တည်ထောင်မှု နှစ် ၁၀၀ ပြည့် ရာပြည့်သဘင်ကို တစ်သက်တွင် တစ်ကြိမ်သာကျင်းပခွင့်ရရှိသည့်အတွက် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး အကြံပြုဆွေးနွေးကြစေလိုကြောင်း မှာကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးများက မန္တလေးတက္ကသိုလ် ရာပြည့်သဘင် အောင်မြင်စွာကျင်းပနိုင်ရေး တာဝန်ခွဲဝေထားမှုများအတိုင်း ဆောင်ရွက်ရန်နှင့် ဆက်လက်ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များကို အသေးစိတ်ထည့်သွင်းရန် ပြောကြားသည်။
ယင်းနောက် ပညာရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်၊ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ် (မန္တလေး) နှင့် တက္ကသိုလ်ကိုးခုမှ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများက မန္တလေးတက္ကသိုလ် ရာပြည့်သဘင် အောင်မြင်စွာကျင်းပနိုင်ရေး လျာထားခဲ့သည့် အစီအစဉ် ၂၅ ရပ်အပေါ် ဆောင်ရွက်ပြီးစီးမှုများကို ဆွေးနွေးတင်ပြကြရာ ဒုတိယဝန်ကြီးများက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်