Skip to main content

ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း အပြည်ပြည်ဆိုင်ရာရွှေ့ပြောင်းသွားလာရေးအဖွဲ့၏ အာရှ-ပစိဖိတ်ဒေသဆိုင်ရာညွှန်ကြားရေးမှူးအား လက်ခံတွေ့ဆုံ

နေပြည်တော် ဩဂုတ် ၁၂

ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်းသည် အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းသွားလာရေးအဖွဲ့ (International Organization for Migration-IOM) ၏ အာရှ-ပစိဖိတ်ဒေသဆိုင်ရာညွှန်ကြားရေးမှူး Mr. Iori KATO အား ယနေ့ မွန်းလွဲပိုင်းတွင် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

အမြင်ချင်းဖလှယ်ဆွေးနွေး

တွေ့ဆုံစဉ် ဝန်ကြီးဌာနနှင့် IOM တို့အကြား နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးနိုင်ရေးကိစ္စရပ်များ၊ ဝန်ကြီးဌာနနှင့် IOM တို့ ကျန်းမာရေးပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ခဲ့သည်မှာ နှစ်ပေါင်း ၂၀ ခန့်ကြာမြင့်ခဲ့ပြီဖြစ်ရာ ဆက်လက်ပူးပေါင်းဆောင်ရွက်မည့် ကိစ္စရပ်များ၊ ခုခံအားကျကာလသားရောဂါနှင့် တီဘီရောဂါကာကွယ်ကုသရေးလုပ်ငန်းများနှင့် နိုင်ငံတော်က နှစ်စဉ် အေအာတီနှင့် တီဘီရောဂါကုသရေးဆေးဝါးများ ဝယ်ယူပံ့ပိုးပေးလျက်ရှိသည့် ကိစ္စရပ်များ၊ ရွှေ့ပြောင်းလုပ်သားများ၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ပိုမိုတိုးမြှင့်ဆောင်ရွက်ရေးကိစ္စရပ်များ၊ မန္တလေး ငလျင်ဘေးသင့်ဒေသများတွင် စိတ်ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များကို အမြင်ချင်း ဖလှယ်ဆွေးနွေးကြသည်။

တွေ့ဆုံပွဲသို့ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံဆိုင်ရာ IOM ရုံးမှ ကိုယ်စားလှယ်များ၊ ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။

သတင်းစဉ်