Skip to main content

သုတေသနလုပ်ငန်းများ အားကောင်း နိုင်ငံဖွံ့ဖြိုးတိုးတက်မှု မြှင့်တင်ဖော်ဆောင်

ကမ္ဘာပေါ်ရှိ ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံအားလုံးတို့သည် သုတေသနလုပ်ငန်းများကို အလေးထားရင်းနှီးမြှုပ်နှံ ထူထောင်ထားကြသည်။ နိုင်ငံအတွင်းရှိ လုပ်ငန်းနယ်ပယ်အသီးသီးတို့တွင် သုတေသနလုပ်ငန်းကဏ္ဍကို တွဲဖက်ထူထောင်ထားကြပြီး မိမိတို့လုပ်ငန်းအတွက် သုတေသနတွေ့ရှိချက်များကို အစဉ်ဖော်ထုတ်ပြီး လုပ်ငန်းအနာဂတ်မြင့်မားတိုးတက်လာအောင် မြှင့်တင်ဖော်ဆောင်လျက်ရှိရာ ခေတ်နှင့်လျော်ညီစွာ တိုးတက်အောင်မြင်ဖြစ်ထွန်းမှုများ စဉ်ဆက်မပြတ်ရရှိနေသည်ကို တွေ့ရမည်ဖြစ်သည်။

သုတေသနလုပ်ငန်းဆောင်ရွက်မှု၏ တိုးတက်ဖြစ်ထွန်းမှုအကျိုးရလဒ်များကို သိရှိနားလည်ထားကြသဖြင့် နိုင်ငံတိုင်းက အလေးထားလုပ်ဆောင်လျက်ရှိရာတွင် မြန်မာနိုင်ငံအနေဖြင့်လည်း ရှေးအစဉ်အဆက်ခေတ်ကာလများကတည်းက သုတေသနလုပ်ငန်းများကို အသီးသီးဖော်ဆောင်ခဲ့ကြသော်လည်း ရေရှည်တည်တံ့ခိုင်မြဲမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုအပိုင်း အားနည်းမှုအမျိုးမျိုးရှိနေသည်ကို တွေ့ရမည်ဖြစ်သည်။ မြန်မာနိုင်ငံတွင် အင်စတီကျူးရှင်းအားကောင်းသည့် သုတေသနဗဟိုဌာနများရှိခဲ့သည်။ လွန်ခဲ့သည့်အစိုးရလက်ထက်ကာလများက အမျိုးသားအဆင့် သုတေသနမူဝါဒချမှတ်နိုင်ရန် အစပျိုးခဲ့သည်။

သို့သော် အကြောင်းအမျိုးမျိုးဖြင့် အကောင်အထည်ပေါ်မလာခဲ့ပေ။ သုတေသနလုပ်ငန်း အားမကောင်းသည့်အချက်များတွင် ဌာနအဆင့်လျှောကျခြင်း၊ လူသားအရင်းအမြစ်နှင့် ဘတ်ဂျက်အကန့်အသတ်ရှိခြင်း၊ အခွင့်အလမ်းနည်းပါးခြင်း စသည့်အကြောင်းအချက်များပါဝင်သဖြင့် သုတေသနလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တွန်းတင်နိုင်သည့် အင်အားတစ်ရပ်လိုအပ်ခဲ့သည်။ သုတေသနလုပ်ငန်းများတွင် ပညာရေး၊ ကျန်းမာရေး၊ သိပ္ပံနှင့် နည်းပညာကဏ္ဍများသည် အလွန်အရေးပါသည့်ကဏ္ဍများဖြစ်သလို စီးပွားရေးကဏ္ဍများတွင်သာမက စာပေ၊ ယဉ်ကျေးမှု၊ လူမှုရေးကဏ္ဍများတွင်လည်း အရေးကြီးပါသည်။ နယ်ပယ်ကဏ္ဍစုံအတွက် သုတေသနလုပ်ငန်းများကို အခြေပြုဆောင်ရွက်ရာ၌ ပညာရေးကဏ္ဍသည် အလွန် အရေးပါသည့် ဗဟိုချက်ဖြစ်သည်ကို တွေ့မြင်နိုင်သည်။

ယခုအခါ နိုင်ငံတော်အကြီးအကဲ၏ သုတေသနလုပ်ငန်းများအပေါ် တန်ဖိုးထားမှု၊ အားပေးမြှင့်တင်ဆောင်ရွက်မှုတို့ကြောင့် အထူးသဖြင့် ပညာရေးကဏ္ဍနှင့် စီးပွားရေးကဏ္ဍတို့တွင် သုတေသနကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်ဟု သိရသည်။ အာဆီယံနိုင်ငံများတွင် ထိုင်းနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့သည် သုတေသနကဏ္ဍကို ဦးစားပေးဆောင်ရွက်ခဲ့သောကြောင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတွင် အဓိကတွန်းအားတစ်ရပ်ရရှိလာသည်ကို တွေ့မြင်ရသည်။ ဗီယက်နမ်နိုင်ငံအနေဖြင့် ၂၀၀၅ ခုနှစ်မှ ၂၀၁၄ ခုနှစ်အတွင်း သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်ရောင်းချမှုကဏ္ဍစုံအတွက် နိုင်ငံတကာအကူအညီနှင့် နိုင်ငံအထူးပြု ပရောဂျက်များအပြင် သီးသန့်စီမံချက်များဖြင့် အကောင်အထည်ဖော်ခဲ့ရာ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတွင် အဓိကကျသည့် အထောက်အပံ့ကောင်းဖြစ်လာခဲ့သည်။

အလားတူ ထိုင်းနိုင်ငံအနေဖြင့်လည်း ဗီယက်နမ်နိုင်ငံကဲ့သို့ အဆိုပါကဏ္ဍများတွင် အားကောင်းလာအောင် ဆောင်ရွက်နိုင်ခဲ့သည်။ ထိုသို့ပြုလုပ်ရာတွင် နည်းပညာသုတေသန၊ ဈေးကွက်သုတေသနနှင့် မြေပြင်ကွင်းဆင်းဆောင်ရွက်မှုသုတေသနလုပ်ငန်းများစွာတို့ကို ဦးစားပေးအကောင်အထည်ဖော်ခဲ့သည်။ သုတေသနအဖွဲ့အစည်းများ အားကောင်းမှုတွင် သုတေသနမူဝါဒ ခိုင်မာအားကောင်းမှု၊ နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်နိုင်မှု၊ တက္ကသိုလ်သုတေသနများ ပါဝင်ဆောင်ရွက်မှု၊ သုတေသနပညာရှင်များ စုစည်းလေ့ကျင့်ပျိုးထောင်နိုင်မှု၊ ကဏ္ဍအလိုက်၊ ဒေသအလိုက် အမျိုးသားမူဝါဒများ ချမှတ်အကောင်အထည်ဖော်နိုင်မှုများကြောင့် နိုင်ငံဖွံ့ဖြိုးတိုးတက်လာသည်ကို တွေ့ရသည်။

မြန်မာနိုင်ငံအနေဖြင့် သုတေသနလုပ်ငန်းများကို ဦးစားပေးအကောင်အထည် ဖော်လျက်ရှိသော်လည်း စီးပွားရေးကဏ္ဍတွင် နည်းပညာသုတေသန၊ ဈေးကွက်သုတေသနနှင့် မြေပြင်ကွင်းဆင်းဆောင်ရွက်မှု သုတေသနလုပ်ငန်းများတွင် အားနည်းမှုများရှိနေသောကြောင့် စီးပွားရေးဘက်တွင် အဆိုပါနိုင်ငံများနှင့် နှိုင်းယှဉ်လျှင် နောက်ကျန်နေမှုများရှိနေသည်ဟု သုံးသပ်ရှုမြင်ရသည်။ ထို့ကြောင့် ဒေသတွင်းနိုင်ငံများ ဖွံ့ဖြိုးတိုးတက်လာခြင်းသည် နယ်ပယ်စုံ ကဏ္ဍစုံ၌ သုတေသနလုပ်ငန်းများ အားကောင်းလာသည်ကို အခိုင်အမာတွေ့ရှိထားသည်ဖြစ်ရာ မြန်မာနိုင်ငံအနေဖြင့်လည်း လိုအပ်ချက်များ မပြည့်စုံခြင်းကြောင့် သုတေသနလုပ်ငန်းများမလုပ်နိုင်၊ သုတေသနလုပ်ငန်းများ မလုပ်နိုင်သောကြောင့် နိုင်ငံတိုးတက်မှု နှေးကွေးခြင်းမဖြစ်အောင် နယ်ပယ်စုံ ကဏ္ဍစုံ အထူးသဖြင့် စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်အောင် သုတေသနလုပ်ငန်းများကို မြှင့်တင်ဆောင်ရွက်ကြရန် တိုက်တွန်းအပ်ပါကြောင်း။ ။