နေပြည်တော် အောက်တိုဘာ ၂၆
Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီသို့ အလှူငွေပေးအပ်ပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၌ ကျင်းပရာ Coronavirus Disease 2019 (COVID-19) ကာ ကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသား အဆင့် ဗဟိုကော်မတီထံအတွင်းရေးမှူး (၂) ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမြင့်ထွေးက လက်ခံသည်။
ရှေးဦးစွာ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသူက လှူဒါန်းရသည့် အကြောင်းရင်းကို ပြောကြားရာတွင် ပြည်ထောင်စု အစိုးရ အဖွဲ့ရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ဝန်ကြီးဌာနဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများနှင့် စေတနာရှင်များ စုပေါင်းလှူဒါန်း သည့် အလှူငွေကျပ်သိန်း (၂၅၀) ကို မိမိတို့ ဝန်ထမ်းများအနေဖြင့် စေတနာသဒ္ဓါတရားရှိသည့်အလျောက် မည်သူတစ်ဦးတစ်ယောက်၏ တိုက်တွန်းမှုမျှမပါဘဲ တတ်အားသမျှ ဝိုင်းဝန်းစုပေါင်းလှူဒါန်းခဲ့ခြင်း ဖြစ်ပါကြောင်း၊ မိမိဌာန ဝန်ထမ်းတစ်ဦးချင်းစီ၏ စိတ်စေတနာမှ ဖြစ်ပေါ်လာသော အလှူဒါနဖြစ်သောကြောင့် မိမိ ဝန်ထမ်းများအတွက် များစွာဂုဏ်ယူပါကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပညာရေး ဝန်ကြီးဌာနအနေဖြင့် အခြေခံပညာကျောင်းများ၊ နည်းပညာနှင့် သက်မွေးကျောင်း/သိပ္ပံ များ၊ တက္ကသိုလ်များ၊ ဦးစီးဌာနများနှင့် ဝန်ကြီးဌာနမိသားစုများက စေတနာသဒ္ဒါတရား ထက်သန်စွာ ဖြင့် ငွေလှူဒါန်းခြင်း၊ နည်းပညာဆိုင်ရာပစ္စည်း Robot Trolley, Drone with Speaker, Thermometer, Hand Spray စသည်နှင့် အကူအညီပေးအပ်ခြင်း၊ Volunteer လုပ်အားဒါန ပေးခြင်း စသည့်နည်းလမ်းမျိုးစုံဖြင့် ပါဝင်ကူညီ လှူဒါန်းပေးလျက်ရှိပါကြောင်း၊ ယနေ့တွင်လည်း ဝန်ကြီးရုံးနှင့် ဦးစီးဌာနများ၏ စေတနာအလျောက် လှူဒါန်းငွေကျပ် (၁၆၇) သိန်းကို လှူဒါန်းခြင်းဖြစ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ကျေးဇူးတင်စကား ပြောကြားရာတွင် ယခုကဲ့သို့ ဝန်ထမ်းများက မည်သူတစ်ဦး တစ်ယောက်မျှ တိုက်တွန်း ခြင်းမရှိဘဲ မိမိတို့၏စေတနာ အလျောက် လှူဒါန်းခြင်းသည် မွန်မြတ်လှပြီး မိမိအနေဖြင့် ကိုဗစ်-၁၉ နှင့် ပတ်သက်၍ ရှေ့တန်းမှ ဆောင်ရွက်နေသော ဆရာဝန်၊ သူနာပြု၊ ပညာရှင်များနှင့် စေတနာ့ဝန်ထမ်းများအားလုံး၏ ကိုယ်စားလက်ခံခြင်းဖြစ်ပြီး ကျေးဇူးတင်ရှိပါကြောင်း၊ ဤ လှူဒါန်း မှုအပြင် ကိုဗစ်-၁၉ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများတွင် ပြည်ထောင်စု အစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၏ လက်အောက်ရှိ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဘက်စုံ ပံ့ပိုးမှုများသည် ရောဂါကူးစက်မှုများကို ထိန်းချုပ်သွားနိုင်ရန်အတွက် အဓိကကဏ္ဍမှ ပါဝင်သည် ဆိုသည့်အချက်ကို သိရှိစေ လိုပါကြောင်း။
သို့ဖြစ်၍ လက်ကိုင်အသံချဲ့စက်များအသုံးပြုကာ ကျန်းမာရေးအသိပညာပေးနှိုးဆော် ပြောကြား ရာတွင် ဈေးများ၌ ဈေးရောင်းသူများမှ လည်းကောင်း၊ စက်ရုံ/ အလုပ်ရုံများ၌ စက်ရုံအလုပ် သမားများကလည်းကောင်း၊ ရပ်ကွက်/ ကျေးရွာများ၌ ရပ်ကွက်/ကျေးရွာ လူကြီး များနှင့် ဒေသ ဆိုင်ရာ အုပ်ချုပ်ရေးမှူးများမှ လည်းကောင်း၊ ဘုန်းကြီးကျောင်းများ၌ ဘုန်းတော်ကြီးများကလည်းကောင်း အစရှိသည်ဖြင့် ကိုယ်တိုင်ပါဝင်ပြောကြားပါက ပိုမိုထိရောက်ကာ လိုက်နာ ဆောင်ရွက်ကြမည်ဟု ထင်မြင်ပါကြောင်း၊ ပြောကြားရန်အချက်များကိုလည်း ဝန်ကြီးဌာနမှ ရေးသားပြုစုပြီးဖြစ်ပါကြောင်း။
ဤကပ်ရောဂါကူးစက်မှုများ မည်မျှကြာစွာရှိနေမည်ဆိုသည့် အချက်မှာ ပြည်သူများ၏ ပူးပေါင်း ဆောင်ရွက်မှု အတိုင်းအတာ်အပေါ် မူတည်နေပါကြောင်း၊ ပူးပေါင်းဆောင်ရွက်မှု များလျှင်များသလို ရောဂါကူးစက်ဖြစ်ပွားမှု ကာလတိုတောင်းမည်ဖြစ်ပါကြောင်း၊ ကိုဗစ်-၁၉ ကာကွယ်ရေး နည်းလမ်းများသည် အခြားအသက်ရှူလမ်းကြောင်းမှ တစ်ဆင့်ကူးစက်တတ်သော ရောဂါများ ကိုကာကွယ်နိုင်သဖြင့် ယခုကဲ့သို့ ဆောင်းဦးရာသီနှင့် ဆောင်းရာသီတို့တွင် ဖြစ်ပွား ကူးစက်သည့် "ရာသီတုပ်ကွေးရောဂါ" ကိုပါ ကာကွယ်နိုင်မည်ဖြစ်ပါကြောင်း ပြောကြားသည်။
အခမ်းအနားတွင် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် ဝန်ကြီးဌာန ဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ နှင့် စေတနာရှင်များ စုပေါင်း လှူဒါန်းသည့် အလှူငွေကျပ်သိန်း (၂၅၀) နှင့် ပညာရေးဝန်ကြီးဌာန၊ အရာထမ်း၊ အမှုထမ်းများမှ စုပေါင်းလှူဒါန်းငွေကျပ် (၁၆၇) သိန်းတို့ကို ပေးအပ်လှူဒါန်းရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေးက လက်ခံခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)