နေပြည်တော် ဩဂုတ် ၅
ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်သည် ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်းနှင့် ဦးဟန်ဝင်းအောင်၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းက မြန်မာ့စီးပွားရေးဘဏ် (ရုံးချုပ်)၊ နေပြည်တော်နှင့် နေပြည်တော် (ဘဏ်ခွဲ) ၏ လုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး ဘဏ်ဝန်ထမ်းများနှင့် တွေ့ဆုံသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးသည် မြန်မာ့စီးပွားရေးဘဏ်နေပြည်တော်ဘဏ်ခွဲတွင် ဝန်ထမ်းများ ဘဏ်လုပ်ငန်းဆောင်ရွက်နေမှု၊ ဘဏ်သို့ လာရောက်သူများ၏ ငွေသွင်း/ငွေထုတ် ဆောင်ရွက်နေမှု၊ ဘဏ်ရုံးချုပ်အဆောက်အအုံနှင့် ဝင်းအတွင်းရှိ ငလျင်ဒဏ်သင့်အဆောက်အအုံများကြံ့ခိုင်မှုနှင့် လုံခြုံရေးဆောင်ရွက်ထားမှု၊ ဘဏ်ဝင်းအတွင်း ယာယီဆောက်လုပ်ပေးထားသည့် Modular House များတွင် ဝန်ထမ်းများနေထိုင်မှုအခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဘဏ်ဝန်ထမ်းများနှင့်တွေ့ဆုံပြီး မြန်မာ့စီးပွားရေးဘဏ်သည် ပြည်သူများ ယုံကြည်ကိုးစားရသည့် နိုင်ငံပိုင်ဘဏ်ဖြစ်၍ ဘဏ်ဝန်ဆောင်မှုလုပ်ငန်းများကို ဘဏ်လုပ်ငန်းစည်းမျဉ်းစည်းကမ်းများနှင့်အညီ လွယ်ကူလျင်မြန်စွာ ဆောင်ရွက်ရေး၊ ဘဏ်ဝန်ထမ်းများသည် နိုင်ငံ့ဝန်ထမ်းများဖြစ်သည့်အားလျော်စွာ ဝန်ဆောင်မှုလုပ်ငန်းများအား အဂတိတရားကင်းရှင်းစွာ ဆောင်ရွက်ရေး၊ အပ်ငွေများလက်ခံခြင်းနှင့် ချေးငွေများထုတ်ချေးရာတွင် သတ်မှတ်ထားသော ဘဏ်လုပ်ငန်းစည်းမျဉ်းစည်းကမ်းများနှင့်အညီ စနစ်တကျဆောင်ရွက်ရေး၊ ပြည်သူများက ယုံကြည်အားထားရသည့် ဘဏ်ဖြစ်သည့်အားလျော်စွာ Core Banking စနစ် အကောင်အထည်ဖော်ရေးကဲ့သို့သော ခေတ်မီဘဏ်လုပ်ငန်းစနစ်များ ကျင့်သုံးနိုင်အောင် ကြိုးပမ်းဆောင်ရွက်ခြင်းဖြင့် ဘဏ်သို့လာရောက်ဆက်သွယ်ကြသူများအား ဘဏ်လုပ်ငန်းဝန်ဆောင်မှုများကို လွယ်ကူချောမွေ့လျင်မြန်စွာ ဖြည့်ဆည်းဆောင်ရွက်ပေးခြင်းဖြင့် နိုင်ငံပိုင်ဘဏ်အပေါ်ထားရှိသည့် ပြည်သူများ၏ ယုံကြည်မှုကို ပိုမိုမြင့်မားစေရေး၊ ငလျင်ဒဏ်ကြောင့် ဘဏ်အဆောက်အအုံများ ထိခိုက်ပျက်စီးမှုများရှိခဲ့ရာတွင် ဘဏ်များ၏ ဥပဓိရုပ်ကောင်းမွန်မှုကို ဦးစားပေးဆောင်ရွက်ရေးမှာကြားသည်။
ယင်းနောက် ဒုတိယဝန်ကြီးက ဘဏ်စာရင်းများကို ဘဏ်လုပ်ငန်းစည်းမျဉ်းစည်းကမ်းများနှင့်အညီ စနစ်တကျရေးသွင်းဆောင်ရွက်ရေးနှင့် ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဘဏ်အဆောက်အအုံများကို ပြန်လည်တည်ဆောက်နိုင်ရေးရှင်းလင်းတင်ပြသည်။
ဆက်လက်၍ မြန်မာ့စီးပွားရေးဘဏ်၊ ဦးဆောင်ညွှန်ကြားရေးမှူးက မြန်မာ့စီးပွားရေးဘဏ်၏ လက်ရှိဆောင်ရွက်နေမှု၊ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဘဏ်အဆောက်အအုံများကို ပြန်လည်တည်ဆောက်ရေး၊ ခေတ်မီဘဏ်လုပ်ငန်းစနစ်များဖြင့် ဘဏ်နှင့်ဆက်သွယ်သူ ပြည်သူများအား ဝန်ဆောင်မှုလုပ်ငန်းများ ပိုမိုဖြည့်ဆည်းပေးနိုင်အောင် ဆောင်ရွက်ရေးရှင်းလင်းတင်ပြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဘဏ်ဝင်းအတွင်း တည်ဆောက်ထားသော ရုံးအဆောက်အအုံများ၊ ဘဏ်ပြတိုက်နှင့် ယာယီဆောက်လုပ်ပေးထားသည့် Modular House များတွင် ဝန်ထမ်းများ နေထိုင်မှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းနှင့် မှီခိုသူမိသားစုဝင်များ ကူးစက်ရောဂါများ မဖြစ်ပွားစေရေး၊ လျှပ်စစ်မီး၊ သောက်သုံးရေနှင့် မိလ္လာစနစ်များ ကောင်းမွန်ရေး၊ အမှိုက်များကို စနစ်တကျသိမ်းဆည်းစွန့်ပစ်ရေး ကြီးကြပ်ကွပ်ကဲဆောင်ရွက်ရန် မှာကြားသည်။
သတင်းစဉ်