Skip to main content

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန (၄)နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားကျင်းပ

နေပြည်တော် ဩဂုတ် ၃

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန (၄)နှစ်မြောက်နှစ်ပတ်လည်နေ့အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း (Gold Camp)ရှိ (Gold Medal Hall)၌ ကျင်းပရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးထိန်လင်း၊ ဦးဇင်မင်းထက်နှင့် ဦးဖြိုးဇော်စိုး၊ တာဝန်ရှိသူများ၊ အရာထမ်း၊ အမှုထမ်းများ၊ ဝန်ထမ်းများနှင့် ၎င်းတို့၏ သားသမီးများတက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက ဝန်ကြီးဌာနများအနက် တိုင်းတစ်ပါးမြေတွင် အမိမြန်မာနိုင်ငံ၏အလံကို အခြားနိုင်ငံအလံများ၏အထက်ထိ လွှင့်ထူနိုင်အောင် ဆောင်ရွက်နိုင်သည့် ဝန်ကြီးဌာနသည် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနဖြစ်၍ ဂုဏ်ယူတတ်ကြရန်လိုကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေး၊ နိုင်ငံတော်၏ အားကစားအဆင့်အတန်းတိုးတက်မြင့်မားရေး၊ အရှေ့တောင်အာရှ၊ အာရှနှင့်ကမ္ဘာ့နိုင်ငံများအကြား အဆင့်မြင့်မြင့် ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရရှိရေးတို့ကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လွှမ်းခြုံအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့ဝန်ကြီးဌာန လုပ်ငန်းတာဝန်များ ကြီးမားကျယ်ပြန့်သည်နှင့်အညီ မကြာမီ ထိုင်းနိုင်ငံ၌ကျင်းပမည့် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် အမိနိုင်ငံ၏ဂုဏ်ကို မြှင့်တင်ပေးနိုင်ရေး သက်ဆိုင်ရာကဏ္ဍအလိုက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန်နှင့် နိုင်ငံ့သားကောင်းပီသစွာဖြင့် ဝန်ထမ်းစည်းမျဉ်း၊ စည်းကမ်းများကို လေးစားလိုက်နာပြီး မိသားစုစိတ်ဓာတ်ဖြင့် စည်းလုံးပျော်ရွှင်စွာ ကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားသည်။

ထို့နောက် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် တက်ရောက်လျက်ရှိသည့် ဝန်ထမ်းသား/သမီးများအတွက် ပညာသင်ထောက်ပံ့ကြေးများ၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူးဖြင့်အောင်မြင်ခဲ့ကြသူများ၊ ပြည်တွင်း/ ပြည်ပသင်တန်းများ၊ ဆွေးနွေးပွဲများ၊ ဘာသာရပ်အလိုက် ထူးချွန်ဆုရရှိခဲ့သည့် ဝန်ထမ်းများ၊ အပြည်ပြည်ဆိုင်ရာ ဖိတ်ခေါ်အားကစားပြိုင်ပွဲများတွင် အားကစားနည်းအလိုက် ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ဆုတံဆိပ်ရရှိခဲ့ကြသူများကို ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးများနှင့် ညွှန်ကြားရေးမှူးချုပ်များက ပညာသင်ထောက်ပံ့ကြေးများ၊ ဂုဏ်ပြုဆုတံဆိပ်များ၊ ဂုဏ်ပြုမှတ်တမ်းလွှာများနှင့် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြပြီး (၄)နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ်အဖြစ် ဝန်ထမ်းများအား အမှတ်တရလက်ဆောင်များ ကံစမ်းမဲဖောက်ပေးသည်။

ညနေပိုင်းတွင် ပျော်ပွဲရွှင်ပွဲအစီအစဉ်အဖြစ် မြဝတီတေးဂီတအဖွဲ့မှ သီဆိုဖျော်ဖြေပြီး ဝန်ထမ်းများ၏ သီချင်းဆိုပြိုင်ပွဲနှင့် ဆုရရှိသူများအား ဆုချီးမြှင့်ပွဲများကို ဆက်လက်ကျင်းပခဲ့ကြောင်း သိရသည်။

သတင်းစဉ်