နေပြည်တော် ဇူလိုင် ၂၉
ပြန်ကြားရေးဝန်ကြီးဌာနရှိ ရုံးစာကြည့်တိုက်များနှင့် စာကြည့်တိုက်ကော်မတီအတွက် မြန်မာနိုင်ငံဘူမိသိပ္ပံအသင်းက ရန်ကုန်တက္ကသိုလ်ဘူမိဗေဒဌာနပါမောက္ခ၊ ဌာနမှူး (ငြိမ်း)ဆရာကြီး ဒေါက်တာသိန်းရေးသားသည့် မြန်မာပြည်နှင့် ငလျင်၊ မြန်မာ့ငလျင်ဘေးလျှော့ချရေး အသိပညာစာအုပ်များ ပေးအပ်လှူဒါန်းပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ပေးအပ်လှူဒါန်းပွဲသို့ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ဒုတိယဝန်ကြီး ဦးရဲတင့်၊ အမြဲတမ်းအတွင်းဝန်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ဘူမိသိပ္ပံအသင်းမှဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ မြန်မာနိုင်ငံဘူမိသိပ္ပံအသင်းဥက္ကဋ္ဌ ဒေါက်တာစုံဟန်က မတ် ၂၈ ရက်တွင် လှုပ်ခတ်ခဲ့သည့် မန္တလေးငလျင်ကြီးကြောင့် ထိခိုက်မှုများပြားခဲ့ သည့်အတွက် ပြည်သူများ ငလျင်အကြောင်းသိရှိရန်၊ ငလျင်နှင့်ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်နှင့် အသိပညာများရရှိပြီး ငလျင်ဘေးအန္တရာယ်လျော့ကျစေရန်ရည်ရွယ်၍ လှူဒါန်းရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ဆရာကြီးဒေါက်တာသိန်းရေးသားသည့် ယခုစာအုပ်သည် ငလျင်နှင့်ပတ်သက်သော အသိပညာဗဟုသုတများရရှိစေသည့် စာအုပ်ကောင်း တစ်အုပ်ဖြစ်ပါကြောင်း၊ ယခုကာလနှင့်လိုက် လျောညီထွေဖြစ်သည့်အပြင် အနာဂတ်အတွက်လည်း အကျိုးရှိစေမည်ဖြစ်ရာ စာကြည့်တိုက်များတွင် ထားရှိသင့်သည့် စာအုပ်တစ်အုပ်ဖြစ်ပါကြောင်းနှင့် ယခုကဲ့သို့ တန်ဖိုးရှိသောစာအုပ်များ လာရောက်လှူဒါန်းသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။
ယင်းနောက် မြန်မာနိုင်ငံဘူမိသိပ္ပံအသင်းဥက္ကဋ္ဌက မြန်မာပြည်နှင့် ငလျင်၊ မြန်မာ့ငလျင်ဘေးလျှော့ချရေး အသိပညာစာအုပ် ၄၀၀ ကို ပေးအပ်လှူဒါန်းရာ ပြည်ထောင်စုဝန်ကြီးက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။
ဆရာကြီးဒေါက်တာသိန်းရေးသားသော မြန်မာပြည်နှင့်ငလျင်၊ မြန်မာ့ငလျင်ဘေးလျှော့ချရေး အသိပညာစာအုပ်ကို မြန်မာနိုင်ငံဘူမိသိပ္ပံအသင်းက ပြန်လည်ရိုက်နှိပ်ပြီး ပြန်ကြားရေးဝန်ကြီးဌာနရှိ ရုံးစာကြည့်တိုက်များနှင့် စာကြည့်တိုက်ကော်မတီအတွက် ပေးအပ်လှူဒါန်းခြင်းဖြစ်ရာ စာအုပ်များကို သက်ဆိုင်ရာစာကြည့်တိုက်များသို့ ဆက်လက် ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်