နေပြည်တော် ဇူလိုင် ၂၆
ရှမ်းပြည်နယ် တောင်ကြီးမြို့နယ် အမှတ် (၂) သံမဏိစက်ရုံ (ပင်းပက်) ရှိ လေသန့်စင်အလုပ်ရုံတွင် တပ်ဆင်ထားရှိသည့် Air Compressor များ စမ်းသပ်လည်ပတ်မောင်းနှင်ခြင်း အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် အဆိုပါစက်ရုံ၌ ကျင်းပသည်။
အခမ်းအနားသို့ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ပြည်နယ်ဝန်ကြီးများ၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဗဟိုဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေး၊ စက်မှုဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ရုရှားနိုင်ငံ TPE Co., Ltd. မှ အင်ဂျင်နီယာချုပ်၊ AGS Co., Ltd. မှ ညွှန်ကြားရေးမှူးချုပ်၊ Rostec မှ ကိုယ်စားလှယ်နှင့် ကျွမ်းကျင်ပညာရှင်များ တက်ရောက်သည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးသည် လေသန့်စင်အလုပ်ရုံတွင် တပ်ဆင်ထားရှိသည့် Air Com-pressor အမှတ် (၁) အား ထိန်းချုပ်ခန်းမှ ခလုတ်နှိပ်၍ စမ်းသပ်လည်ပတ်မောင်းနှင်ပြီး Air Compressor လည်ပတ်နေမှုအခြေအနေတို့ကို လှည့်လည်ကြည့်ရှုအားပေးကာ Air Com-pressor အမှတ် (၂) အား စမ်းသပ်လည်ပတ်မောင်းနှင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်သည်။
အစီအစဉ် ဒုတိယပိုင်းကို စက်ရုံစုပေါင်းစားရိပ်သာ၌ ဆက်လက်ကျင်းပရာ ပြည်ထောင်စုဝန်ကြီးက အမှတ် (၂) သံမဏိစက်ရုံ (ပင်းပက်) စီမံကိန်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နိုင်ရေးအတွက် TPE မှ အဆိုပြုသော သတ်မှတ်ချက် (၃) ခုဖြင့် ဆောင်ရွက်ရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသို့ တင်ပြခွင့်ပြုချက်ရရှိထားပြီးဖြစ်၍ သတ်မှတ်ချက် (၁) ဖြစ်သည့် လေသန့်စင်အလုပ်ရုံလည်ပတ်နိုင်ရေးကို စတင်ဆောင်ရွက်ခဲ့ကြောင်း၊ လေသန့်စင်အလုပ်ရုံအနေဖြင့် တပ်ဆင်စက်စွမ်းအားအရ တစ်နာရီလျှင် အောက်ဆီဂျင်ဓာတ်ငွေ့ ၂၀၀၀၀ မှ ၄၀၀၀၀ Nm3 ( Normal Cubic Meter ) နှင့် နိုက်ထရိုဂျင်ဓာတ်ငွေ့ ၄၀၀ မှ ၁၂၀၀ Nm3 ထုတ်လုပ်နိုင်မည်ဖြစ်ပြီး ရိုမက်သံရည်ကျိုအလုပ်ရုံလည်ပတ်ရန်အတွက် တစ်နာရီလျှင် အောက်ဆီဂျင် ဓာတ်ငွေ့ ၃၃၀၀၀ Nm3 နှင့် နိုက်ထရိုဂျင် ဓာတ်ငွေ့ ၂၁၈ Nm3 သာ လိုအပ်မည်ဖြစ်သောကြောင့် လုံလောက်စွာ ထုတ်လုပ်ပေးနိုင်မည်ကို တွေ့ရှိရကြောင်း။
လေသန့်စင်အလုပ်ရုံပြန်လည် လည်ပတ်နိုင်ရန်အတွက် TPE Co., Ltd. မှ ပညာရှင် တစ်ဦးနှင့် AGS Co., Ltd. မှ ပညာရှင်ကိုးဦးတို့ဖြင့် ၂၀၂၅ ခုနှစ် မေ ၁၂ ရက်မှစ၍ တပ်ဆင်ထားရှိသည့် စက်ပစ္စည်းကိရိယာများကို စစ်ဆေးခြင်း၊ တပ်ဆင်ခြင်းလုပ်ငန်းများကို စက်ရုံရှိ ကျွမ်းကျင်အင်ဂျင်နီယာများနှင့် ပူးပေါင်းကြိုးပမ်းအားထုတ်မှုကြောင့် ယခုအခါ လေသန့်စင်အလုပ်ရုံ၏ အဓိကအစိတ်အပိုင်းဖြစ်သည့် Air Compressor များကို အောင်မြင်အောင် စမ်းသပ်လည်ပတ်နိုင်ခြင်းဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ TPE Co., Ltd. မှ အင်ဂျင်နီယာချုပ် Mr. SENIN၊ AGS Co., Ltd. မှ ညွှန်ကြားရေးမှူးချုပ် Mr. KONEV နှင့် Rostec မှ ကိုယ်စားလှယ် Mr. VLADISLAV တို့က လေသန့်စင်အလုပ်ရုံ အောင်မြင်စွာလည်ပတ်နိုင်ရေးအတွက် ဆောင်ရွက်ခဲ့မှု၊ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေတို့ကို ရှင်းလင်းတင်ပြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် အမှတ် (၂) သံမဏိစက်ရုံ (ပင်းပက်) စီမံကိန်း Air Com-pressor များ စမ်းသပ်လည်ပတ်မောင်းနှင်နိုင်မှု အထိမ်းအမှတ် အမှတ်တရလက်ဆောင်ကို ပေးအပ်ကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် အမှတ် (၂) သံမဏိ စက်ရုံ (ပင်းပက်) ရှိ ဝန်ထမ်းများကို ဂုဏ်ပြုဆုငွေ ကျပ်သိန်း ၅၀ ပေးအပ်ရာ စက်ရုံမှူးက လက်ခံရယူပြီး နိဂုံးချုပ်အမှာစကားပြောကြားသည်။
အမှတ် (၂) သံမဏိစက်ရုံ (ပင်းပက်) စီမံကိန်းရှိ စီမံကိန်းလုပ်ငန်းများကို ၂၀၂၁ ခုနှစ် အောက်တိုဘာ ၄ ရက်တွင် ပြန်လည်စတင်ခဲ့ပြီး စက်ရုံရှိ အလုပ်ရုံ ၁၉ ရုံအား စက်စမ်းသပ်လည်ပတ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ပြီးဖြစ်ကြောင်းနှင့် အမှတ် (၂) သံမဏိစက်ရုံ (ပင်းပက်) စီမံကိန်းအား ၂၀၂၆ ခုနှစ် နိုဝင်ဘာလတွင် အပြီးသတ်ဆောင်ရွက်ကာ စက်ရုံစတင်လည်ပတ်ထုတ်လုပ်နိုင်ရေးရည်မှန်းချက်ထား ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်