ပင်လယ်ကွေ့အာရပ်နိုင်ငံများတွင် တောင်အာရှ၊ အရှေ့တောင်အာရှနှင့် အာဖရိကနိုင်ငံများမှ လာရောက်၍ အိမ်အကူအလုပ်လုပ်ကိုင်နေသည့် အမျိုးသမီးများတွင် မြန်မာအမျိုးသမီးများလည်း ပါဝင်သည်။ ဒူဘိုင်း (ယူအေအီး)၊ အိုမန်၊ အီရတ်စသည့် နိုင်ငံများဆီသို့ ရောက်ရှိသွားကြသည့် မြန်မာအမျိုးသမီးများထံမှ တညီတညွတ်တည်းဆိုသလို ထွက်လာသည့် စကားသံများမှာ နောက်ထပ် မြန်မာအမျိုးသမီးများ မလာကြပါနှင့်ဟူ၍ဖြစ်သည်။ ပြီးခဲ့သည့် ရက်သတ္တပတ်အနည်းငယ်အတွင်းကလည်း အိုမန်နိုင်ငံရှိ ပွဲစားရုံးမှ ရုံးထိုင်မြန်မာအမျိုးသမီးတစ်ဦးကို အိမ်အကူအလုပ်လုပ်ကိုင်သူ မြန်မာအမျိုးသမီးတစ်ဦးက သတ်သည့် ဖြစ်စဉ်တစ်ခုလည်း ဖြစ်ပေါ်ခဲ့သည်။
ပင်လယ်ကွေ့အာရပ်နိုင်ငံများတွင် အိမ်အကူအလုပ်လုပ်ကိုင်နေကြသည့် နိုင်ငံရပ်ခြားမှ အမျိုးသမီးနှစ်သန်းခန့်ရှိနေရာ ရွှေ့ပြောင်းအလုပ်သမားဆိုင်ရာ အဖွဲ့အစည်းတစ်ခု၏ စစ်တမ်းအရ ရာနှုန်းပြည့်နီးနီးမှာ လူကုန်ကူးမှု၏ သားကောင်များဖြစ်နေသည်ကို တွေ့ရသည်ဟုဆိုသည်။ အိမ်အကူများ ကြုံတွေ့ကြရသည့် ပြဿနာများမှာ နေ့စဉ်အလုပ်ချိန် ၁၇ နာရီမှ နာရီ ၂၀ ကျော်အထိ အလုပ်လုပ်ကိုင်ကြရခြင်း၊ လုပ်အားခမပေးခြင်းနှင့် ခေါင်းပုံဖြတ်ခြင်း၊ ပိတ်လှောင်ခံရခြင်း၊ တစ်နေ့လျှင် ထမင်းတစ်နပ်မျှသာ ကျွေးခြင်းတို့အပြင် အချို့မှာ အိမ်ရှင်၏ လိင်ပိုင်းဆိုင်ရာ ကိုယ်ထိလက်ရောက် နှောင့်ယှက်မှုတို့ကိုလည်း ကြုံတွေ့ကြရသည်ဟု ဆိုကြသည်။
ချင်း၊ ကချင်၊ ရခိုင်၊ ပအိုဝ်းစသည့် တိုင်းရင်းသူများအပါအဝင် မြန်မာနိုင်ငံ အနှံ့အပြားမှ မြန်မာအမျိုးသမီးများမှာ လူမှုကွန်ရက်များတွင် တွေ့ရှိရသည့် လူခေါ်ပွဲစားများ၏ မက်လုံးပေးမှုများအပေါ် ယုံကြည်ခြင်း၊ လတ်တလောကုန်ကျစရိတ်မလိုဘဲ ပတ်စ်ပို့၊ ဗီဇာစသည်တို့ကို အေးဂျင့်များက စီစဉ်ပေးပြီး ပထမဆုံးနှစ်လစာကို အေးဂျင့်သို့ ပေးရခြင်း၊ အသက်မပြည့်သေးသည့် အမျိုးသမီးငယ်များအတွက်လည်း အိမ်ထောင်စုစာရင်း၊ မှတ်ပုံတင် အတုလုပ်ရပြီး စာအုပ်လုပ်ရခြင်းကြောင့်ဟုဆိုကာ အေးဂျင့်ကို သုံးလစာပေးရခြင်းစသည်တို့ကြောင့် စင်ကာပူ၊ ကိုရီးယား၊ မလေးရှားစသည့် နိုင်ငံများထက် လွယ်လွယ်ကူကူ လျင်လျင်မြန်မြန် သွားရောက်နိုင်သည့် ပင်လယ်ကွေ့နိုင်ငံများသို့ သွားရောက်ကြခြင်းလည်းဖြစ်သည်။ သွားရောက်ကြသူ မြန်မာမိန်းကလေးအားလုံးလိုလိုမှာ ပြည်ပဗဟုသုတ အတွေ့အကြုံမရှိကြသည့်အပြင် မိမိဘယ်နိုင်ငံသို့ သွားနေသည်၊ မည်သည့်နေရာဒေသသို့ ရောက်နေသည်ကိုပင် မသိကြသူများလည်း ရှိနေသည်ဟု သိရသည်။
ပွဲစားများက ပို့သည့်နိုင်ငံသို့ ရောက်ရှိပြီးသည့်နောက်တွင် ပတ်စ်ပို့နှင့် သက်သေအထောက်အထားများကို သိမ်းယူထားလိုက်ပြီးနောက်တွင် အလုပ်လုပ်ကိုင်မည့် အမျိုးသမီးများမှာ ၎င်းတို့စိတ်တိုင်းကျ ခြယ်လှယ်ခံရသည့်ဘဝကို ကျရောက်သွားကြရသည်။ အလုပ်အကိုင်နှင့် နေထိုင်စားသောက်မှု အဆင်မပြေခြင်းများနှင်စပ်လျဉ်း၍ အေးဂျင့်များက တာဝန်ယူဆောင်ရွက်ပေးမှုမရှိသည့်အပြင် မြန်မာနိုင်ငံသို့ ပြန်မည်ဆိုပါကလည်း အေးဂျင့်များက လျော်ကြေးငွေကျပ် သိန်း ၉၀၊ ၁၀၀ စသည်ဖြင့် ပြန်တောင်းကြခြင်းကြောင့် ဒုက္ခအခက်အခဲများစွာ ရင်ဆိုင်ကြုံတွေ့ကြရသည်ဟုလည်း ဆိုသည်။
ကမ္ဘာပေါ်တွင် လူကုန်ကူးမှုသည် ပုံသဏ္ဌာန်အမျိုးမျိုး၊ နည်းလမ်းအမျိုးမျိုးဖြင့် ဖြစ်ပွားနေခြင်းဖြစ်ပြီး လူကုန်ကူးမှုပြဿနာမှာ ပိုမို၍များပြားလာသလို ပို၍လည်းအန္တရာယ်ကြီးလာနေသည်ဟုဆိုသည်။ လူကုန်ကူးမှုပုံစံများတွင် အဓမ္မအလုပ်ခိုင်းစေမှု၊ လိင်ပိုင်းဆိုင်ရာခေါင်းပုံဖြတ်မှု၊ ကြွေးမြီဖြင့်နှောင်ဖွဲ့စေခိုင်းမှု၊ ခေတ်သစ်ပုံစံ ကျွန်ပြုမှုတို့ ပါဝင်နေပြီး လူအချင်းချင်း စာနာမှုကင်းမဲ့စွာ ခေါင်းပုံဖြတ်မှု၊ လူ့အခွင့်အရေးချိုးဖောက်မှုဖြစ်သည်။ အချို့လူကုန်ကူးမှုများမှာ နှစ်ဦးနှစ်ဖက်သဘောတူမှု၊ အုပ်ထိန်းသူများ၏ သဘောတူမှုတို့ကြောင့် လူကုန်ကူးမှုတို့ အထမြောက်အောင်မြင်သွားသည်များလည်း ရှိနေသည်။
ပင်လယ်ကွေ့အာရပ်နိုင်ငံများတွင် အိမ်အကူအလုပ်အကိုင်များနှင့်စပ်လျဉ်း၍ အဆင်မပြေမှုများ၊ ကူကယ်သူမဲ့ဖြစ်နေမှုများကြောင့် လွန်ခဲ့သည့်နှစ်များအတွင်းကပင် နီးစပ်ရာ မြန်မာကောင်စစ်ဝန်ရုံးက ကူညီကယ်ဆယ်ရခြင်း၊ ဖြေရှင်းဆောင်ရွက်ပေးရခြင်းများ ရှိနေခဲ့ပြီး အသိပညာပေးမှုများလည်း ရှိနေသည်ဖြစ်ရာ မြန်မာအမျိုးသမီးများအနေဖြင့် လူမှုကွန်ရက်များ၊ ပွဲစားများ၏ ပြည်ပအလုပ်အကိုင်ခေါ်ယူမှုများအပေါ် ပိုင်းခြားစိစစ်ဆင်ခြင်နိုင်ကြပါစေကြောင်း။ ။