နေပြည်တော်၊ အောက်တိုဘာ ၂၂
အကြိမ် (၂၀) မြောက် အာဆီယံ အပေါင်းသုံး လယ်ယာစိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာ ဝန်ကြီးများအဆင့် အစည်းအဝေးကို အောက်တိုဘာ ၂၁ ရက် မွန်းလွဲပိုင်းက Blue Jeans Application အသုံးပြု၍ Virtual Meeting ဖြင့် ကျင်းပသည်။
အစည်းအဝေးတွင် ကမ္ဘောဒီးယားနိုင်ငံ စိုက်ပျိုးရေး၊ သစ်တောနှင့် ရေလုပ်ငန်းဝန်ကြီးဌာန ဝန်ကြီး Veng Sakhon က သဘာပတိအဖြစ် ဆောင်ရွက်ပြီး အာဆီယံအဖွဲ့ဝင် (၁၀) နိုင်ငံနှင့် အပေါင်းသုံးနိုင်ငံဖြစ်သည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဂျပန်နိုင်ငံနှင့် ကိုရီးယားသမ္မတနိုင်ငံတို့မှ စိုက်ပျိုးရေးဝန်ကြီးများ ပါဝင်တက်ရောက်ခဲ့ကြပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက ဆွေးနွေးပြောကြားရာတွင် အာဆီယံ အပေါင်းသုံး အရေးပေါ် ဆန်အရန်ရိက္ခာ သဘောတူညီချက်၏ အစီအစဉ် (၃) အရ ဂျပန်နိုင်ငံအစိုးရက မြန်မာနိုင်ငံသို့ လှူဒါန်းသည့် ဆန်တန်ချိန် မက်ထရစ် တန် ၃၀၀ နှင့် အသင့်စားဆန် (၂) တန် လှူဒါန်းခြင်း၊ ကိုရီးယားသမ္မတနိုင်ငံက ဆန်တန်ချိန် မက်ထရစ်တန် ၆၀၀ လှူဒါန်းခြင်းတို့အပေါ် ကျေးဇူးတင်ရှိပါကြောင်း ထည့်သွင်းပြောကြားသည်။
အဆိုပါအစည်းအဝေးတွင် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် စားနပ်ရိက္ခာဖူလုံရေး၊ အစားအစာဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် အာဟာရပြည့်ဝစေရေး၊ ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေးနှင့် အာဆီယံ အပေါင်းသုံး နိုင်ငံများအကြား စားနပ်ရိက္ခာဖူလုံမှု သေချာစေရေး၊ စားနပ်ရိက္ခာအရန်ထားရှိမှုနှင့် အာဆီယံ အပေါင်းသုံး အရေးပေါ်ဆန်အရန်ရိက္ခာအစီအစဉ်ဖြင့် ပူးပေါင်းဆောင်ရွက်ရေး၊ တုံ့ပြန်ဆောင်ရွက်နေသည့်နည်းလမ်းများနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။
အာဆီယံနှင့်အပေါင်းသုံးနိုင်ငံများအကြား စားနပ်ရိက္ခာ၊ စိုက်ပျိုးရေးနှင့် သစ်တောကဏ္ဍဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု နည်းဗျူဟာလုပ်ငန်းစဉ် (၂၀၁၆-၂၀၂၅) အောက်မှ ဆောင်ရွက်လျက်ရှိသည့် စီမံကိန်းလုပ်ငန်းများနှင့်စပ်လျဉ်း၍ ဆွေးနွေးရာတွင် အာဆီယံ အပေါင်းသုံး အရေးပေါ် ဆန်အရန်ရိက္ခာ သဘောတူညီချက်၏အစီအစဉ် (၃) အရ အရေးပေါ် ဆန်အရန်ရိက္ခာများ ထောက်ပံ့ပေးခဲ့မှုများ၊ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ စီမံကိန်း (၂) ခု၏ ဆောင်ရွက်မှုများ၊ အာဆီယံဒေသတွင်း (Fall Army Worm-FAW) ဖောငမြှောင်တောင် ကျရောက်မှုအတွက် အကောင်အထည်ဖော်မှု လုပ်ငန်းစဉ် (၂၀၂၀-၂၀၂၅) အား ထောက်ပံ့ကူညီပေးမှု၊စွမ်းဆောင်ရည်မြှင့်တင်ရေးစီမံကိန်းအရ ဂျပန်နိုင်ငံမှ နည်းပညာဆိုင်ရာ ထောက်ပံ့ပေးမှု၊ အပေါင်းသုံးနိုင်ငံများမှ အာဆီယံနိုင်ငံများသို့ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် သစ်တောကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး နည်းပညာနှင့် ငွေကြေးအထောက်အကူပေးခဲ့မှုများနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။
ထို့ပြင် ERIA မှ တန်ဖိုးမြှင့် စိုက်ပျိုးရေးထွက်ကုန်များ ဖြစ်ပေါ် ရေးအတွက် အစားအစာ တန်ဖိုးကွင်းဆက်တစ်လျှောက်ရှိ အအေးခန်းဝန်ဆောင်မှု (Cold Chain Development) နှင့် ဒစ်ဂျစ်တယ်နည်းပညာများ အသုံးပြုရေး သုတေသနအဆိုပြုချက်ကို တင်ပြဆွေးနွေးသည်။
အစည်းအဝေးတွင် အကြိမ် (၂၀) မြောက် အာဆီယံလယ်ယာစိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာဝန်ကြီးများအဆင့် အစည်းအဝေး၏ ပူးတွဲကြေညာချက်အပေါ် အတည်ပြုခဲ့ကြပြီး (၂၁) ကြိမ်မြောက် အာဆီယံအပေါင်းသုံး လယ်ယာစိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာဝန်ကြီးများအဆင့်အစည်းအဝေးကို အင်ဒိုနီးရှားနိုင်ငံ West Java ရှိ Bandung မြို့တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်