Skip to main content

လူ့အခွင့်အရေးကောင်စီနှင့် ဓာတ်ပြားဟောင်းတစ်ချပ် 

ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ၏ (၅၉) ကြိမ်မြောက် အစည်းအဝေးအတွင်း မြန်မာနိုင်ငံဆိုင်ရာ အစီရင်ခံစာများ၊ အပြန်အလှန်ဆွေးနွေးမှုနှင့် ပကတိမြေပြင်အခြေအနေမှန်များနှင့် လုံးဝကိုက်ညီခြင်းမရှိဘဲ နိုင်ငံရေးအရ လိုရာစွဲပုံဖော်ထားသည့် ဆုံးဖြတ်ချက်အဆိုတို့ကို မြန်မာအစိုးရ၏ ကိုယ်စားလှယ်ပါဝင်ခြင်းမရှိဘဲ တစ်ဖက်သတ်ဆွေးနွေးအတည်ပြုခဲ့ခြင်းအပေါ် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာနက ပြန်လည်တုံ့ပြန်ခဲ့သည်။

စင်စစ်အားဖြင့် မြန်မာနိုင်ငံမှာ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံအားလုံး အချုပ်အခြာအာဏာအရာ၌ တူညီကြသည်ဟူသော မူပေါ်တွင်အခြေခံ၍ ဖွဲ့စည်းထားသည့် ကုလသမဂ္ဂတွင် ခွဲခြားဆက်ဆံခံနေရသည့် နိုင်ငံဖြစ်သည်။ နိုင်ငံကြီး နိုင်ငံငယ်မဟူ တန်းတူရည်တူအခွင့်အရေးရှိသည်ဟု အလေးအနက်ပြုထားသည့် ကုလသမဂ္ဂတွင် ကျိုးကြောင်းဆီလျော်မှုကင်းမဲ့စွာ ဖယ်ကြဉ်ခံထားရသည့် နိုင်ငံလည်းဖြစ်သည်။ တစ်ဖက်တွင်လည်း ကုလသမဂ္ဂသည် “အပြည်ပြည်ဆိုင်ရာစီးပွားရေးပြဿနာ၊ ယဉ်ကျေးမှုပြဿနာ၊ သို့မဟုတ် လူ့အကျိုးဆောင်ရွက်မှုနှင့် သက်ဆိုင်သောပြဿနာများကို ဖြေရှင်းရာတွင်လည်းကောင်း၊ လူမျိုးမရွေး၊ ကိုးကွယ်ရာဘာသာမရွေး၊ ပြောဆိုဘာသာစကားမရွေး၊ ယောက်ျားမိန်းမမရွေး၊ လူခပ်သိမ်းတို့၏ လူ့အခွင့်အရေးများနှင့် အခြေခံလွတ်လပ်ခွင့်များအား လေးစားမှုကို အားပေးချီးမြှင့်ရာတွင်လည်းကောင်း၊ ပြည်ထောင်အချင်းချင်း ပူးပေါင်းဆောင်ရွက်မှုကိုရရှိစေရန်၊ ထို့အပြင် - အထက်ပါ ရည်ရွယ်ချက်များ ထမြောက်အောင်မြင်ရေးအတွက် နိုင်ငံများ၏ ကြိုးပမ်းဆောင်ရွက်မှုများကို အဆင်ပြေညီညွတ်အောင် ညှိနှိုင်းပေးရာ ဗဟိုဌာနကြီးအဖြစ် တည်ရှိရန်။” ဟူသော ကုလသမဂ္ဂပဋိညာဉ်စာချုပ်ပါမူများ မှေးမှိန်ပျောက်ကွယ်လာပြီး အကျိုးစီးပွားတူရာ နိုင်ငံများ၊ အုပ်စုဖွဲ့လှုပ်ရှားသည့် ကမ္ဘာ့နိုင်ငံရေးစင်မြင့်ဖြစ်လာကာ ပစ်မှတ်နိုင်ငံကို ဖိအားပေးခြင်း၊ လိုလျှင် လိုသလို၊ မလိုလျှင် မလိုသလို စံနှုန်းနှစ်မျိုးကျင့်သုံးခြင်းတို့ကို တွင်တွင်ကျယ်ကျယ် ပြုလုပ်လာသည်။

ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီတွင် မြန်မာနိုင်ငံသည် ကုရာနတ္ထိ၊ ဆေးမရှိသည့် အခြေအနေမျိုးရောက်ရှိနေသည့် နိုင်ငံဖြစ်သည်။ မိမိနိုင်ငံနှင့်ပတ်သက်၍ ရေးချင်သလိုရေး၊ ပြောချင်ရာ ပြောနေကြပြီး ဆုံးဖြတ်ချင်သလိုဆုံးဖြတ်နေသည့် နေရာတွင် ပြန်လည်ရှင်းလင်းရန်၊ တုံ့ပြန်ရန်၊ အကျိုးသင့်အကြောင်းသင့် ပြောကြားရန် ကိုယ်စားလှယ်ပါဝင်ခွင့်ကို ဖယ်ရှားထားသည်။ မြန်မာနိုင်ငံတွင် ပကတိဖြစ်ပေါ်နေသည့် အခြေအနေမှန်များနှင့် စပ်လျဉ်း၍ အစိုးရက တရားဝင်ပေးပို့သည့် ကိန်းဂဏန်း၊ အချက်အလက်များ၊ အထောက်အထားများမှာလည်း ဂျီနီဗာရှိ အမှိုက်ပုံးတစ်ပုံးထဲသို့သာ မှန်မှန်ရောက်သွားခဲ့ပုံပေါ်သည်။ လူ့အခွင့်အရေးကောင်စီက မြန်မာနိုင်ငံတစ်နိုင်ငံတည်းအတွက်သာ ရည်ညွှန်း၍ ရာထူးထွင် ခန့်အပ်ထားသည့် အထူးကိုယ်စားလှယ်၊ အထူးအစီရင်ခံစာတင်သွင်းသူ စသည့်ပုဂ္ဂိုလ်တို့မှာ တရားဝင်မြန်မာနိုင်ငံနှင့် ပတ်သက်လျှင် တင်းမာသည့် ပုံစံကိုပြသလောက် မြန်မာနိုင်ငံအတွင်း အကြမ်းဖက်လုပ်ရပ်များအပေါ် တာဝန်ရှိမှုကြောင့် အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ထားသည့် အုပ်စုမှလူတို့နှင့်တွေ့လျှင်မူ အရောတဝင်ဖြစ်နေပုံမှာ ထူးသော်လည်းမဆန်းဟု ဆိုရမည်ဖြစ်သည်။

လူ့အခွင့်အရေးနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံသည် မည်မျှကြိုးပမ်းဆောင်ရွက်သည်ဖြစ်စေ၊ မည်မျှဖြစ်ပေါ်တိုးတက်သည်ဖြစ်စေ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီတွင် ဆုံးဖြတ်ချက်နှင့် အဖြေတို့က ရှိနှင့်ပြီးဖြစ်သည်။ မြန်မာ့ဆိုရိုးစကားထဲက မီးယပ်ရောဂါတစ်မျိုးတည်းကိုသာ ကုတတ်သော ဆေးဆရာကဲ့သို့ပင် လူနာသည်ယောက်ျားကြီးပါဟု ဆိုစေကာမူ “ကျား-ကျား- မီးယပ်ပဲ” ဟူသကဲ့သို့ မြန်မာနိုင်ငံနှင့် ပတ်သက်လျှင်လည်း လူ့အခွင့်အရေးကောင်စီက ဓာတ်ပြားဟောင်းတစ်ချပ်ကိုသာ ထပ်ကာထပ်ကာ ဖွင့်နေမည်မှာ လွန်စွာသေချာသည့် အမှန်တရားတစ်ခုဖြစ်ပါကြောင်း။ ။