နေပြည်တော်၊ အောက်တိုဘာ ၂၁
နိုင်ငံတကာခရီးသည်တင် လေယာဉ်များပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်းကြောင့် အိန္ဒိယနိုင်ငံ၌ အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား ၆၃ ဦးအား Air India လေကြောင်း ကယ်ဆယ်ရေးလေယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင်ခဲ့ရာ ယနေ့ မွန်းလွဲ ၂ နာရီခွဲတွင် လည်းကောင်း၊ ထိုင်းနိုင်ငံတွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား ၃၀ အား မြန်မာအမျိုးသားလေကြောင်း (MNA) ကယ်ဆယ်ရေးလေယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင်ခဲ့ရာ ည ၈ နာရီတွင်လည်းကောင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ အဆင်ပြေချောမွေ့စွာ ပြန်လည်ရောက်ရှိကြသည်။
ထို့ပြင် အာရပ်စော်ဘွားများ ပြည်ထောင်စု၌ အခက်အခဲကြုံတွေ့နေရသည့် မြန်မာသင်္ဘောသား ၉၀ အား ရီယာဒ်မြို့ရှိ မြန်မာသံရုံးမှ စီစဉ်သည့် မြန်မာအပြည်ပြည်ဆိုင်ရာ လေကြောင်း (MAI) ကယ်ဆယ်ရေးလေယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင်ခဲ့ရာ ည ၁၀ နာရီတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ချောမွေ့စွာ ပြန်လည်ရောက်ရှိကြသည်။
၎င်းတို့ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိချိန်တွင် လူဝင်မှုကြီးကြပ်ရေး၊ ကျန်းမာရေး၊ စစ်ဆေးရေး၊ သီးသန့်စီစဉ်ပေးသည့်နေရာ/သတ်မှတ် ဟိုတယ်များ၌ အသွားအလာကန့်သတ်မှု ခုနစ်ရက်နှင့် နေအိမ်တွင်အသွားအလာကန့်သတ်မှု ခုနစ်ရက်နေထိုင်စေရေးတို့ကို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့တို့က သက်ဆိုင်ရာအခန်းကဏ္ဍအလိုက် တာဝန်ယူဆောင်ရွက်ပေးခဲ့ကြသည်။
ပြည်ပနိုင်ငံများတွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများနှင့် မြန်မာသင်္ဘောသားများအား ပြန်လည်ခေါ်ဆောင်ရန် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီ၏ လမ်းညွှန်ချက်နှင့်အညီ နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ သက်ဆိုင်ရာနိုင်ငံများရှိ မြန်မာသံရုံးများနှင့် ပူးပေါင်းညှိနှိုင်းဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။
သတင်းစဉ်