Skip to main content

ကိုဗစ် - ၁၉ အကြောင်း သိကောင်းစရာ အမေး/အဖြေ အစီအစဉ်

ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားပြီး ပြန်လည်ကျန်းမာလာသူများနှင့် ဆွေးနွေးမေးမြန်းခန်း

မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ အောက်တိုဘာ ၂၁ ရက် ညနေ ၆ နာရီခွဲတွင် ထုတ်လွှင့်ပြသခဲ့သည့် ကိုဗစ် - ၁၉ အကြောင်း သိကောင်းစရာ အမေး/အဖြေအစီအစဉ်၏ ကိုဗစ်- ၁၉ ရောဂါဖြစ်ပွားပြီး ပြန်လည်ကျန်းမာလာသူများနှင့် ဆွေးနွေးမေးမြန်းခန်း အစီအစဉ်ကို ပြည်သူများသိရှိနိုင်ရန်အတွက် ပြန်လည်ဖော်ပြလိုက်ပါသည်။

အစီအစဉ်မှူး။    ။ကိုဗစ် - ၁၉ ရောဂါနဲ့ ပတ်သက်လို့မှန်ကန်တဲ့ သတင်းအချက်အလက်တွေ၊ ပြည်သူတွေအနေနဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာ၊ ကျန်းမာရေးပိုင်းဆိုင်ရာ သိသင့်သိထိုက်တဲ့ကိစ္စတွေ၊ သိချင်တဲ့အကြောင်းအရာတွေကို ပါမောက္ခကြီးတွေ၊ သမားတော်ကြီးတွေက အပတ်စဉ် အသိပညာပေးရှင်းလင်းပြောကြားနေတဲ့ အစီအစဉ်ကနေ ကြိုဆိုပါတယ်။

ကိုဗစ် - ၁၉ ရောဂါပိုး ကူးစက်ပြန့်ပွားမှုဟာ လူစုလူဝေးတွေကနေ အများဆုံးပေါက်ပွားပြီး လူထူထပ်မှုရှိရင်ရှိသလောက် အန္တရာယ်ကြီးမားပါတယ်။ ဒါကြောင့် လိုက်နာကျင့်သုံးရမယ့်၊ သတိထားရမယ့် အခြေခံအချက်အလက်တွေကို စည်းကမ်းတကျ ဆက်လက်ကျင့်သုံးပြီး သတိထားနေထိုင်ကြဖို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက နှိုးဆော်သတိပေးလျက်ရှိပါတယ်။

ဒါပေမယ့် အကြောင်းအမျိုးမျိုးနဲ့ ရောဂါခံစားခဲ့ရသူတွေလည်း အများအပြား ရှိနေပါတယ်။ ဒီနေ့ အစီအစဉ်မှာလည်း ကိုဗစ် - ၁၉ ရောဂါကို ရင်ဆိုင်ခဲ့ရပြီး မှန်ကန်တဲ့ကုသမှုတွေခံယူကာ ပြန်လည်သက်သာ ပျောက်ကင်းလာသူတွေနဲ့ တွေ့ဆုံပြီး သူတို့ ဘယ်လိုကုသမှုတွေကို ခံယူပြီးတော့ ဘယ်လိုစိတ်ဓာတ်ခွန်အားတွေနဲ့ ဒီရောဂါကို ရင်ဆိုင်ကျော်လွှားခဲ့ရတယ်။ နောက်ဆက်တွဲအနေနဲ့လည်း ဆောင်ရန်၊ ရှောင်ရန်တွေကို ဘယ်လိုမျိုး လိုက်နာဆောင်ရွက်နေရတယ်ဆိုတဲ့အတွေ့အကြုံတွေကို မိဘပြည်သူတွေ သင်ခန်းစာယူပြီး ခွန်အားဖြစ်စေဖို့ တွေ့ဆုံမေးမြန်းသွားမှာ ဖြစ်ပါတယ်။ ဒီနေ့အတွက် ဖိတ်ခေါ်ထားသူတွေက ရွာသာကြီးစိတ်ကျန်းမာရေးဆေးရုံက ပါမောက္ခဒေါက်တာ တင်ဦးနဲ့ မင်္ဂလာတောင်ညွန့်မြို့နယ်က ကိုဝေယံကိုကိုတို့ပဲ ဖြစ်ပါတယ်။

ဆရာကြီးအနေနဲ့ ကိုဗစ် - ၁၉ ရောဂါကူးစက်ခံ ရပြီဆိုတာကို ဘယ်လိုမျိုးသိခဲ့လဲ။ အဲဒီလို သိခဲ့တုန်းက အခြေအနေကို အရင်ဆုံးပြောပြပေးပါဦး။

ပါမောက္ခဒေါက်တာတင်ဦး။  ။ပထမဆုံးတော့ဆရာတို့ဆေးရုံမှာ ဆရာတို့ လုပ်ဖော်ကိုင်ဖက်ပေါ့နော်။ ဆရာဝန်တစ်ယောက်က ဖျားတယ်။ ပြီးတော့ အနံ့ပျောက်သွားတယ်။ သူ ကိုဗစ်လက္ခဏာစတင်ခံစားရတာပေါ့နော်။ သူခံစားရတော့ သူ့ကိုစစ်ဆေးကြည့်လိုက်တဲ့အခါ Positive ဖြစ်တာကို တွေ့ရတယ်။

အမြဲစောင့်ကြည့်

အဲဒီတော့ ဆရာတို့က ဒီဆရာနဲ့ အမြဲထိတွေ့နေတယ်ဆိုတော့ ဆရာတို့လည်း စစ်ကြပါတယ်။ စစ်တော့ ဆရာတို့လည်း Positive တွေ့တာပေါ့နော်။ အဲဒါစတွေ့တာက စက်တင်ဘာလ ၂၂ ရက်နေ့ပါ။ ကိုယ်က Positive ဖြစ်ပြီဆိုတော့ ပထမတော့ ဆရာတို့ရဲ့ စိတ်ကျန်းမာရေးဆေးရုံမှာပဲ သီးခြားအဆောင်တစ်ခု စီစဉ်ပေးတယ်။ အဲဒီမှာ Quarantine လုပ်ပြီးနေပါတယ်။ ပြီးတော့ ကိုယ့် ကျန်းမာရေးကို ကိုယ်ကဆရာဝန်ဆိုတော့ အမြဲစောင့်ကြည့်ပါတယ်။ အောက်ဆီဂျင်တိုင်းတယ်။ Pressure တိုင်းတယ်။Pulse Rate တွေတိုင်းတယ်။ ဒီကိုဗစ် လက္ခဏာတွေ ခံစားရလားဆိုတာကို အမြဲကြည့်နေတာပေါ့နော်။

အဲဒီအတောအတွင်းမှာတော့ ဆေးရုံမှာနေပြီး ပုံမှန် လှုပ်ရှားတယ်။ ဘာမှသိပ်မခံစားရဘူး။ ဆရာ Positive ဖြစ်တာနဲ့ ရောဂါလက္ခဏာ ခံစားရတာက နည်းနည်းကျသွားတယ်။ ၂၉ ရက်ကျတော့မှ စဖျားလာ တယ်။ ဖျားပေမယ့် ဘာမှသိပ်ကြီးကြီးကျယ်ကျယ် မခံစား ရဘူး။ နောက်တစ်ရက်မှာ စဖျားလာတာဆိုတော့ ဆရာ့ရဲ့ အသက်အရွယ်အရရယ်၊ ဆရာ့မှာ နှလုံးရောဂါကလည်း နည်းနည်းရှိတယ်။ ဂေါက်ရှိတယ်။ ကျန်တဲ့ရောဂါတော့ မရှိဘူး။

ပြင်းပြင်းထန်ထန်မတွေ့

ဒီအရွယ်မှာတော့ ပြည့်စုံတဲ့ဆေးရုံမှာပေါ့နော်။ ဆရာ တို့ဆေးရုံကစိတ်ကျန်းမာရေးဆေးရုံဆိုတော့ စိတ်ကျန်းမာ ရေးကို အဓိကကုသပေးတဲ့အတွက် တောင်ဥက္ကလာပ ဆေးရုံကို ဆရာတို့နေတယ်။တောင်ဥက္ကလာပဆေးရုံ ရောက်တော့ သူတို့ရောက်ရောက်ချင်းလိုတဲ့ဟာအားလုံး ကို စစ်ဆေးပါတယ်။ စစ်ဆေးတဲ့အခါ ဓာတ်မှန်ရိုက်တော့ ဆရာ့ရဲ့ အဆုတ်မှာ Mild COVID Pneumonia လို့ခေါ်တဲ့ အဆုတ်ရောင်တာ တွေ့တယ်။ ပြင်းပြင်းထန်ထန်တော့ မတွေ့ပါဘူး။

ပထမပိုင်းတော့ဖျားတော့ဖျားနေသေးတယ်။ နုံးတယ်၊ မလှုပ်ချင်ဘူး၊မလုပ်ချင်မကိုင်ချင် ဖြစ်တယ်။ အစားအသောက် မစားချင်ဖြစ်တယ်။ချွေးထွက်တာ များတယ်။ အဲဒါတွေကို ခံစားရတယ်။ ဒါပေမယ့် အောက်ဆီဂျင် ကျသွားတာ မရှိဘူး။ ပထမတော့ ဆရာ့ကို သောက်ဆေးနဲ့ ကုသပေးတယ်။ သောက်ဆေးနဲ့ကုပြီး နှစ်ရက်အကြာ အဖျားက ဆက်ပြီးတက်နေတယ်။ မကျဘူး။ အဲဒီတော့မှ ထိုးဆေးကို ပြောင်းကုလိုက်တယ်။

ထိုးဆေးပြောင်းကုလိုက်တော့အားလုံးရှစ်ရက် လောက်တော့ ဆရာဖျားလိုက်တယ်။ ဖျားပြီးတော့ ထိုးဆေး ထိုးပြီး နှစ်ရက်၊ သုံးရက်နောက်ပိုင်းမှာ အဖျားကျသွား တယ်။ တဖြည်းဖြည်း လူကလည်း ပြန်ကောင်းလာတယ်။ အစားအသောက်တွေလည်း ပြန်ကောင်းလာတယ်။ အနံ့ တွေလည်း ပြန်ရလာတယ်။လူကပြန်ပြီးလန်းလည်း လန်းလာတယ်။ တဖြည်းဖြည်း တိုးတက်လာတာပေါ့ နော်။ အဲဒီလိုပဲဆေးရုံမှာ နှစ်ပတ်နေလိုက်ရပါတယ်။ တောင်ဥက္ကလာပဆေးရုံမှာ နှစ်ပတ်နေလိုက်ရတာပါ။ အဲဒီလို နေပြီး ၁၂ ရက်နေ့မှာတော့ ဆေးရုံက ဆင်းပါတယ်။

ဆေးရုံက ဆင်းပြီး အိမ်မှာက အသက်ကြီးတဲ့လူရှိတော့ ပိုပြီးသေချာအောင် ဆရာ့ရဲ့ ဆေးရုံမှာ တစ်ပတ် ကိုယ့် ဘာသာကိုယ် Quarantine လုပ်ပြီးနေတယ်။ ပြီးတော့မှ ပြည့်တော့ ယခုအိမ်ပြန်ရောက်နေပြီ။

အစီအစဉ်မှူး။    ။ကိုဝေယံရှင့်။ အစ်ကိုအနေနဲ့ကိုယ့် ကိုယ်ကိုယ် ကိုဗစ် - ၁၉ ရောဂါ ကူးစက်ခံရပြီဆိုတာကို ဘယ်လိုမျိုးသိခဲ့လဲ။ အဲဒီအခြေအနေလည်း ပြောပြပေးပါဦး။

ကိုဝေယံကိုကို။      ။ကျွန်တော်က ကိုရီးယား စားသောက်ဆိုင်လေး ဖွင့်ထားတယ်။ ဖွင့်ထားတော့ အဲဒီမှာ လူနည်းနည်းတော့များတာပေါ့နော်။ များတော့ အဝင်အထွက်တွေရှိတဲ့အချိန်မှာ ကျွန်တော် ဘာမှမဖြစ်ဘူး။

ကျွန်တော် မိုးမိပြီး ဖျားတယ်။ ဩဂုတ်လ ၂၅ ရက်နေ့ မှာ စပြီးဖျားတယ်။ စဖျားတဲ့အချိန်မှာ ရိုးရိုးဖျားတယ်လို့ ထင်ပြီး ဆေးထိုး၊ ဆေးသောက်တွေနဲ့ အိမ်မှာနေတယ်။ ဟိုငှက်ဖျားတက်သလို ဖြစ်ပြီးတော့ ငှက်ဖျားဆေးသောက်လိုက်တယ်။ ဩဂုတ်လ ၃၀ ရက်နေ့မှာ အဖျားကျတယ်ဆိုပေမယ့်အရှင်းမပျောက်သွားသေးဘူးပေါ့နော်။ ဒါနဲ့ ကျွန်တော်လည်း ကိုယ့်ကိုယ်ကိုယ် မသင်္ကာလို့ ဆေးရုံကြီးက Fever Clinic ကို သွားတယ်။ သွားပြီးတော့ အဲဒီမှာ ကျွန်တော်ကို ဆေးစစ်တယ်။

Oxygen Level ကျနေ

Fever Clinic မှာ ဆေးစစ်လိုက်တော့ ၃၁ ရက်နေ့ ညနေမှာ ကျွန်တော်အဖြေရတယ်။ Positive ဖြစ်တယ်ဆို တော့ ကျွန်တော့်ကို ၃၁ ရက်နေ့ ညမှာပဲ ဝေဘာဂီဆေးရုံကို ပို့ပါတယ်။ ဝေဘာဂီဆေးရုံကို မပို့ခင်မှာ Pressure တို့၊ Oxygen Level Checkup လုပ်တဲ့အချိန်မှာ ကျွန်တော်က Oxygen Level ကျနေတယ်။ Oxygen Level ကျနေတဲ့ အတွက် ကျွန်တော့်ကိုဆေးရုံကြီးကနေ ဝေဘာဂီကို ပို့မယ့်အချိန်ကစပြီး အောက်ဆီဂျင် တပ်သွားပေးတယ်။

ဝေဘာဂီရောက်တော့လည်း ကျွန်တော့်ကို အောက်ဆီဂျင်နဲ့ ထားတယ်။ အောက်ဆီဂျင် အဆက်မပြတ် တပ်ထားရတယ်။ ၁ ရက်နေ့ကစပြီး ဆေးစပေးပါတယ်။

အစီအစဉ်မှူး။    ။အဲဒီလိုမျိုး ကိုယ်က ရောဂါဖြစ်ပြီ ဆိုတဲ့အချိန်မှာ ကိုယ်ကိုယ်တိုင် ခံစားရတဲ့ ခံစားမှုရယ်၊ ကိုယ့်ရဲ့ပတ်ဝန်းကျင်က ဘယ်လို ဆက်ဆံတာမျိုးတွေရှိလဲရှင့်။

ကိုဝေယံကိုကို။   ။ရောဂါစပြီးခံစားရတဲ့အချိန်မှာ ပထမက ကျွန်တော့်ကို ကျွန်တော် ရိုးရိုးဖျားတယ်လို့ စိတ်ထဲမှာ ထင်ထားတာ။ ကျွန်တော်က အနံ့ပျောက်တာတို့၊ ချောင်းခြောက်ဆိုးတာတို့ ကိုဗစ်နဲ့ ပတ်သက်တဲ့ လက္ခဏာတွေက ဘာမှထွေထွေထူးထူး မဖြစ် တော့ ရိုးရိုးသာမန် ဖျားတယ်လို့ပဲ ထင်ခဲ့ကြတယ်။

အဲဒါဆေးရုံကြီးကနေ ဝေဘာဂီ ရောက်တဲ့အချိန်မှာ တော့ ကျွန်တော်ကိုယ့်ကိုယ်ကိုယ် ကိုဗစ်ဖြစ်ပြီဆိုပြီး အားတင်းပြီး ရင်ဆိုင်ရမယ်ဆိုတာကို လက်ခံလိုက်တယ်။ လက်ခံလိုက်တော့ဆေးရုံကြီးမှာ ကျွန်တော် ဆရာ၊ ဆရာမတွေပြောတဲ့စကားအတိုင်း တစ်သဝေမတိမ်းနေတယ်။ ဆရာ၊ ဆရာမတွေကလည်း မနက်တစ်ကြိမ်၊ ညနေတစ်ကြိမ်ကျွန်တော်တို့ကို Oxygen Level၊Pressure Level တိုင်းတယ်။ ဆေးတွေလာပေးတယ်။

ဒါတင်မကကြားအချိန်တွေမှာ ကျွန်တော်တို့အခန်းတွေထဲက ဖုန်းတွေကိုဆက်ပြီး အခြေအနေတွေမေးတယ်။ အားပေးစကားတွေလည်းပြောတဲ့အတွက် ကျွန်တော်တို့ အားတက်ပါတယ်။ အဲဒီအချိန်မှာ ကိုယ့်ကိုယ်ကိုယ်အားတင်းပြီး အစားကိုဝင်အောင်စားတယ်။ အစားပျက်တယ်ဆိုပေမယ့်လည်းဆေးရုံကပေးတဲ့ ထမင်းဘူး တစ်ဘူးကို ကုန်အောင်အားတင်းပြီး စားတယ်။ နေ့တိုင်းကို ဖုန်းဆက်တာပဲဖြစ်ဖြစ်၊ လာပြီးတော့ ဆေးပေးတာ၊ Checkup လုပ်တဲ့အခါပဲဖြစ်ဖြစ် အားပေးစကား ပြောကြပါတယ်။

စိတ်ဓာတ်ခွန်အားပေးရန် ပိုကောင်း

ပတ်ဝန်းကျင်အနေနဲ့က ဖြစ်ဖြစ်ချင်းမှာ အပြစ်သားလို နည်းနည်းမြင်ကြတယ်။ ကျွန်တော်က ဖြစ်စေချင်တာက အဲဒီလိုမျိုး မြင်မယ့်အစား ကျွန်တော်တို့လို အခန့်မသင့်လို့ ကူးသွားတဲ့သူတွေကိုပေါ့နော်။ ကူးချင်လို့လည်း ကူးရတဲ့လူတွေလည်း မဟုတ်ဘူး။ ဒီအားပေးစကားလေး ပြောလို့ရှိရင် ပိုပြီးစိတ်ဓာတ်ခွန်အားလေးပေးရင် ပိုကောင်းမယ်လို့ ထင်ပါတယ်။ လူတိုင်းတော့ မဟုတ်ပါ ဘူး။ တချို့တွေက အဲဒီလိုမျိုးလေး ရှိပါတယ်။

အစီအစဉ်မှူး။  ။ဟုတ်ကဲ့ပါ။ ဆရာကြီးက ဒီရောဂါ ဖြစ်နေတဲ့အချိန်မှာ တောင်ဥက္ကလာပဆေးရုံမှာ ဆေးကုသမှု ခံယူနေတာဆိုတော့ ဆေးရုံတက်ခဲ့စဉ်ကာလမှာ ကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံလေးတွေကိုလည်း ပရိသတ်တွေ သိအောင်လို့ မျှဝေပေးပါဦး။

ပါမောက္ခဒေါက်တာတင်ဦး။   ။ဆေးရုံရောက်ရောက်ချင်းတော့ အဲဒီမှာ တာဝန်ကျတဲ့ ဆရာဝန်၊ ဆရာမတွေကလိုတာတွေ အားလုံးကို လုပ်ပေးတာပေါ့နော်။ စောစောက မောင်ဝေယံ ပြောသွားသလိုပါပဲ။နေ့စဉ် သူတို့ ကြည့်ပေးတယ်။ ဆေးထိုးပေးတယ်။ အချိန်ကျရင် သူတို့ ဖုန်းလှမ်းဆက်ပြီး စုံစမ်းတယ်။ နောက် အားပေးစကားပြောတယ်။ လိုတဲ့ အချိန်လည်း ကိုယ်တစ်ခုခု ခံစားရလို့ရှိရင် သူတို့ကို ဖုန်းဆက်ပြီး ပြောလို့ရပါတယ်။

နောက်ပြီး ကျွန်တော်တို့နေတဲ့နေရာမှာ CCTV တွေ တပ်ထားတာပေါ့နော်။CCTV တပ်ထားတော့ လူနာ ရဲ့ အခြေအနေတစ်ခုခုဆိုရင်လည်း သူတို့ချက်ချင်း သိတယ်။ အဲဒီမှာ ရောက်သွားခါစက ကျန်တဲ့ ပြန်နာလန် ထလာတဲ့ လူနာတွေရှိတယ်။ သူတို့ကလည်း ကူညီတာပေါ့ နော်။ ကျွန်တော်ရောက်ခါစက မလုပ်ချင်၊ မကိုင်ချင် နုံးနေတာပေါ့နော်။ တုပ်ကွေးဆိုတော့ ထုံးစံအတိုင်း နုံးတယ်။ မလုပ်ချင်၊ မကိုင်ချင်၊ မစားချင်၊ မသောက်ချင် အိပ်ရာထဲမှာပဲ ခွေချင်တယ်။ အဲဒီအချိန်ဆိုရင် လူနာ အချင်းချင်းက အစားအသောက်တွေ ယူလာပေးတာ၊ အားပေးတာ အဲဒီလိုမျိုးလည်း ရှိတာပေါ့နော်။ ဒါကတော့ အချင်းချင်းပေါ့လေ။

နောက်ပြီးတော့ ကိုယ့်စိတ်ထဲမှာ စိုးတော့ စိုးရိမ် တာပေါ့လေ။ ဘာဖြစ်လို့လဲဆိုတော့ ဒီရောဂါက စိုးရိမ် ရတယ်လို့လည်း ပြောလို့ရတယ်။ မစိုးရိမ်ရဘူးလို့လည်း ပြောလို့ရတယ်။ ဆရာတို့အရွယ်အရကတော့ စိုးရိမ်ရတဲ့ အရွယ်မျိုးပေါ့။ ဒါပေမယ့် စိုးရိမ်နေလို့လည်း ပြီးတာ မဟုတ်ဘူးဆိုတော့ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်တယ်။ အိပ်တာကို ဂရုစိုက်တယ်။ အိပ်ရေးဝအောင် အိပ်တယ်။ အစားအသောက်ကလည်း မစားချင်ဘူး ဆိုပေမယ့်လည်းကိုယ့်ရဲ့ အာဟာရပြည့်အောင် ဘာဖြစ်လို့လဲဆိုတော့ အာဟာရပြည့်မှပဲ ဒီရောဂါကို တိုက်နိုင်မှာ ဖြစ်တဲ့အတွက် အာဟာရပြည့်အောင် စားရပါတယ်။

ပြီးရင် အဲဒီအခန်းလေးထဲမှာပဲ ကိုယ်မမောရအောင် ကိုယ်လက်လှုပ်ရှားမှု လုပ်တယ်။ လေ့ကျင့်ခန်းလုပ်တယ်။ ပြီးတော့ ဒီရောဂါအကြောင်းကိုပဲ တစ်ချိန်လုံး မစဉ်းစား နေတော့ဘူး။ စဉ်းစားနေရင်လည်း အဖြေလည်းထွက်မှာ မဟုတ်ဘူးလေ။ ဒါက သူ့ရဲ့ ရောဂါသဘာဝအတိုင်း သွားမယ်။တစ်ချိန်ကျရင် ကောင်းသွားမှာပေါ့။ ကိုယ့်မှာ ခံစားနေရတာကိုတော့ လိုအပ်သမျှကိုသတိထားနေတယ်။

ရေချိုးခန်းသွားတယ်၊ ရေချိုးတယ်။ ပြန်လာတယ်။ အဲဒီအခါမျိုးမှာ အောက်ဆီဂျင်များ ကျသွားမလား။ ကျသွားရင် ဒါက အရေး ကြီးတာပေါ့။ တစ်ခါမှတော့ ကျသွားတာမရှိပါဘူး။အဖျား ရှိ / မရှိ ကို ကြည့်တယ်။ ပြီးရင် သွေးပေါင်တိုင်းတယ်။ နေ့စဉ်သွေးထဲမှာ ဂလူးကို့စ် ဘယ်လောက်ရှိတယ် အဲဒါတွေကို တိုင်းတယ်။ ဆရာမတွေကလည်း လာတိုင်းပေးပါတယ်။

အဆုတ်မှာဒဏ်ရာရ

တချို့အချိန်တွေမှာတော့ အခန်းထဲမှာ နှစ်ယောက် ရှိတော့ သူတို့နဲ့စကားပြောတယ်။ ပြီးရင် အသက်ရှူ လေ့ကျင့်ခန်းလုပ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ရဲ့အဆုတ်က ကိုဗစ်ထိသွားရင် အဆုတ်မှာဒဏ်ရာရသွားတယ်။ အဲဒီအဆုတ်ကို ပြန်သန်စွမ်းဖို့ အတွက်အသက်ရှူလေ့ကျင့်ခန်းကို လုပ်ရပါတယ်။ အသက်ရှူလေ့ကျင့်ခန်း လုပ်နည်းတွေလည်း ရှိပါတယ်။ အသက်ရှူလေ့ကျင့်ခန်း လုပ်ရတယ်။ တချို့အချိန်တွေမှာ တရားထိုင်တယ်။ ညအိပ်ခါနီးဆိုရင် တရားထိုင်တယ်။ ဒီလိုနဲ့ပဲ အချိန်တွေ ကုန်သွားပါတယ်။

ကိုယ့်ရဲ့အိမ်ကလူတွေ၊ မိတ်ဆွေတွေနဲ့ တချို့အချိန်တွေမှာ စကားပြောတယ်။ အင်တာနက်ရှိတော့ Messenger ကနေ စကား ပြောတယ်။ အဲဒီလိုမဟုတ်ရင် ကျန်တဲ့သူ တွေကလည်း စိတ်ပူနေမှာစိုးလို့ နေကောင်းတဲ့အကြောင်း စကားပြောတယ်။ ဒီလိုနဲ့ပဲ အချိန်ကုန်သွားတယ်။ ပြီးတော့ အဖျားလေးကျသွားပြီး နည်းနည်းလန်းဆန်းလာတယ်။ ကိုယ် Concentration အာရုံစိုက်လို့ ရလာတဲ့ အချိန်ကျတော့ ကိုယ်အရင်တုန်းက အလုပ်များလို့ တချို့ စာတွေ မဖတ်နိုင်တာတွေရှိတယ်။ တချို့ဟာတွေ မလုပ်နိုင်တာတွေ ရှိတယ်။

ပြန်ပြီးနေကောင်းလာတော့ ကိုယ်ဖတ်ချင်တဲ့ စာတွေကိုဖတ်ဖို့ အချိန်ရလာတယ်။ အဲဒီလိုနဲ့ စာဖတ်လိုက်၊ ဆရာတို့ဆေးရုံမှာ လုပ်ဖော်ကိုင်ဖက်တွေရှိတယ်။ လုပ်ဖော်ကိုင်ဖက်တွေမှာ Messenger Group လေးတွေ ရှိတယ်။ ဥပမာ - ဆေးရုံမှာရှိတဲ့ အခက်အခဲလေးတွေ သူတို့ရေးထားတာရှိရင် ကိုယ်ကဖတ်ပြီး ဝင်ပြီးအကြံဉာဏ်ပေးတာတွေ လုပ်တယ်။ ဒီလိုနဲ့ပဲ နှစ်ပတ်က ကုန်သွားတယ်။

အစီအစဉ်မှူး။  ။ဟုတ်ကဲ့ပါ ဆရာကြီးရှင့်။ ဆရာကြီးအနေနဲ့ ကိုယ့်မှာ ကိုဗစ် Positive ဖြစ်ပြီဆိုတာ သိလိုက်ရတဲ့အချိန်မှာ ဘယ်လိုမျိုး ခံစားရလဲ၊ အဲဒါလေးလည်း သိချင်ပါတယ်။

ပါမောက္ခ ဒေါက်တာတင်ဦး။    ။စိုးရိမ်တာပေါ့နော်။ ဘာဖြစ်လို့လဲဆိုတော့ ဒီရောဂါက အခန့်မသင့်ရင်သေတတ်တဲ့ရောဂါ မျိုးပါ။ စိုးရိမ်တယ်၊ စိုးရိမ်လို့လည်းထူးတာမျိုးတော့ မဟုတ်ဘူး။ ဒီတော့ စိတ်ကိုတည်ငြိမ်အောင် ပြန်ထားရတယ်။ စောစောကပြောတဲ့အတိုင်း ညအိပ်တာ၊ စားတာ၊ လေ့ကျင့်ခန်းလုပ်တာ၊ ပြီးရင် Mindfulness လို့ ခေါ်တဲ့အသက်ရှူလေ့ကျင့်ခန်းလုပ်တာတွေ လုပ်တယ်။

ဆရာခံစားရတာက တအားကြီး အောက်ဆီဂျင်ကျလောက်အောင်၊ မောလောက်အောင် မဖြစ်တော့လည်း တအားကြီးတော့လည်း မစိုးရိမ်ပါဘူး။ တစ်ချိန်ကျရင် ကောင်းသွားမယ်။ ဒါက တုပ်ကွေးတစ်မျိုးပဲလေ။ ဒီရောဂါရဲ့ ပင်ကိုသဘာဝကိုကလည်းအားလုံးက ပြင်းပြင်းထန်ထန် ဖြစ်တာမှမဟုတ်ဘဲ။

ကိုယ့်မှာ ဆီးချိုရှိတယ်၊ ကျောက်ကပ်ရောဂါရှိတယ်။ ဒါမှမဟုတ်ရင် နှလုံးရောဂါတွေ ကြီးကြီးကျယ်ကျယ်ရှိတယ်။ အဲဒီလို လူမျိုးတွေအတွက်က ပိုပြီးစိုးရိမ်ရတာပေါ့။ ဆရာ့မှာကျတော့ သွေးတိုးကလည်း နည်းနည်းပဲရှိတယ်။ ကျန်တဲ့ရောဂါလည်း မရှိတော့ အဲဒီလောက် ကြီးကြီးကျယ်ကျယ်လည်း မစိုးရိမ်ဘူးပေါ့။ စိုးတော့ စိုးရိမ်တယ်၊ အကြီးအကျယ်ကြီးတော့လည်း မစိုးရိမ်ဘူး။ စောစောကပြောတဲ့ ဆောင်ရန်/ ရှောင်ရန် တချို့နဲ့နေလိုက်တော့ အဆင်ပြေသွားပါတယ်။

အစီအစဉ်မှူး။   ။ဟုတ်ကဲ့ပါ။ ကိုဝေယံရှင့် အစ်ကို့အနေနဲ့ ကိုဗစ်ရောဂါခံစားရတဲ့အချိန်မှာ ဝေဘာဂီဆေးရုံမှာ ဆေးရုံတက်ခဲ့တယ်။ အဲဒီတက်ခဲ့စဉ်ကာလမှာ ကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံတွေ၊ အခုက ပြန်ကောင်းသွားပြီ၊ ပြန်ကောင်းသွားတဲ့ အချိန်မှာ ဘယ်လို ဆောင်ရန်/ရှောင်ရန်တွေနဲ့ ကျင့်သုံး နေထိုင်သလဲ။

ကိုဝေယံကိုကို။။ ဝေဘာဂီဆေးရုံကိုရောက်ရောက်ချင်းမှာ ကျွန်တော်တို့ ICU ရှိတဲ့ အဆောင်က Mini ICU အခန်းလေးထဲမှာ အရင်နေရတယ်။ Mini ICU အခန်းလေးထဲမှာနေပြီး ကျွန်တော့်ကို ဆရာမတွေက ပိုးသတ်ဆေးသွင်းပေးတယ်။ ဒီအချိန်အထိတော့ ကျွန်တော်က အဲဒီလောက်ကြီး ကိုယ့်ကိုယ်ကိုယ် အခြေအနေဆိုးမှန်းမသိသေးပါဘူး။ အဆုတ်မှာ ပိုးတွေ့တယ်။ အဲဒီလိုဖြစ်တယ် လို့တော့သိထားတယ်။ ကျွန်တော်က ဆေးပညာအကြောင်းကို သိပ်နားမလည်တာ လည်းပါတယ်။

ကျွန်တော့်ကိုစက်တင်ဘာလ ၈ ရက်နေ့မှာ ဆရာမတွေက ဖုန်းဆက်တယ်။ အထူးကြပ်မတ်ကုသဆောင်ထဲကို ရွှေ့ရမယ်ဆိုပြီး ဖုန်းဆက်တဲ့အချိန်မှာ ကျွန်တော်က အဲဒီမှာစိုးရိမ်သွားတယ်။ တော်တော်ကြီးတော့ လန့်သွားတယ်။ ဆရာမကလည်း ပြောတယ်။ အခြေအနေနည်းနည်းဆိုးလို့ အဲဒါစောင့်ကြည့်ရမယ့် အနေအထားရှိလို့ဆိုပြီး ကျွန်တော့်ကို အထူးကြပ်မတ်ကုသဆောင်ထဲကို ရွှေ့တယ်။

အထူးကြပ်မတ်ကုသဆောင်ထဲ ရောက်တဲ့အချိန်မှာ ဆရာ ဆရာမတွေက အနီးကပ်စောင့်ကြည့်တယ်။ ဆရာမ တွေပြောတာတော့ ကျွန်တော်က အရမ်းကို ဂရုစိုက်ကြည့် ရမယ့် အနေအထားမှာ ပါနေတယ်ပေါ့နော်။ အဲဒီလိုကြည့် ပြီးတော့ ဆေးပညာအရ ဆရာမတွေပြောတာကတော့ အခြေအနေဆိုးလာလို့ Cytokine Storm အတွက်ပေးတယ် ဆိုတဲ့ဆေး ကျွန်တော့်ကို ထိုးပေးပါတယ်။ ဒီဆေးထိုးပေးပြီး တော့ တစ်ရက်၊ နှစ်ရက်လောက်မှာ ကျွန်တော် တော်တော်လေး ပြန်ပြီးလန်းလာတယ်။ အဲဒီနောက်ပိုင်းမှာ တော်တော် လေးသက်သာလာတယ်။

အရှေ့မှာလည်း တခြားဆေးတွေ တစ်မျိုးပြီးတစ်မျိုး သွင်းခဲ့ပါတယ်။ တချို့တွေက သူတို့ကို မသွင်းပေးဘူးလား အဲလိုမျိုးလေးတွေ ရှိတယ်။ဒါပေမယ့် ဆရာမတွေက သူတို့ စစ်ဆေးပြီးလိုအပ်တဲ့သူကို လိုအပ်တဲ့ဆေးပေးတယ်။ ကျွန်တော်ဆိုရင် အဲဒီလိုမျိုး ဆေးတွေက တစ်မျိုးပြီးတစ်မျိုး သွင်းရတဲ့အတွက် ဆံပင်ကျွတ်တာတွေ ဖြစ်လာတယ်။ လိုအပ်ရင် လိုအပ်သလိုမျိုး ဆရာမတွေက ဆေးပေးပါတယ်။ အခုသက်သာလာပြီး အစားအသောက်လည်း မြိန်လာတယ်။ စားလို့ကောင်းလာတယ်။ အစားတွေလည်း ဝင်လာတယ်။

တတ်နိုင်သလောက်ဝိုင်းကူပေး

ဆရာ ဆရာမတွေက ကျွန်တော်တို့တွေထဲကို ဝင်လာတဲ့အခါ PPE ဝတ်စုံဝတ်ထားတဲ့အခါ သူတို့အတွက် ပူပြီး အသက်ရှူကျပ်တော့ တတ်နိုင်သလောက် သူတို့ကို မြန်မြန် ပြီးသွားအောင် ကျွန်တော်တို့အခန်းထဲကထွက်မှ သူတို့က PPE ဝတ်စုံကို ချွတ်လို့ရမှာခင်ဗျ။ အဲဒါကြောင့် သူတို့ကို တတ်နိုင်သလောက်လေး ဝိုင်းကူပေးပါတယ်။ အထူး ကြပ်မတ်ကုသဆောင်ထဲမှာ ဥပမာ - ဆေးသွင်းထားတဲ့ ပိုက်တွေဖြုတ်တာဆိုရင် နောက်ပိုင်းမှာ ကျွန်တော်ကိုယ့်ဘာသာကိုယ်ပဲ ဖြုတ်တော့တယ်။ အဲဒီလိုမျိုးလေး ဆရာ ဆရာမတွေကို ဝိုင်းကူပေးပါတယ်။

ကျွန်တော် အထူးကြပ်မတ်ကုသဆောင်မှာ ငါးရက် နေရတယ်။ အထူးကြပ်မတ် ကုသဆောင်ကနေ ပြန်ဆင်းပြီး နှစ်ယောက်ခန်းထဲမှာ နေတယ်။ တဖြည်းဖြည်း သက်သာလာတယ်။ သက်သာလာပြီး ကျွန်တော့်ကို နောက်ပိုင်းဆေး မသွင်းတော့ဘဲ ဆေးဖြုတ်ပြီး ငါးရက်၊ တစ်ပတ်လောက် ထပ်ပြီး စောင့်ကြည့်တယ်။ စောင့်ကြည့်ပြီး လုံးဝ Clear ဖြစ်သွားပြီ၊ ဆရာမတွေကစိတ်ချရတဲ့အခြေအနေ ရောက်သွားပြီဆိုတော့မှ ကျွန်တော့်ကို ပေးဆင်းပါတယ်။

အိမ်ရောက်တော့လည်း ကျွန်တော့်ကို ဆောင်ရန် / ရှောင်ရန်တွေ လူစုလူဝေးတွေထဲ မသွားဖို့၊ Mask တပ်ပြီး နေဖို့၊ အိမ်မှာ သက်သက်သာသာနေဖို့၊ အသက်ရှူလေ့ကျင့် ခန်းလုပ်ဖို့ အဲဒါလေးတွေ ဆရာမတွေက မှာကြားလိုက် တယ်။ပြီးတော့ အဆုတ်အားကောင်းအောင်လည်း တတ်နိုင်သလောက် မှောက်အိပ်ပေးဖို့ အဲဒီလိုမျိုးလေးတွေ ဆရာမတွေက မှာကြားပါတယ်။ ဆေးရုံက အောက်တိုဘာ၃ ရက်က ဆင်းပါတယ်။ ဒီလ ၂၃ ရက်မှာ ကျွန်တော့်ကို ပြန်ပြီး Checkup လုပ်ဖို့ ခေါ်ထားပါတယ်။

အစီအစဉ်မှူး။    ။ဟုတ်ကဲ့ပါရှင်။ ပိုးက အဆုတ်ထဲထိ ဝင်သွားတယ်ဆိုတော့ လက်ရှိကျန်းမာရေးအခြေအနေ ပြောပြပေးပါဦး။

ကိုဝေယံကိုကို။။ အဆုတ်ထဲထိဝင်သွားတော့ ကျွန်တော်လက်ရှိက ပုံမှန်လို ပြန်ပြီးမလုပ်နိုင်သေးဘူး။ သွားလာလို့တော့ရတယ်။ နေထိုင်တာကတော့ ပုံမှန်ပဲ။ အလေးအပင်တွေမတဲ့အခါမျိုး၊ အရမ်းလှုပ်လှုပ်ရှားရှားလုပ်တဲ့အခါမျိုးကျရင် အဆုတ်က အသက် ရှူရတာမဝတဲ့ သဘောမျိုးဖြစ်တယ်။ အဆုတ်က တော်တော်ကြီး ငြိမ်ငြိမ်လေး နေလိုက်တော့မှသာ ပြန်သက်သာသွားတယ်။ အဲဒီလိုလေးတော့ ရှိပါသေးတယ်။

အစီအစဉ်မှူး။     ။ဟုတ်ကဲ့ပါ။ ဆရာကြီးရှင့် အခုဆိုရင် ကိုဗစ်ရောဂါခံစားပြီးပြန်လည် သက်သာလာသူတွေအနေနဲ့ ၂၈ ရက် ကျန်းကျန်းမာမာရှိပြီဆိုရင် သွေးရည်ကြည်လှူဒါန်းလို့လည်း ရနေပြီဆိုတော့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနကလည်း သွေးရည် ကြည်လှူဒါန်းဖို့ ဖိတ်ခေါ်နေတယ်ဆိုတော့ ဆရာကြီးအနေနဲ့ သွေးရည်ကြည်လှူဒါန်းဖို့ အစီအစဉ် ရှိပါသလား။

ပါမောက္ခဒေါက်တာတင်ဦး။    ။ဟုတ်ကဲ့ပါခင်ဗျာ။ ကျွန်တော်လှူဒါန်းဖို့ အစီအစဉ်ရှိပါတယ်။ အကယ်၍ ၂၈ ရက်ပြည့်မယ်၊ လှူဒါန်းဖို့ သူတို့ စစ်ဆေးမယ်ထင်ပါတယ်။ ကျွန်တော်တို့မှာ လိုအပ်တဲ့ Antibody ခေါ်တာပေါ့၊ တက်ဖို့လည်းလိုပါတယ်။ အဲဒီ Antibody ပမာဏရှိတယ်ဆိုရင် လှူလို့ရပါတယ်။ ကျွန်တော်ကျန်းမာရေးလည်း ကောင်းပြီ။ အဲဒီပမာဏရှိတယ်၊ အဲဒီလို သွေးရည်ကြည်လည်းလှူဖို့ ကျန်းမာရေးအခြေအနေလည်း ပေးတယ်ဆိုရင် လှူပါမယ်ခင်ဗျာ။

သွေးရည်ကြည်က အသက်ကယ်နိုင်

ဘာဖြစ်လို့လဲဆိုတော့ ဒီဥစ္စာက အခြားသွေးလှူတာ နဲ့တောင် မတူဘူး။ လူတိုင်းမှ လှူလို့မရတာ။ ဒီလိုမျိုး ပြန်ကောင်းလာပြီး Antibody ရှိတဲ့လူမှပဲ လှူလို့ရတာ ဆိုတော့လေ၊နောက်ပြီးတော့လည်း အဲဒီလိုလှူလိုက်လို့ရတဲ့ သွေးရည်ကြည်ကလည်း အသက်ကယ်နိုင်တာပေါ့။ ဘာဖြစ် လို့လဲဆိုတော့ ကျွန်တော်တို့ ဆေးရုံထဲမှာရှိတဲ့ တချို့ပြင်းပြင်း ထန်ထန်ဖြစ်တဲ့လူတွေမှာအဲဒီ Plasma သွေးရည်ကြည်နဲ့ ကုလိုက်လို့ သက်သာသွားတာကို တွေ့ခဲ့ပါတယ်။ အဲဒီတော့ ကျွန်တော် လှူလည်းလှူချင်တယ်။ ရခဲတဲ့ ကုသိုလ်လို့လည်း ပြောလို့ရပါတယ်။ နောက်ပြီး လူတိုင်းလှူလို့မှ မရတာဆို တော့ အစီအစဉ်ရှိပါတယ်။

အစီအစဉ်မှူး။။ ဟုတ်ကဲ့ပါ။ ကိုဝေယံရှင့် သွေးရည် ကြည်လှူဒါန်းပြီဆိုရင် သွေးတစ်ခါ လှူရုံနဲ့ လူနှစ်ယောက်၊ သုံးယောက်ရဲ့ အသက်ကို ကယ်နိုင် တယ်ဆိုတော့ အစ်ကို့အနေနဲ့ရောသွေးရည်ကြည် လှူဒါန်းဖို့ ရှိလားရှင့်။

ကိုဝေယံကိုကို။။ ဟုတ်ကဲ့ ရှိပါတယ်။ ကျွန်တော် ကိုယ်တိုင်လည်း သွေးရည်ကြည် နှစ်ခါသွင်းခဲ့ရတယ်။ အဲဒီတော့ ကျွန်တော် လှူဖို့လည်း ပြောထားပြီးပါပြီ။ ကျန်းမာရေးဘက်ကနေ လှူလို့ရတဲ့ အခြေအနေရောက်ပြီ၊ လှူလို့ရပြီဆိုတာနဲ့ ကျွန်တော် လှူဒါန်းမှာပါခင်ဗျ။

အစီအစဉ်မှူး။။ ဟုတ်ကဲ့ပါရှင်။ ဆရာကြီးနဲ့ ကိုဝေယံတို့ နှစ်ယောက်လုံး ကိုဗစ် - ၁၉ ရောဂါခံစားရပြီး အခုဆိုရင် ပြန်ပြီးတော့ သက်သာလာတယ်။ ဒီရောဂါကို ရင်ဆိုင်ကျော်လွှားခဲ့ရ တဲ့အခါမှာလည်း အခက်အခဲတွေလည်း အများကြီးရှိခဲ့မှာပါ။ အခက်အခဲတွေကြားထဲက အခုလိုမျိုး ပြန်လည် ကျန်းမာလာတာကို ဝမ်းသာ ဂုဏ်ယူပါတယ်။ အခြား ပရိသတ်တွေကိုလည်း ဆရာကြီးတို့အနေနဲ့ ဒီရောဂါကို ဘယ်လိုရင်ဆိုင် ကျော်လွှားခဲ့တယ်ဆိုတဲ့ ခွန်အားပေး စကားလေး ပြောကြားပေးပါဦးရှင်။

ပါမောက္ခဒေါက်တာတင်ဦး။။ ဟုတ်ကဲ့ခင်ဗျ။

 ဒီရောဂါကိုတော့ နှစ်မျိုးပြောရမှာပါ။ ကြောက်လည်း ကြောက်ပါ။ မကြောက်လည်း မကြောက်ပါနဲ့။ကြောက်လည်း ကြောက်ပါဆိုတာ မဖြစ်တာတော့ အကောင်းဆုံးပါ။ ဘာဖြစ်လို့လဲဆိုတော့ ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနက ညွှန်ကြားထားတဲ့ ညွှန်ကြားချက်တွေအားလုံး တတ်နိုင်သမျှတော့ လိုက်နာပါ။

တအားကြီးကြောက်စရာမလို

ဒါဆိုရင် ကာကွယ်နိုင်မှာပါ။ ဘာဖြစ်လို့လဲဆိုတော့ ဖြစ်သွားပြီးပြီဆိုရင် အနည်းဆုံးတော့ အဲဒီကာလမှာ ကိုယ့်ရဲ့အလုပ်ပျက်တာပေါ့။ အလုပ်အကိုင်ပျက်တယ်။ ထိခိုက်မှုလည်းရှိတယ်။ ဒါက မဖြစ်တာ အကောင်းဆုံး။ အကယ်၍ တစ်ခါတလေကျတော့လည်း ကိုယ်ဘယ် လောက်ပဲ ကာကွယ်နေပါစေ တစ်ခါတလေ လွတ်သွား တဲ့အခါရှိတော့ ဖြစ်လာတာပေါ့။ ဖြစ်လာရင်လည်း တအားကြီး ကြောက်စရာမလိုပါဘူး။

ဘာဖြစ်လို့လဲဆိုတော့ ဖြစ်တဲ့လူတိုင်းကလည်း ကြီးကြီးမားမားကြီး၊ ဆိုးဆိုးရွားရွားကြီး ဖြစ်သွားတာ မဟုတ်ဘူး။ ရာခိုင်နှုန်း နည်းနည်းပါ။ အဲဒီရာခိုင်နှုန်း နည်းနည်းမှာလည်း တကယ့်ကို အသက်လည်းကြီးမယ်၊ ခန္ဓာကိုယ်မှာလည်း တခြားရောဂါအစုံတွေ ရှိနေမယ်။ အခုဆုံးသွားတဲ့ လူတွေကိုကြည့်ရင်အဲဒီလိုလူတွေ များပါတယ်။ တခြားရောဂါအစုံတွေ ရှိနေမယ် အဲဒီလို လူမျိုးတွေဆိုရင် နည်းနည်းစိုးရိမ်ရပါတယ်။ ဒါပေမယ့် အဲဒီလိုလူမျိုးတွေလည်း အကယ်၍ အိမ်မှာပဲ ကုနေတာ မဟုတ်ဘဲ ဆေးရုံမှာ စနစ်တကျကုမယ်ဆိုရင် ဆေးရုံ တက်နေစဉ်မှာ ကောင်းသွားတဲ့လူတွေအများကြီးရှိပါတယ်။

ဆရာရဲ့ လုပ်ဖော်ကိုင်ဖက် တစ်ဦးရဲ့ အမေဆိုရင် လည်း ICU ထဲမှာ အကြာကြီးနေပြီး ကောင်းသွားတယ်။ ဆေးရုံမှာ စနစ်တကျကုသလို့ ဖြစ်ပါတယ်။ ဒီတော့ စောစောကပြောသလိုပဲ မဖြစ်ခင်တော့ ကြောက်ပြီး သေသေချာချာ လိုက်နာကြပါ။ ဖြစ်ပြီးရင်လည်း တအား ကြီး ကြောက်စရာမလိုဘူး။ ညွှန်ကြားချက်တွေအတိုင်း လိုက်နာမယ်။ နေထိုင်တတ်သွားမယ်။ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်မယ်။ လူနာအချင်းချင်း ပြန်ကူညီလိုက်မယ်ဆိုရင် ဒီဟာကို ဒီလိုပဲ ကျော်ဖြတ်သွားကြမှာပါ ခင်ဗျာ။

အစီအစဉ်မှူး။။ ဟုတ်ကဲ့ပါ။ ကိုဝေယံရှင့် ကိုဗစ်  ရောဂါ ခံစားနေတဲ့သူတွေ အတွက် အားပေးစကားလေး မျှဝေပေးပါဦးရှင့်။

ကိုဝေယံကိုကို။။ ဟုတ်ကဲ့ပါ။ မဖြစ်သေးတဲ့လူ တွေအတွက်ကတော့ ဆရာကြီး ပြောသလိုပါပဲ တိုက်ပွဲဝင်နေတဲ့ ဆရာဝန်၊ ဆရာမတွေကို ကူညီတဲ့အနေနဲ့ MOHS က ထုတ်ပြန်ထားတဲ့ စည်းမျဉ်း တွေအတိုင်း လိုက်နာကျင့်သုံးပါ။ အတတ်နိုင်ဆုံး အိမ်မှာ ပဲနေပါ။အပြင်ထွက်ရင်လည်း စနစ်တကျ နှာခေါင်း စည်းတပ်ပြီး ထွက်ဖို့၊ လက်ကို သေချာဆေးဖို့ ဒါဆိုရင် ကူးစက်ဖို့ ရာခိုင်နှုန်း နည်းပါတယ်။ ကြောက်တော့ ကြောက်သင့်ပေမယ့်လည်း အရမ်းကြီးကြောက်နေဖို့ လည်းမလိုပါဘူး။ တချို့တွေ အရမ်းကြီးအကြောက်လွန် နေတတ်ပါတယ်။

ဒါကြောင့်ဖြစ်လာရင်လည်း ကြိတ်မကုဘဲ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနဲ့ ဆက်သွယ်ပြီး လိုအပ်ရင် သေချာစနစ်တကျကို ဆေးနဲ့ကုသပေးလို့ အလွန်အကျွံလည်းမစိုးရိမ်ပါနဲ့လို့၊ ကျွန်တော်တို့တွေ အခု အားလုံး ကပ်ဘေးက ကျော်လွှားနိုင်တော့မှာပါ။

အစီအစဉ်မှူး။။ ဟုတ်ကဲ့ပါရှင်။ ဆရာကြီးနဲ့ ကိုဝေယံတို့ရဲ့ ပြောစကားတွေနဲ့ ကြည့်ရှုနေကြတဲ့ ပရိသတ်တွေလည်း စိတ်ဓာတ်ခွန်အား တွေရရှိမယ်လို့ ယုံကြည်ပါတယ်။ အချိန်ပေးပြီး ဖြေကြား ပေးခဲ့တဲ့အတွက်ကိုလည်း အထူးကျေးဇူးတင်ပါတယ်။

ထက်လျှံ၊ ဓာတ်ပုံ - ဇော်မင်းလတ်