နေပြည်တော်၊ အောက်တိုဘာ ၂၁
အရက်၊ ဘီယာ၊ ဝိုင်(ယမကာ) ထုတ်လုပ်၊ တင်သွင်း၊ ရောင်းချမှုဆိုင်ရာ ကြီးကြပ်ညှိနှိုင်းရေးကော်မတီ၏ အဋ္ဌမ အကြိမ်မြောက် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၁ နာရီတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။
အထူးကုန်စည်ခွန်
အစည်းအဝေးတွင် အရက်၊ ဘီယာ၊ ဝိုင်(ယမကာ) ထုတ်လုပ်၊ တင်သွင်း၊ ရောင်းချမှုဆိုင်ရာ ကြီးကြပ်ညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဦးအောင်ထူးက ယမကာများသည် လူမှုရေး၊ ကိုယ်ကျင့်တရားနှင့် နိုင်ငံတော် အခွန်ဘဏ္ဍာရရှိမှုတို့နှင့် ဆက်စပ်နေသည့်အတွက် ယင်းနှင့်ပတ်သက်သည့် မူဝါဒများသည် အရေးကြီးကြောင်း၊ အရက်၊ ဘီယာ၊ ဝိုင်စသည့် အထူးကုန်စည်များမှ ကောက်ခံရရှိသည့် အခွန်ရရှိမှုမှာ ပမာဏကြီးမားကြောင်း၊ ယမကာနှင့်ဆက်စပ်၍ မူဝါဒများချမှတ်ဆောင်ရွက်သည့်အခါ အခွန်ရရှိမှုအပြင် အလုပ်အကိုင်ရရှိရေး၊ ဝင်ငွေရရှိရေး စသည့်အချက်များသည်လည်း အရေးပါသည်ကို တွေ့ရှိရကြောင်း၊ ပြည်တွင်းရှိ အရက်ချက်စက်ရုံများနှင့်ပတ်သက်၍ အသေးစား၊ အလတ်စားလုပ်ငန်းများရပ်တည်နိုင်ရေး၊ အလုပ်အကိုင်ရရှိရေး၊ ပတ်ဝန်း ကျင်ထိန်းသိမ်းရေး စသည်တို့ကိုလည်း ထည့်သွင်းစဉ်းစားရန် လိုအပ်မည်ဖြစ်ကြောင်း၊ ယနေ့အစည်းအဝေး၌ ဆွေးနွေးမည့်အကြောင်းအရာများတွင် အထက်ဌာနများက ကော်မတီထံသို့ သဘောထားမှတ်ချက်များ တောင်းခံထားသည့်ကိစ္စများနှင့်ပတ်သက်၍ ဆွေးနွေးသွားမည်ဖြစ်ကြောင်း။
အဆိုပါကိစ္စရပ်များနှင့်ပတ်သက်၍ ယနေ့အစည်းအဝေးတွင် ကော်မတီဝင်များအနေဖြင့် တစ်ဦးတစ်ယောက်ချင်းစီ၏ အကြံဉာဏ်များကို စုစည်းဖော်ထုတ်ခြင်းဖြင့် Brainstorming ပြုလုပ်ကာဦးစွာဆွေးနွေးသွားမည်ဖြစ်ပါကြောင်း၊ လာမည့်သီတင်းပတ်တွင် အရက်ချက်လုပ်ငန်းဆောင်ရွက်သူ အသေးစား၊ အလတ်စားလုပ်ငန်းရှင်များနှင့် အစည်းအဝေးတစ်ရပ်ကျင်းပပြီး ၎င်းတို့၏ သဘောထားများကို ရယူစုစည်း၍ နောက်တစ်ကြိမ် ထပ်မံကျင်းပမည့် ကော်မတီအစည်းအဝေးတွင် ပြန်လည်ဆွေးနွေးကာ မူဝါဒတစ်ရပ် သုံးသပ်တင်ပြနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ ကုန်သွယ်ရေးဦးစီးဌာနမှ သတ္တမအကြိမ် ကော်မတီအစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုအခြေအနေကိုရှင်းလင်းတင်ပြခဲ့ပြီး အစည်းအဝေးအစီအစဉ်များအတိုင်း ဆွေးနွေးရန်ရှိသည့် အကြောင်းအရာများကို ကော်မတီဝင်များက ဝိုင်းဝန်းဆွေးနွေး အကြံပြုတင်ပြကြရာ ဒုတိယဝန်ကြီးက ဖြည့်စွက်ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်