အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က မြန်မာ၊ ဂျပန်၊ တောင်ကိုရီးယား၊ မလေးရှား၊ ကာဇက်စတန်၊ ဘော့စနီးယား ဟာဇီဂိုးဗီးနား၊ တောင်အာဖရိက၊ အင်ဒိုနီးရှား၊ ဘင်္ဂလားဒေ့ရှ်၊ ဆားဘီးယား၊ ကမ္ဘောဒီးယား၊ ထိုင်း၊ လာအို စသည့်နိုင်ငံပေါင်း ၁၄ နိုင်ငံအား သွင်းကုန်ခွန်တိုးမြှင့်စည်းကြပ်ထားမှုနှင့်ပတ်သက်၍ ဇူလိုင်လ ၁၄ ရက်နေ့တွင် သက်ဆိုင်ရာနိုင်ငံများသို့ သဝဏ်လွှာ/အကြောင်းကြားစာများ ပေးပို့ခဲ့ကြောင်း သိရသည်။
အမေရိကန်သမ္မတက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံသို့ ပေးပို့သည့် သဝဏ်လွှာ/အကြောင်းကြားစာ၌ အမေရိကန်သည် မြန်မာနိုင်ငံနှင့် ကုန်သွယ်ရေးတွင် ကုန်သွယ်မှုလိုငွေပြလျက်ရှိသော်လည်း ကုန်သွယ်မှုဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မျှတမှုရှိသည့်ကုန်သွယ်မှုကိုဆောင်ရွက်ရန် ဆုံးဖြတ်ထားကြောင်း၊ မြန်မာနိုင်ငံမှ အမေရိကန်နိုင်ငံသို့ တင်ပို့သည့်မည်သည့် ပို့ကုန်အမျိုးအစားမဆို အခွန် ၄၀ ရာခိုင်နှုန်း ကောက်ခံသွားမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် အမေရိကန်နိုင်ငံမှ တင်သွင်းသည့်သွင်းကုန်များကို ဖြေလျှော့ ပေးမည်ဖြစ်ကြောင်း၊ အမေရိကန်နိုင်ငံတွင် ရင်းနှီးမြှုပ်နှံလုပ်ကိုင်ရန်နှင့် ကုန်သွယ်ခွန်အတွက် ညှိနှိုင်းနိုင်ကြောင်း ဖော်ပြထားသည်။
မြန်မာနိုင်ငံနှင့်အမေရိကန်ပြည်ထောင်စု၏ ကုန်သွယ်မှုပမာဏသည် ၂၀၂၃-၂၀၂၄ ခုနှစ် ဘဏ္ဍာနှစ်တွင် ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၇၀၁ ဒသမ ၉ သန်းခန့်ရှိပြီး ၂၀၂၄-၂၀၂၅ ခုနှစ် ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၅၈၈ ဒသမ ၃ သန်းကျော်ခန့်သာရှိသည်။ အဆိုပါ ကုန်သွယ်ရေးနှင့်ပတ်သက်သည့် သဝဏ်လွှာ/ အကြောင်းကြားစာနှင့်ပတ်သက်၍ အပြုသဘောဆောင် ထိတွေ့ဆက်ဆံမှုအဖြစ်မြင်တွေ့ရပြီး နိုင်ငံတကာစီးပွားရေးနှင့် ပထဝီနိုင်ငံရေးအခြေအနေအရ သုံးသပ်မှုများမည်သို့ပင်ရှိသော်လည်း မြန်မာနိုင်ငံ၏ စီးပွားရေးတည်ငြိမ်မှုနှင့် အလုပ်အကိုင်အခွင့်အလမ်းများအတွက် မြန်မာနိုင်ငံအစိုးရ၏ ကောင်းမွန်သည့်စီမံခန့်ခွဲမှုအရ ဆောင်ရွက်နိုင်စွမ်းရှိသည်ဟု ယုံကြည်သည်။ မြန်မာနိုင်ငံအစိုးရအနေဖြင့် အပြုသဘောဆောင်သည့် ညှိနှိုင်းမှုများ၊ ပြန်ကြားမှုများ ဆောင်ရွက်သွားမည်ဖြစ်ပြီး ညှိနှိုင်းမှုများမှတစ်ဆင့် နှစ်နိုင်ငံအကျိုးဖြစ်ထွန်းစေမည့် ရလဒ်ကောင်းများ ပေါ်ထွက်လာမည်ဟု မျှော်လင့်သည်။
မြန်မာနိုင်ငံအနေဖြင့် ကုန်သွယ်မှုလိုငွေပြနေသော်လည်း နိုင်ငံ့စီးပွားရေးကို တိုင်းတာသည့် ပြည်တွင်းအသားတင်ထုတ်လုပ်မှု ဂျီဒီပီတိုးတက်စေရန်အတွက် ကုန်ထုတ်လုပ်ငန်းများ တိုးတက်အောင် စွမ်းအားရှိသမျှ ကြိုးပမ်းလုပ်ကိုင် ဆောင်ရွက်လျက်ရှိသည်။ မြန်မာနိုင်ငံသည် အမေရိကန်ပြည်ထောင်စုသာမက ကမ္ဘာ့နိုင်ငံများနှင့်လည်း ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများ ဆောင်ရွက်လျက်ရှိသည်။ ၂၀၂၄-၂၀၂၅ ခုနှစ် ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံ၏ ဂျီဒီပီသည် အမေရိကန်ဒေါ်လာ ၇၆ ဒသမ ၄ ဘီလီယံရှိသည်။ ၂၀၂၅-၂၀၂၆ ခုနှစ် ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၈၁ ဒသမ ၆ ဘီလီယံအထိ မျှော်မှန်းဆောင်ရွက်လျက်ရှိပြီး မြန်မာနိုင်ငံ၏ ဂျီဒီပီ ၅ ဒသမ ၂ ဘီလီယံခန့် တိုးတက်လာအောင် ရည်မှန်းဆောင်ရွက်လျက်ရှိသည်။
ဇူလိုင်လ ၂ ရက်နေ့ကပြုလုပ်သည့် နိုင်ငံတော်၏စီးပွားရေးတိုးတက်စေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က “မိမိတို့အနေဖြင့် နိုင်ငံ့စီးပွားတိုးတက်ရေးနှင့် ကုန်ဈေးနှုန်း များကျဆင်းရေးအတွက် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ ရေရှည်အတွက်ဆောင်ရွက်ရမည့် ကိစ္စရပ်များရှိသကဲ့သို့ လတ်တလောဖြေရှင်းရန် လိုအပ်သည့်ကိစ္စကိုလည်း ဖြေရှင်းဆောင်ရွက်ရန်လိုကြောင်း၊ အချိန်တိုကာလအတွင်း နိုင်ငံ့စီးပွားတိုးတက်ရေးကို ဦးစားပေးဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ တိုးတက်အောင် ဆောင်ရွက်သွားရန်လိုကြောင်းနှင့် သုတေသနလုပ်ငန်းများ ဆောင်ရွက်ခြင်းဖြင့်လုပ်ငန်းများ ပိုမိုတိုးတက်အောင် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း” ပြောကြားခဲ့သည်။
သို့ဖြစ်ရာ စိုက်ပျိုးရေးလုပ်ငန်းများဆောင်ရွက်ရာ၌ လက်ရှိအခြေအနေနှင့် ကိုက်ညီသည့် အထွက်ကောင်းမျိုးများနှင့် အရည်အသွေးကောင်းမွန်သည့်မျိုးများ စိုက်ပျိုးထုတ်လုပ်နိုင်ရေး သုတေသနပြုဆောင်ရွက်ကြရမည်ဖြစ်သည်။ သုတေသနလုပ်ငန်းသည် သီးနှံထုတ်လုပ်ရေးတွင် တိုးတက်မှုဖြစ်ပေါ်စေပြီး နိုင်ငံ့စီးပွားတိုးတက်မှုကို များစွာအထောက်အကူပြုသည်။ မွေးမြူရေးလုပ်ငန်းတွင်လည်း အလားတူဖြစ်သည်။ ပြည်တွင်း၊ ပြည်ပဈေးကွက် ရှိပြီးဖြစ်သကဲ့သို့ တိရစ္ဆာန်အစားအစာများလည်း ပြည်တွင်း၌ လုံလောက်စွာရရှိနိုင်သည်။ စိုက်ပျိုးမွေးမြူရေး ကုန်ထုတ်လုပ်ငန်းများကို ပိုမိုတိုးတက်အောင်ဆောင်ရွက်၍ နိုင်ငံတကာကုန်သွယ်ရေး အခြေအနေအရ ပြည်တွင်းဖူလုံ၍ ပြည်ပပို့ကုန် ပိုမိုတိုးတက်အောင်ဆောင်ရွက်ပြီး နိုင်ငံ့စီးပွားတိုးတက်ရေးကို အထောက်အကူပြုနိုင်အောင် ကြိုးပမ်းကြရမည်ဖြစ်ပါကြောင်း။ ။