Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ အပူပိုင်းဒေသ (၁၃) ခရိုင် မိုးရာသီလူထုလှုပ်ရှားမှုအသွင်ဖြင့် သစ်ပင်စိုက်ပျိုးပွဲကျင်းပမည့်နေရာများ ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှုနှင့် ဘက်စုံသုံးစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းနေမှု ကြည့်ရှုစစ်ဆေး

နေပြည်တော် ဇူလိုင် ၉

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် ဒုတိယဝန်ကြီး ဦးမင်းသူ၊ အမြဲတမ်းအတွင်းဝန်နှင့်အတူ ယမန်နေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့ရှိ အစိုးရစက်မှုလက်မှု သိပ္ပံကျောင်းဝင်းအတွင်း ၂၀၂၅ ခုနှစ် မိုးရာသီလူထု လှုပ်ရှားမှုအသွင်ဖြင့် သစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပမည့်နေရာအား ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်၍ ပျော်ဘွယ်မြို့နယ် ရန်ကုန်-မန္တလေးလမ်း မိုင်တိုင်အမှတ် (၃၁၄/၀) အနီးရှိ ၂၀၂၅ ခုနှစ်တွင် စိုက်ပျိုးထားသော မိုးရာသီသစ်မျိုးစုံ စိုက်ခင်း အောင်မြင်ဖြစ်ထွန်းနေမှု အခြေအနေနှင့် သစ်ပင်စိုက်ပျိုးပွဲကျင်းပရန် ကြိုတင်ပြင်ဆင်ဆောင်ရွက်နေသည့်လုပ်ငန်းများကို ကြည့်ရှုစစ်ဆေး ပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များမှာကြား သည်။

ထို့နောက် မိတ္ထီလာမြို့နယ် လိန်တောကြိုးပြင် ကာကွယ်တောအတွင်းရှိ ၂၀၂၅ ခုနှစ်တွင် စိုက်ပျိုးထားသောလမ်းဘေး ဝဲ/ယာ ဘက်စုံသုံးစိုက်ခင်း၊ ၂၀၂၅ ခုနှစ် မိုးရာသီလူထုလှုပ်ရှားမှုအသွင်ဖြင့် သစ်ပင်စိုက်ပျိုးပွဲကျင်းပမည့်နေရာတွင် ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှု၊ မိတ္ထီလာ-ကျောက်ပန်းတောင်း ကားလမ်းတစ်လျှောက် ၂၀၂၄ ခုနှစ်တွင် စိုက်ပျိုးထားသော လမ်းဘေးဝဲ/ယာ စိမ်းလန်းစိုပြည်ရေး စိုက်ခင်းများနှင့် ၂၀၂၅ ခုနှစ်တွင် စိုက်ပျိုးထားသောစိမ်းလန်းစိုပြည်ရေး ဘက်စုံသုံးစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းနေမှုများကို ကြည့်ရှုစစ်ဆေးသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကျောက်ပန်းတောင်း-ညောင်ဦး ကားလမ်း မိုင်တိုင်အမှတ်(၄/၀)တွင် ၂၀၂၅ ခုနှစ် မိုးရာသီ လူထုလှုပ်ရှားမှုအသွင်ဖြင့် သစ်ပင်စိုက်ပျိုးပွဲ ကျင်းပမည့်နေရာ ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှု၊ ကျောက်ပန်းတောင်း-ညောင်ဦး ကားလမ်းတစ်လျှောက် ၂၀၂၄ ခုနှစ်တွင် စိုက်ပျိုးထားသော လမ်းဘေး ဝဲ/ယာ စိမ်းလန်းစိုပြည်ရေး စိုက်ခင်းများနှင့် ၂၀၂၅ ခုနှစ်တွင် စိုက်ပျိုးထားသော လမ်းဘေးဝဲ/ယာ စိမ်းလန်းစိုပြည်ရေး ဘက်စုံသုံးစိုက်ခင်းများ၊ ညောင်ဦးမြို့နယ် တုရင်တောင် အဆိုပြုကြိုးပြင် ကာကွယ်တောရှိ တုရင်တောင်ဒေသ အထူးစိမ်းလန်း စိုပြည်ရေးစီမံကိန်းတို့အား ကြည့်ရှုစစ်ဆေးကာ ရေရှည်တည်တံ့စေရေးအတွက် ပြုစုထိန်းသိမ်းခြင်း လုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက်သွားရန်မှာကြားသည်။

သတင်းစဉ်