နေပြည်တော် ဇူလိုင် ၉
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီးမြို့နယ်၊ အေးသာယာမြို့၊ စစ်မှုထမ်းဟောင်းအိမ်ရာရှိ ဓမ္မာရုံသစ်ဆောက်လုပ်ပြီးစီး၍ ရေစက်သွန်းချလှူဒါန်းပွဲကို ယနေ့နံနက်ပိုင်းတွင် အဆိုပါဓမ္မာရုံ၌ပြုလုပ်ရာ အေးသာယာမြို့၊ ချမ်းမြေ့ရိပ်သာကျောင်း ဆရာတော်ဘဒ္ဒန္တဉာဏဝရအမှူးပြုသော သံဃာတော်များကြွရောက်တော်မူကြပြီး အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ဇော်မင်းလတ်နှင့် တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ချမ်းမြေ့ရိပ်သာကျောင်း ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြကာ သံဃာတော်များရွတ်ပွားချီးမြှင့်တော်မူသော ပရိတ်တရားတော်များ နာယူကြည်ညိုကြသည်။ ယင်းနောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက သံဃာတော်များအား သင်္ကန်းနှင့်လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး ချမ်းမြေ့ရိပ်သာကျောင်း ဆရာတော်ထံမှ အနုမောဒနာတရားများနာယူကြကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေကြပြီး သံဃာတော်များအား နေ့ဆွမ်း ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။