နေပြည်တော် ဇူလိုင် ၈
ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးသည် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ဥက္ကဋ္ဌ ဦးပေါ်လွင်စိန်နှင့် ယနေ့တွင် နေပြည်တော်ရှိ ဥပဒေရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ တွေ့ဆုံဆွေးနွေးသည်။
တွေ့ဆုံစဉ် ကမ္ဘာ့နိုင်ငံအားလုံး၏ လူ့အခွင့်အရေးအခြေအနေကို ပုံမှန်သုံးသပ်သည့် လုပ်ငန်းစဉ် (Universal Periodic Review) တွင် မြန်မာနိုင်ငံမှ အစီရင်ခံစာ တင်သွင်းခြင်း တတိယအကျော့ဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ ကော်မရှင်က မေးမြန်းလိုသည့်၊ ရှင်းလင်းလိုသည့်အချက်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။
ဥပဒေရေးရာဝန်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံ၏ UPR တတိယအကျော့အစီရင်ခံစာအား ရေးသားပြုစုကာ UPR လုပ်ငန်းအဖွဲ့သို့ တင်သွင်းခဲ့ကြောင်း၊ ကမ္ဘာ့နိုင်ငံအားလုံး၏ လူ့အခွင့် အရေးအခြေအနေကို ပုံမှန်သုံးသပ်သည့် လုပ်ငန်းစဉ် (Universal Periodic Review – UPR) လုပ်ငန်း အဖွဲ့၏ (၃၇) ကြိမ်မြောက် အစည်းအဝေးကာလအတွင်း မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးအခြေအနေနှင့်စပ်လျဉ်း၍ တတိယအကျော့သုံးသပ်မှုကို ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၂၅ ရက်တွင် သုံးသပ်မှုခံယူခဲ့ကြောင်း၊ သုံးသပ်မှုခံယူသည့်နေ့တွင် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံ ၁၀၆ နိုင်ငံမှ မြန်မာနိုင်ငံအပေါ် လူ့အခွင့်အရေးအခြေအနေနှင့်စပ်လျဉ်း၍ အကြံပြုချက် ၃၅၄ ချက်ကို အကြံပြုခဲ့ကြောင်း၊ အကြံပြုချက်များအပေါ် မြန်မာနိုင်ငံ၏ရပ်တည်ချက်နှင့်စပ်လျဉ်း၍ အကြံပြုချက် ၁၁၉ ချက်ကို လက်ခံသည် (enjoy the support)၊ အကြံပြုချက် ၄၆ ချက်ကို မှတ်သားထားသည် (noted)၊ အကြံပြုချက် ၁၈၉ ချက်ကို လေ့လာ၍ ပြန်ကြားမည် (will be examined) ဟူ၍ ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၂၆ ရက်တွင် UPR လုပ်ငန်းအဖွဲ့သို့ ပြန်ကြားခဲ့ကြောင်း၊ မြန်မာနိုင်ငံ၏ UPR အစီရင်ခံစာသုံးသပ်မှုနှင့်စပ်လျဉ်းသည့် UPR လုပ်ငန်းအဖွဲ့၏ ကနဦးအစီရင်ခံစာကို ဇန်နဝါရီ ၂၉ ရက်တွင် အတည်ပြုခဲ့ပြီး UPR website တွင် upload လုပ်ထားကြောင်း သိရသည်။
သတင်းစဉ်