နေပြည်တော် အောက်တိုဘာ ၂၁
မြန်မာနိုင်ငံ၏ လမ်းပန်းဆက်သွယ်မှုနှင့် ပို့ဆောင်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေး အတွက် ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ လမ်းဦးစီးဌာနနှင့် KOICA Myanmar Office တို့ အကြား ပူးပေါင်းဆောင်ရွက်သည့် Feasibility Study on the Central Backbone Expressway in Myanmar( Yangon – Mandalay Expressway and Yangon - Ngayokekaung Expressway ) ၏ Final Report Meeting ကို ယနေ့ နံနက် ၉ နာရီခွဲတွင် လမ်းဦးစီးဌာန အစည်းအဝေး ခန်းမဆောင်မှ Video Conferencing စနစ်ဖြင့် ကျင်းပသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော် က မိမိတို့အနေဖြင့် ကိုရီးယားနိုင်ငံ၏ အခြေခံအဆောက်အအုံ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများတွင် ပိုမိုရင်းနှီးစွာ ပူးပေါင်းဆောင်ရွက် လိုပါကြောင်း၊ ယခုအခါ ရန်ကုန်မြို့ရှိ ကိုရီးယား- မြန်မာ ချစ်ကြည် ရေး(ဒလ)တံတား စီမံကိန်း၊ ကိုရီးယား - မြန်မာစက်မှုမြို့တော်စီမံကိန်း (Korea Myanmar Industrial Complex)တို့ ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုအစည်းအဝေးတွင် ရန်ကုန်-မန္တလေး အမြန် လမ်းနှင့် ရန်ကုန် - ငရုတ်ကောင်းအမြန် လမ်းတို့တွင် Feasibility Study နှင့်ပတ် သက်၍ အနှစ်ချုပ်ဆွေးနွေးသွားမည် ဖြစ်ပါကြောင်း၊ ရန်ကုန် - မန္တလေးအမြန်လမ်းသည် လက်ရှိအသုံးပြုနေသော အမြန်လမ်းဖြစ်ပြီး မြန်မာနိုင်ငံ၏ အဓိက မြို့ကြီး (၃)မြို့ ဖြစ်သည့် ရန်ကုန်၊ နေပြည်တော်နှင့် မန္တလေးမြို့များကို ဆက်သွယ်ထားပြီး တောင်-မြောက် စီးပွားရေး စင်္ကြံ၏ တစ်စိတ်တစ်ပိုင်းလည်း ဖြစ်ပါကြောင်း။
ရန်ကုန်- ငရုတ်ကောင်းအမြန်လမ်းသည် အသစ်ဖောက်လုပ်မည့် အမြန်လမ်းဖြစ်ပြီး၊ ရန်ကုန်နှင့် ဧရာဝတီ ကမ်းရိုးတမ်းဒေသကို ဆက်သွယ်ထားပါကြောင်း၊ မြန်မာနိုင်ငံ၏ Arterial Road Network Development ၏ Master Plan တွင် ပါဝင်သကဲ့သို့ အရှေ့ အနောက် စီးပွားရေးစင်္ကြံ၏ အလားအလာကောင်းသော အရေးပါသော လမ်းပိုင်းလည်း ဖြစ်ပါကြောင်း၊ အဆိုပါ လမ်းစီမံကိန်း(၂)ခုစလုံးသည် မြန်မာနိုင်ငံ၏ လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်ရန် အရေးပါသောကဏ္ဍမှ ပါဝင်ပါ၍အရေးကြီးအကြောင်းအရာများအား ပွင့်လင်းစွာ ဆွေးနွေးရန်နှင့်အကြံ ဉာဏ်ကောင်းများ ပံ့ပိုးကူညီပေးနိုင်ပါရန် တက်ရောက်သူများ အားလုံးကို ဖိတ်ခေါ်အပ်ပါကြောင်း။
စီမံကိန်းများ အကောင်အထည်ဖော်ရာတွင် Feasibility Study လေ့လာ တွေ့ရှိချက် များသည် အဓိက အကူအညီကောင်းများဖြစ်ပြီး သက်ဆိုင်ရာဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိပုဂ္ဂိုလ်များ ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် စိတ်ပါဝင်စားစွာ ပူးပေါင်းပါဝင် ဆောင်ရွက်မှုများကိုလည်း လှိုက်လှဲစွာ ကျေးဇူးတင်ရှိပါကြောင်း။
စီမံကိန်းလုပ်ငန်းများ ရည်မှန်းထားသည့် အတိုင်း အကောင်အထည်ဖော်နိုင်ရန် အဖွဲ့အစည်းများ၊ သက်ဆိုင်ရာဝန်ကြီးဌာနမှ ကျွမ်းကျင် ပညာရှင်များ၊ KOICA အဖွဲ့နှင့်အတူ စီမံကိန်းနှင့်ဆက်စပ်ကိစ္စရပ်မျာကို ဆွေးနွေးပေးကြရန် နှင့် အဓိကပြဿနာရပ်များအား ဝိုင်းဝန်းဖြေရှင်းနိုင်ပါစေကြောင်း တိုက်တွန်း ပြောကြား သည်။
ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသံအမတ်ကြီး မစ္စတာ လီဆောင်ဟွာ က ကြိုဆို နှုတ်ခွန်းဆက်စကား ပြောကြားသည်။
ယင်းနောက် KOICA Myanmar Office မှ Chief Representative, Ms. Lee Youn Soo က ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာနနှင့် KOICA Myanmar Office တို့အကြား ပူးပေါင်း ဆောင်ရွက်နေသည့် Feasibility Study on the Central Backbone Expressway of Myanmar Final Report Meeting နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် ကိုရီးယားပညာရှင် Mr. Tong hyun Kim က Final Report for Yangon-Mandalay Expressway နှင့်ပတ်သက်၍ အသေးစိတ် ရှင်းလင်းတင်ပြပြီး တင်ပြချက်များအပေါ် အစည်းအဝေးသို့ တက်ရောက်သူများက သိလိုသည်များ အကြံပြုဆွေးနွေး မေးမြန်းရာ ပြန်လည်ဖြေကြားသည်။
ဆက်လက်၍ ကိုရီးယားပညာရှင် Mr. Seong yil Bae က Final Report for Yangon-Ngayokekaung Expressway နှင့်ပတ်သက်၍ အဓိကအကြောင်းအရာပါ အချက်အလက်များကို အသေးစိတ်ရှင်းလင်းဆွေးနွေးပြီး ဆွေးနွေးချက်များအပေါ် အစည်းအဝေးသို့ တက်ရောက် လာသူများက သိရှိလိုသည်များ အကြံပြုဆွေးနွေး မေးမြန်းရာ ပြန်လည်ဖြေကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော် က နိဂုံးချုပ် အမှာစကား ပြောကြားသည်။
KOICA ၏ နည်းပညာ အကူအညီဖြင့် ဆောင်ရွက်သည့် မြန်မာနိုင်ငံ၏ အဓိကကျောရိုး လမ်းမကြီး နှစ်ခုဖြစ်သည့် ရန်ကုန် - မန္တလေးအမြန်လမ်း အဆင့်မြှင့် တင်ခြင်းစီမံကိန်းနှင့် ရန်ကုန် - ငရုတ်ကောင်း အမြန်လမ်း အသစ်ဖောက်လုပ်နိုင်ရေး ပဏာမဖြစ်တန်စွမ်း လေ့လာ ခြင်းကို ၂၀၁၈ ခုနှစ်တွင် စတင်ဆောင်ရွက်ခဲ့သည်။
အဆိုပါ လမ်း(၂)လမ်းသည် မြန်မာနိုင်ငံအတွက် အရေးကြီးသော လမ်းကွန်ယက်တွင် ပါဝင်ကာ ရန်ကုန် - မန္တလေးအမြန်လမ်းသည် တောင်-မြောက် စီးပွားရေးစင်္ကြံလမ်းမကြီးဖြစ်ပြီး ၊ ရန်ကုန် -ငရုတ်ကောင်းလမ်းသည် အရှေ့ - အနောက် စီးပွားရေးစင်္ကြံ လမ်းမကြီး၏ ဆက်လက် တိုးချဲ့မည့် လမ်းပိုင်းတွင် ပါဝင်သည်။ အဓိကကျသော အမြန်လမ်းများကို အကောင်အထည် ဖော်ခြင်းအားဖြင့် မြန်မာနိုင်ငံ၏ လိုအပ်သော အခြေခံ အဆောက်အဦများ အတွက် သာမက ပြည်နယ်နှင့် တိုင်းဒေသကြီးများ အတွင်းမှာလည်း ဟန်ချက်ညီညီဖြင့် ဖွံ့ဖြိုးတိုး တက်မှုတွင် များစွာအထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)