Skip to main content

(၄၂) ကြိမ်မြောက် အာဆီယံ လယ်ယာစိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာ ဝန်ကြီးများအဆင့် အစည်းအဝေး ကျင်းပ

နေပြည်တော် အောက်တိုဘာ ၂၁

(၄၂) ကြိမ်မြောက် အာဆီယံ လယ်ယာစိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာဝန်ကြီးများ အဆင့် အစည်းအဝေးကို ယနေ့နံနက်ပိုင်းက Blue Jeans Application အသုံးပြု၍ Virtual Meeting အဖြစ် ကျင်းပသည်။

အစည်းအဝေးတွင် ကမ္ဘောဒီးယားနိုင်ငံ၊ စိုက်ပျိုးရေး၊ သစ်တောနှင့် ရေလုပ်ငန်းဝန်ကြီး ဌာန ဝန်ကြီး Veng Sakhon က သဘာပတိအဖြစ် ဆောင်ရွက်သည်။

အစည်းအဝေးသို့ စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာအောင်သူ နှင့် မြန်မာကိုယ်စားလှယ်အဖွဲ့ ပါဝင်တက်ရောက် ကြ၍ စားနပ်ရိက္ခာဖူလုံရေး၊ အစားအစာ ဘေးအန္တ ရာယ် ကင်းရှင်းစေရေးနှင့် အဟာရပြည့်ဝစေရေး ၊ ကုန်သွယ်မှု လွယ်ကူချောမွေ့စေရေး တို့အတွက် ကိုဗစ်-၁၉ ကပ်ရောဂါ၏ နောက်ဆက်တွဲ သက်ရောက်နိုင်မှုတို့အပေါ် အာဆီယံ နိုင်ငံများက တုံ့ပြန်ဆောင်ရွက်နေသည့် နည်းလမ်းများ ကို ဆွေးနွေးခဲ့ကြသည်။

အစည်းအဝေး၌ စားနပ်ရိက္ခာ၊ စိုက်ပျိုးရေးနှင့် သစ်တောကဏ္ဍများတွင် ပူးပေါင်းဆောင် ရွက်မှုဆိုင်ရာ မူဝါဒမူဘောင်အရ ဆောင်ရွက်ခဲ့သည့် ဖြစ်ပေါ်တိုးတက်မှုအခြေအနေများကို တင်ပြရာတွင် ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားမှုကို တုံ့ပြန်သည့်အနေဖြင့် အာဆီယံ လယ်ယာ စိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာဝန်ကြီးများ၏ အဆိုပြုချက်များကို ၂၀၂၀ပြည့်နှစ်၊ ဧပြီ (၁၅)ရက်တွင် သဘောတူထုတ်ပြန်ခဲ့ခြင်း၊ အာဆီယံစားနပ်ရိက္ခာ စိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာ မျှော်မှန်းချက်နှင့် နည်းဗျူဟာအစီအစဉ် (၂၀၁၆-၂၀၂၀) အား ကာလတို ပြန်လည် သုံးသပ်ခြင်း၊ အပင်ပိုးမွှားရောဂါ ကင်းစင်ရေးဆိုင်ရာ အပြည်ပြည်ဆိုင်ရာ စံချိန်စံညွှန်းများ အကောင်အထည်ဖော်မှု အတွက် အာဆီယံဒေသဆိုင်ရာ လမ်းညွှန်ချက်များကို အတည်ပြု ခြင်း၊ အသားကဏ္ဍအတွက် အာဆီယံနည်းဗျူဟာ လုပ်ငန်းစဉ် (၂၀၂၁-၂၀၂၅)ကို အတည်ပြု ခြင်း၊ သီးနှံကဏ္ဍအတွက် အာဆီယံနည်းဗျူဟာ လုပ်ငန်းစဉ် (၂၀၂၁-၂၀၂၅)ကို အတည်ပြုခြင်း၊ ငါးကဏ္ဍအတွက် အာဆီယံနည်းဗျူဟာ လုပ်ငန်းစဉ် (၂၀၂၁-၂၀၂၅)ကို အတည်ပြုခြင်း၊ Fall Army Worm ဖျက်ပိုးအား ထိန်းချုပ် ကာကွယ်ရေးဆိုင်ရာ လုပ်ငန်းစဉ် (၂၀၂၀-၂၀၂၅) ကို အတည်ပြုခြင်း၊ သစ်မဟုတ်သော သစ်တောထွက်ပစ္စည်းများ ရေရှည်တည်တံ့စေရေး အတွက် စီမံခန့်ခွဲမှုဆိုင်ရာ လမ်းညွှန်ချက်အား အတည်ပြုခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

ထို့အပြင် ၂၀၂၁ ခုနှစ်တွင် ဆောင်ရွက်မည့် Key deliverables များအနက် အသား ကဏ္ဍတွင် ဇီဝသတင်း အချက်အလက်၊ နယ်စပ်ဖြတ်ကျော် တိရစ္ဆာန်ရောဂါများ ကာကွယ် ထိန်းချုပ် ရေးနှင့် ကုန်သွယ်မှုအစီအစဉ်များ၊ ဇီဝလုံခြုံမှုဆိုင်ရာ အစီအမံများနှင့် အရည်အသွေး ထိန်းသိမ်းမှုဆိုင်ရာ ဒေသဆိုင်ရာရည်ညွှန်းဗဟိုဌာန တည်ထောင်ခြင်း၊ သီးနှံကဏ္ဍအတွက်  သီးနှံများ တင်သွင်းရာတွင် အာဆီယံအပင် ရောဂါပိုးမွှား ကင်းစင်ရေးဆိုင်ရာ လမ်းညွှန်ချက်များ ချမှတ်ခြင်း၊ ငါးကဏ္ဍအတွက် ရေချိုငါးမွေးမြူရေးတွင် AMR Anti-microbial Resistance နှင့် သက်ဆိုင်သော လုပ်ငန်းစဉ်များ ချမှတ်ခြင်း၊ အာဆီယံ အစားအစာ ဘေးအန္တရာယ် ကင်းရှင်းရေး ဆိုင်ရာမူဝါဒနှင့် နည်းဥပဒေ မူဘောင်အတွက် သဘောတူညီမှု စာချုပ်ချုပ်ဆိုနိုင် ရေးတို့ကို ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်သည်။

အလားတူ စားနပ်ရိက္ခာ၊ စိုက်ပျိုးရေးနှင့် သစ်တောကဏ္ဍများ ဖွံ့ဖြိုးတိုးတက်စေရေး အတွက် မိတ်ဖက်အဖွဲ့အစည်းများ၊ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများ၊ နိုင်ငံများ ပူးပေါင်း ဆောင်ရွက်မှုတွင် ဩစတြေးလျ၊ တရုတ်၊ ဂျာမဏီ၊ အိန္ဒိယ၊ ဂျပန်၊ ကိုရီးယား၊ ရုရှားတို့နှင့် လည်းကောင်း၊ FAO, OIE, Grow Asia တို့နှင့်လည်းကောင်း ပူးပေါင်းဆောင်ရွက်ခဲ့သည်။

အစည်းအဝေးတွင် (၄၂)ကြိမ်မြောက် အာဆီယံ လယ်ယာစိုက်ပျိုးရေးနှင့်သစ်တော ဆိုင်ရာ ဝန်ကြီးများ အဆင့်အစည်းအဝေး၏ ပူးတွဲ ကြေညာချက်အပေါ် အတည်ပြုခဲ့ပြီး ၊ (၄၃) ကြိမ်မြောက် အာဆီယံလယ်ယာ စိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာဝန်ကြီးများ အဆင့် အစည်းအဝေးကို အင်ဒိုနီးရှားနိုင်ငံ West Java ရှိ Bandung မြို့တွင် ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။ (သတင်းစဉ်)