ရန်ကုန် ဇူလိုင် ၇
မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ် အောင်ဆန်းအားကစားပြိုင်ဝင်းအတွင်းရှိ မိုးလုံလေလုံအားကစားရုံသို့ ရောက်ရှိပြီး အားကစားသမားများကို ရင်းရင်းနှီးနှီးနှုတ်ဆက်ကာ မြန်မာ့ဘော်လီဘောအားကစားနည်း ပြန်လည်အောင်မြင်လာအောင် ကြိုးစားပြီး နိုင်ငံတော်အတွက် ကျရာအခန်းကဏ္ဍမှ တစ်တပ်တစ်အားပါဝင်ကူညီရန်မှာကြား၍ ပဏာမလက်ရွေးစင်ဘော်လီဘောအားကစားသမားများ လေ့ကျင့်နေမှုကို ကြည့်ရှုအားပေးသည်။
ယင်းနောက် ၂၀၂၅ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် U-18 ပြေးခုန်ပစ်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ရန်ကုန်မြို့တောင်ဥက္ကလာပမြို့နယ် ပဒေသာအားကစားကွင်း၌ကျင်းပရာ မြန်မာနိုင်ငံ အိုလံပစ်ကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့်တာဝန်ရှိသူများ၊ မြန်မာနိုင်ငံပြေးခုန်ပစ်အဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ ပြိုင်ပွဲဗိုလ်လုပွဲများကို ကြည့်ရှုအားပေးကြပြီး ပြည်ထောင်စုဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိပုဂ္ဂိုလ်များသည် အမျိုးသားမီတာ ၂၀၀၀ တားဆီးကျော်ပြေးပြိုင်ပွဲ၊ အမျိုးသမီး/အမျိုးသားသုံးဆင့်ခုန်ပြိုင်ပွဲ၊ အမျိုးသမီး/အမျိုးသား မီတာ ၁၅၀၀ ပြိုင်ပွဲ၊ အမျိုးသမီး/အမျိုးသား မီတာ ၁၀၀ ပြိုင်ပွဲ၊ အမျိုးသမီး/အမျိုးသားမီတာ ၄၀၀ x ၄ လက်ဆင့်ကမ်းပြိုင်ပွဲများတွင် စံချိန်ချိုးအားကစားသမားများကို ဂုဏ်ပြုဆုတံဆိပ်နှင့် ဆုငွေတို့ကိုလည်းကောင်း၊ အမျိုးသမီးတံခွန်စိုက်ဆုဖလားရရှိသွားသော ရှမ်းပြည်နယ်အသင်း၊ အမျိုးသားတံခွန်စိုက်ဆုဖလားရရှိသွားသော ဧရာဝတီတိုင်းဒေသကြီးအသင်းနှင့် စုပေါင်းတံခွန်စိုက်ဆုဖလားရရှိသွားသော ရှမ်းပြည်နယ်အသင်းတို့ကို တံခွန်စိုက်ဆုဖလားနှင့် စုပေါင်းတံခွန်စိုက်ဆုဖလားများကိုလည်းကောင်းပေးအပ်ချီးမြှင့်သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် လူငယ်အားကစားလေ့ကျင့်ရေးစခန်းသုဝဏ္ဏရှိ မြန်မာနိုင်ငံပိုက်ကျော်ခြင်းအားကစားရုံသို့ ရောက်ရှိပြီး လူရွေးချယ်ရန်အတွက် လေ့ကျင့်နေသော Kabaddi အားကစားသမားများအား ရင်းရင်းနှီးနှီးတွေ့ဆုံကာ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်မြို့ အမျိုးသားအားကစားပြိုင်ပွဲရုံ(၁)သုဝဏ္ဏရှိ ပတ္တမြားခန်းမ၌ကျင်းပသည့် ၂၀၂၅ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ်အားကစားပြိုင်ပွဲများဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်၍ အဖွင့်အမှာစကားပြောကြားသည်။
ဆက်လက်၍ ကရင်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ဧရာဝတီတိုင်းဒေသကြီးတို့မှ အစိုးရအဖွဲ့လူမှုရေးရာဝန်ကြီးများနှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူတို့က မိမိတိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် လက်ခံကျင်းပမည့် ပြိုင်ပွဲကျင်းပရေးဆိုင်ရာများကို တင်ပြဆွေးနွေးသည်။
ယင်းနောက် ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက ၂၀၂၅ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ်အားကစားပြိုင်ပွဲများ အောင်မြင်စွာကျင်းပနိုင်ရေးနှင့်ပတ်သက်သည့် ဆောင်ရွက်ပေးရမည့် ကိစ္စရပ်များအပေါ် လိုအပ်ချက်များကို ဖြည့်စွက်ဆွေးနွေးပြီး ပြည်ထောင်စုဝန်ကြီးက ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်