ဗုဒ္ဓမြတ်စွာဘုရားရှင် ရာဇဂြိုဟ်ပြည်ဝေဠုဝန်ကျောင်းတော်၌ သီတင်းသုံးတော်မူစဉ်အခါ ရဟန်းတို့အား ဝါဆိုဝါကပ်ပညတ်တော်မမူရသေးသည့် ကာလဖြစ်ခြင်းကြောင့် ရဟန်းတို့သည်လည်း နွေမိုးဆောင်းဥတုသုံးပါးလုံးတို့တွင် ဒေသစာရီလှည့်လည်ကြကုန်သည်။ ထိုအခါ သာသနာတော်တွင် ကြည်ညိုခြင်းမရှိသူတို့က ဤသို့ခရီးလှည့်လည်ခြင်းကို ပြစ်တင်ကာ တိတ္ထိတို့သည်ပင် မိုးအခါ၌ ကြောင့်ကြမဲ့စွာ ကိန်းအောင်းကြ၏။ ကျေးငှက်တို့သည်လည်း မိုးအခါသစ်ပင်တို့၌ အသိုက်ပြုကာကြောင့်ကြမဲ့နေကြကုန်၏ဟု ကဲ့ရဲ့ရှုတ်ချကြရာ ဗုဒ္ဓမြတ်စွာဘုရားရှင်က ရဟန်းတော်တို့အား ဝါဆိုဝါကပ်ခြင်းကို ခွင့်ပြုတော်မူခဲ့သည်။
ဝိနည်းတော်အရ ရဟန်းတော်များသည် ဝါတွင်းသုံးလပတ်လုံး အရပ်တစ်ပါးသို့မသွားဘဲ တစ်ကျောင်းတစ်နေရာ၌သာ သီတင်းသုံးပါမည်ဟု ရွတ်ဆိုအဓိဋ္ဌာန်ပြုကြပြီး ပရိယတ္တိ၊ ပရိပတ္တိအလုပ်တို့ကို ကြိုးပမ်းကြသည်။ မြတ်စွာဘုရားရှင် သာဝတ္ထိပြည်ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးတော်မူစဉ် ရဟန်းတော်များအား ဝါဆိုသင်္ကန်းအလှူခံ၍ သုံးစွဲရန်လည်း ပညတ်ခြင်းမပြုရသေးသည့်အချိန်တွင် ရဟန်းတော်များမှာ ပံ့သကူသင်္ကန်းများကိုသာ ပြုလုပ်သုံးစွဲတော်မူကြရသည်။ ပံ့သကူသင်္ကန်းဆိုသည်မှာ လူတို့စွန့်ပစ်သည့်အဝတ်စုတ်များ၊ လူသေတွင် ရစ်ပတ်သည့်အဝတ်များကို ကောက်ယူ၍လျှော်ဖွပ်ပြီး သင်္ကန်းဖြစ်အောင်ချုပ်စပ်ကာ ဖန်ရည်ဆိုး၍ ဝတ်ရုံကြရသည့် သင်္ကန်းဖြစ်သည်။ နောင်အခါ သမားတော်ကြီး ဇီဝကလျှောက်ထားတောင်းပန်မှုကြောင့် လူဒါယကာတို့လှူဒါန်းသည့် သင်္ကန်းကို အလှူခံခွင့်ရရှိလာကြခြင်းဖြစ်သည်။
ဝါဆိုလတွင် ကာလဒါနအဖြစ် အမွန်အမြတ်ထားကာလှူဒါန်းကြသော ဝါဆိုသင်္ကန်းသည် ဝါတွင်းသုံးလအတွင်း ဝါသို့ကပ်၍ ဝါကျိုးခြင်းပျက်ခြင်းမရှိဘဲ နေတော်မူသော ရဟန်းတော်တို့အား လှူဒါန်းအပ်သော သင်္ကန်း၊ ဝါတွင်းသုံးလပတ်လုံး သိက္ခာမညှိုးဘဲ နေတော်မူသော ရဟန်းတော်တို့သာလျှင် ခံယူထိုက်သောသင်္ကန်းဖြစ်သည်။ အပါယ်မကျအောင်တားဆီးသည့် ကုသိုလ်ခုနစ်မျိုးတို့မှာ သရဏဂုံလုံခြုံစွဲမြဲခြင်း၊ ငါးပါးသီလကို မြဲမြံစွာဆောက်တည်ထိန်းသိမ်းခြင်း၊ လဆန်းရက် လဆုတ်ရက်များတွင် ဆွမ်းမပြတ်လှူဒါန်းခြင်း၊ စာရေးတံမဲလှူဒါန်းခြင်း၊ ဝါဆိုသင်္ကန်း လှူဒါန်းခြင်း၊ ရေတွင်းရေကန်လှူဒါန်းခြင်း၊ သံဃိကကျောင်းသင်္ခန်းလှူဒါန်းခြင်းတို့ဖြစ်ရာ အပါယ်ဘေးကင်းပျောက် စေသည့်ကုသိုလ်ကို ဝါဆိုသင်္ကန်းလှူဒါန်းခြင်းဖြင့်လည်း ရရှိနိုင်သည်။
ထို့အပြင် သံဃာတော်တို့အား ဝါဆိုသင်္ကန်းလှူဒါန်းခြင်း ဖြင့် သံသရာတွင် ကျင်လည်နေသမျှ ကာလပတ်လုံး (၁)အဝတ်အထည်အတွက် စိုးရိမ်ကြောင့်ကြရမှုကင်းခြင်း၊ (၂) ရုပ်ဆင်းအင်္ဂါ ရွှေရောင်အဆင်း လှပတင့်တယ်ခြင်း၊ (၃) ခန္ဓာကိုယ်အရောင်အဝါထွန်းလင်းခြင်း၊ (၄) အသားအရေ နူးညံ့ချောမွေ့ခြင်း၊ (၅) ခန္ဓာကိုယ်တွင်အညစ်အကြေးတို့ကင်းစင်ခြင်း၊ (၆) အလိုရှိပါက တောင့်တရုံမျှဖြင့် အဝတ်အထည်တို့ရရှိခြင်း၊ (၇)သံသရာ၌ ဘုရားရှင်တို့နှင့် တွေ့ကြုံဖူးမြော်ခွင့်ရရှိခဲ့သော် ထိုဘုရားရှင်က “ဧဟိဘိက္ခူ” ခေါ်ရုံမျှဖြင့် ရဟန်းအသွင် အလိုလိုဖြစ်ရခြင်းဟူသော အကျိုးတရားခုနစ်ပါးတို့ကိုလည်း ရရှိနိုင်ကြသည်။
ဝါဆိုလသည် နွေမှမိုးသို့ ကူးပြောင်းသည့်လဖြစ်ပြီး နွေရက်လက်ကျန်များနှင့်အတူ မိုးဖြိုင်ဖြိုင်ရွာသွန်းသည့် လလည်းဖြစ်သည်။ ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်ကြသူတို့ ဥပုသ်သီတင်း ဆောက်တည်ကြရတော့မည့်ကာလ စတင်ရာလည်းဖြစ်သည်။ ဝါဆိုလပြည့်နေ့သည် “သန္ဓေ၊ တောထွက်၊ ဓမ္မစက်၊ တစ်ချက် ပြာဋိဟာ” ဆိုသည့်အတိုင်း ဘုရားအလောင်း ပရိသန္ဓေတည်တော်မူသောနေ့၊ ဘုရားအလောင်းတောထွက်တော်မူသောနေ့၊ ဘုရားအဖြစ်သို့ရောက်တော်မူပြီး ဓမ္မစကြာတရားဦးကို ပဉ္စဝဂ္ဂီ ငါးပါးတို့အား ဟောကြားတော်မူသော နေ့ ၊ တိတ္ထိတို့ကို နှိမ်နင်းကာ တန်ခိုးပြဋိဟာပြတော်မူသောနေ့ဖြစ်ရာ ထူးမြတ်သောနေ့ဖြစ်သည်။ ဗုဒ္ဓဘာသာသာသနာ၏ ယဉ်ကျေးမှုအစဉ်အလာနှင့်အညီ ကောင်းမြတ်သော ကုသိုလ်အမှုတို့ကိုပြုကာ ကောင်းကျိုးအဖြာဖြာတို့ ပြည့်စုံနိုင်ကြပါစေကြောင်း။ ။