နေပြည်တော် ဇူလိုင် ၅
လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်ပစ္စည်းများ သုတေသနဖွံ့ဖြိုးရေးနှင့် နည်းပညာပြန့်ပွားရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် ယမန်နေ့ညနေပိုင်းတွင် နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေး ဆရာအတတ်သင်ကောလိပ် (TTTC ဘယ်လင်း)တွင် ကျင်းပသည့် EV ပြုပြင်ထိန်းသိမ်းမှုသင်တန်း (၂/၂၀၂၅)ဆင်းပွဲအခမ်းအနားကို ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်သည်။
ဦးစွာ ဒုတိယဝန်ကြီးက သင်တန်း ဆင်းများသည် EV နည်းပညာများကို လုပ်ငန်းခွင်များတွင် အကျိုးရှိစွာ ပြန်လည်အသုံးချကြရန်နှင့် EV အသိပညာများကို ပြည်သူများအပါအဝင် EV Stakeholder များ၏ လက်ဝယ်အရောက် ထိရောက်ကျယ်ပြန့်စွာ ဖြန့်ဝေပေးနိုင်ရေး အလေးထားဆောင်ရွက်သွားရန်၊ နိုင်ငံ့ EV ကဏ္ဍဖွံ့ဖြိုးရေး လုပ်ငန်းများတွင် တစ်တပ်တစ်အား ပါဝင်ဆောင်ရွက်သွားရန်လိုအပ်ကြောင်း တိုက်တွန်းမှာကြားသည်။
ယင်းနောက် သင်တန်းဆင်း တစ်ဦးက သင်တန်းဆင်းများကိုယ်စား ကျေးဇူးတင်စကားပြောကြားခဲ့ပြီး (TTTC ဘယ်လင်း) ကျောင်းအုပ်ကြီးက သင်တန်းဆင်းများထံ သင်တန်းဆင်းလက်မှတ်များ ပေးအပ်သည်။
သင်တန်းတွင် လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး၊ UNR 100 ၊ ဗို့အားမြင့်မောင်းနှင်ခြင်းစနစ်၊ ဘက်ထရီနည်းပညာ၊ ထိန်းချုပ်စနစ်၊ Special Hand Tools ကိုင်တွယ် အသုံးပြုပုံ၊ ပြစ်ချက်ရှာဖွေခြင်းနှင့် စမ်းသပ်ခြင်း၊ Traction Battery ဖြုတ်တပ်ခြင်းနှင့်စမ်းသပ်ခြင်း၊ Electrical Power Train စနစ်ဖြုတ်တပ်ခြင်းနှင့် စမ်းသပ်ခြင်းဆိုင်ရာ လက်တွေ့လုပ်ငန်းများကို အဆင့်မြင့်သင်ထောက်ကူမော်ကျူးများဖြင့် Electude Digital Learning Management System နှင့် တွဲဖက်ပြီး ဇွန် ၁၆ ရက် မှ ဇူလိုင် ၄ ရက်အထိ သင်တန်း ကာလ သုံးပတ်အတွင်း တစ်ပတ် လျှင်ငါးရက်၊ တစ်ရက်လျှင် ခြောက်နာရီနှုန်းသင်တန်းချိန် နာရီ ၉၀ ဖြင့် လေ့ကျင့်ပေးခဲ့ပြီး နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးတိုင်းဒေသကြီးတို့ရှိ EV ကုမ္ပဏီများနှင့် ကားဝပ်ရှော့များမှ သင်တန်းသား ၂၀ နှင့် ဌာနဆိုင်ရာ သင်တန်းသားခုနစ်ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်