Skip to main content

ပုံမှန်ကာကွယ် ဆေးထိုး/တိုက် အစီအစဉ်တွင် အိတ်ချ်ပီဗီ ကာကွယ်ဆေး စတင်ထည့်သွင်းထိုးနှံခြင်း ဗဟိုအဆင့် ဖွင့်ပွဲကျင်းပ၊ ကာကွယ်ဆေး စတင်ထိုးနှံပေး

မြစ်ကြီးနား အောက်တိုဘာ ၂၁

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ပုံမှန်ကာကွယ် ဆေးထိုး/တိုက် အစီအစဉ်တွင် အမျိုးသမီးငယ်များအတွက် သားအိမ်ခေါင်း ကင်ဆာရောဂါ ကာကွယ်ဆေး အိတ်ချ်ပီဗီကာကွယ်ဆေးစတင် ထည့်သွင်းထိုးနှံခြင်း ဗဟိုအဆင့်ဖွင့်ပွဲနှင့်အတူ ကချင်ပြည်နယ်တွင်လည်း ကာကွယ်ဆေးစတင်ထိုးနှံပေးခြင်းလုပ်ငန်းကို ယမန်နေ့ မွန်းလွဲပိုင်းတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ပြုလုပ်ခဲ့ကြ သည်။

ဗဟိုအဆင့်ဖွင့်ပွဲ အခမ်းအနားကို နေပြည်တော်ရှိ MICC-2 ခန်းမ၌ Visual / Online ဖြင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်းပြောကြားခြင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေးက ပုံမှန်ကာကွယ်ဆေးထိုးအစီအစဉ်တွင် အိတ်ချ်ပီဗီ ကာကွယ်ဆေးစတင်ထည့်သွင်းခြင်းလုပ်ငန်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခြင်း၊ ပညာပေးဗီဒီယို ဖွင့်လှစ်ပြသခြင်းနှင့် ကာကွယ်ဆေးထိုးနှံခြင်းစသည့် အခမ်းအနားပြုလုပ်ကျင်းပမှုများကို ကချင်ပြည်နယ်မှနေ၍ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်နှင့် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ပြည်သူ့ကျန်းမာနှင့် ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၊ ကာကွယ်ဆေးထိုးနှံမည့် မိန်းကလေးငယ်များနှင့် မိခင်များက တက်ရောက်ခဲ့ကြသည်။

ယင်းနောက် ဗဟိုအဆင့် အခမ်းအနားအပြီးတွင် ပြည်နယ်ဝန်ကြီးချုပ်က အသက်(၉)နှင့် (၁၀)နှစ်ကြား မိန်းကလေးငယ် (၅) ဦးတို့အား သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး (HPV) ထိုးနှံမှုကို တာဝန်ရှိသူများနှင့်အတူ ကြည့်ရှုအားပေးခဲ့ကြပြီး မိန်းကလေးငယ်များအား လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြသည်။

အဆိုပါ အိတ်ချ်ပီဗီကာကွယ်ဆေးထိုးနှံပေးရန် ကချင်ပြည်နယ်အတွင်းရှိ ၂၀၁၀ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်မှ ၂၀၁၁ ခုနှစ် သြဂုတ်လ (၃၁) ရက်အတွင်းမှာ  မွေးဖွားခဲ့သည့် အသက် (၉) နှစ်နှင့် (၁၀) ကြား မိန်းကလေးငယ်အားလုံးကို စာရင်းကောက်ယူ ထားပြီး ပထမအကြိမ်အဖြစ် ရည်မှန်းဦးရေ (၁၅၇၆၉) ဦးကို ထိုးနှံပေးသွားမည်ဖြစ်ကြောင်း၊ ကာကွယ်ဆေးထိုးနှံခြင်းကိုလည်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လိုက်နာဆောင်ရွက်ရန် လုပ်ငန်းလမ်းညွှန်နှင့်အညီ ပြည်သူလူထုအခြေပြုပုံစံဖြင့် ထိုးနှံ ပေးသွားမည်ဖြစ်ကြောင်းနှင့် တစ်ကြိမ်နှင့် တစ်ကြိမ် (၁၂) လခြား၍ (၂) ကြိမ် ထိုးနှံပေးသွားမည် ဖြစ်ကြောင်း ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

ပြည်နယ်ပြန်/ဆက်