Skip to main content

မဟာမုနိဘုရားကြီး ဂန္ဓကုဋိကျောင်းတော်ကြီးနှင့် သာသနိကအဆောက်အအုံများ ပြန်လည်ပြုပြင်တည်ဆောက်နေမှု မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင် ကြည့်ရှုစစ်ဆေး

မန္တလေး ဇူလိုင် ၄

မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်သည် တိုင်းဒေသကြီးဝန်ကြီးများနှင့်အတူ ယနေ့ နံနက်ပိုင်းက မဟာမုနိဘုရားကြီး ဂန္ဓကုဋိကျောင်း တော်ကြီးနှင့် သာသနိကအဆောက်အအုံများ ပြန်လည် ပြုပြင်တည်ဆောက်နေမှုများ၊ မြစ်ငယ်-ထုံးဘို တိုးဂိတ်မန္တလေးမြို့အဝင်လမ်းမကြီးအား ဆေးကြောသန့်ရှင်းခြင်းဆောင်ရွက်နေမှုများကို လိုက်လံကြည့်ရှု စစ်ဆေးသည်။

ဦးစွာ ချမ်းမြသာစည်မြို့နယ်ရှိ မဟာမုနိဘုရားကြီးသို့ရောက်ရှိပြီး အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးများ လာရောက်ဖူးမြော်ကြည်ညိုနေမှု၊ မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဂန္ဓကုဋိကျောင်းတော်ကြီးနှင့် သာသနိကအဆောက်အအုံများ ပြန်လည် ပြုပြင်တည်ဆောက်နေမှုများကို လိုက်လံကြည့်ရှုပြီး တာဝန်ရှိသူများအား ဘုရားဖူးလာပြည်သူများ စိတ်အေးချမ်းမြေ့စွာဖြင့် ဖူးမြော်ကြည်ညိုနိုင်ရေးမှာကြားပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် အမရပူရမြို့နယ်ရှိ မြစ်ငယ်-ထုံးဘို တိုးဂိတ်သို့ရောက်ရှိပြီး မန္တလေးမြို့ဝင် ရန်ကုန်-မန္တလေးလမ်းဟောင်း မြစ်ငယ် - ထုံးဘိုတိုးဂိတ်မှ မြစ်ငယ်တံတားထိပ်အထိ လမ်းမကြီးနှင့် လမ်းလယ်ကျွန်းများအား ဆေးကြောသန့်ရှင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှု၊ ယာဉ်ကြောပိတ်ဆို့မှုမဖြစ်ပေါ် စေရေးနှင့် ယာဉ်အန္တရာယ်ကင်းရှင်းစေရေးအတွက် ယာဉ်ကြောပြအမှတ်အသားများ ပေါ်လွင်ထင်ရှားစေရန် ဆေးကြောခြင်းဆောင်ရွက်နေမှုများကို လိုက်လံကြည့်ရှုစစ်ဆေးသည်။

ဆက်လက်၍မန္တလေးတက္ကသိုလ် နှစ် (၁၀၀) ပြည့် အထိမ်းအမှတ် ရာပြည့်ဂုဏ်ပြုမဂ္ဂဇင်း၊ အမှတ်တရ ပစ္စည်းများရောင်းချခြင်းနှင့် သမိုင်းမှတ်တမ်း ဓာတ်ပုံ များ၊ ပန်းချီကားများပြသခြင်း အခမ်းအနားကို မန္တလေးတက္ကသိုလ်ရှိ ၁၉၂၅ ခုနှစ် ဇူလိုင် ၄ ရက်တွင် မန္တလေးဥပစာကောလိပ်အဖြစ် သန္ဓေတည်ဖွင့်လှစ်ခဲ့ သည့်သမိုင်းဝင်အုတ်တိုက်နီအဆောက်အအုံ၌ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ တာဝန်ရှိသူများတက်ရောက်အားပေးကြပြီး မန္တလေးတက္ကသိုလ် နှစ်(၁၀၀)ပြည့် ကျင်းပရေးကော်မတီမှ ရာပြည့်အထိမ်းအမှတ် ဂုဏ်ပြုမဂ္ဂဇင်းများနှင့် အမှတ်တရလက်ဆောင် ပစ္စည်းရောင်းချပေးနေမှုများ၊ သမိုင်းဝင်မှတ်တမ်း ဓာတ်ပုံများနှင့် ပန်းချီကားများပြသထားမှုများကို လိုက်လံကြည့်ရှုအားပေးသည်။ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မန္တလေးတက္ကသိုလ် ရာပြည့်သဘင် ပွဲတော်အတွက်လှူဒါန်းသည့် မြန်မာ-ဂျပန်စီးပွား ရေးလုပ်ငန်းရှင်များအသင်းက လှူဒါန်းငွေကျပ်သိန်း ၁၀၀၊ မန္တလေးတက္ကသိုလ် ကျောင်းသူဟောင်း ဒေါ်ခင်စောဦးမှ ဒုတိယအကြိမ် လှူဒါန်းငွေကျပ်သိန်း ၅၀ တို့ကို လက်ခံပြီး ဇူလိုင် ၄ ရက်တွင် ကျရောက် သည့် အမိတက္ကသိုလ် မွေးနေ့အထိမ်းအမှတ်ကိတ်အား ဆရာကြီးဆရာမကြီးများ၊ မြို့မိမြို့ဖများ၊ ကျောင်းသား ကျောင်းသူဟောင်းများနှင့်အတူ လှီးဖြတ်ပေး၍ စတုဒိသာများဖြင့် ဧည့်ခံခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်