Skip to main content

ငလျင်ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သည့်ဒေသများ၌ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အင်တိုက်အားတိုက် ဆက်လက်ဆောင်ရွက်လျက်ရှိ

နေပြည်တော် ဇူလိုင် ၄

မြန်မာနိုင်ငံတွင်လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့်နေရာများ၌ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အဖွဲ့အစည်းအသီးသီးက ဒေသခံပြည်သူများနှင့်ပူးပေါင်း၍ အင်တိုက်အားတိုက် ကူညီဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီးသက်ပုံနှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့အတွင်းရှိ ဝေဠုဝန်ငါးထပ်ကြီးဘုရား၊ ဘုရားဖြူစေတီ၊ မဟာစည်းခုံကြီးစေတီ၊ ရွှေစေတီဘာသန္တရ သင်တန်းကျောင်း၊ လေးကျွန်းမြေအုဋ်ကျောင်း ပရိယတ္တိစာသင်တိုက်၊ မျိုးရင်ရင်သီလရှင်စာသင်တိုက်နှင့် မှန်ကူကျောင်းတိုက်တို့၌ ငလျင်ဒဏ်ကြောင့်ထိခိုက်ပျက်စီးခဲ့သော သာသနိကအဆောက်အအုံများကို လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် စက်ယန္တရားကြီးများအသုံးပြု၍ အပြီးသတ်ဖယ်ရှားရှင်းလင်းနေမှုတို့ကို ကြည့်ရှုစစ်ဆေးကာ လုပ်အားပေးဆောင်ရွက်နေကြသူများကို အားဖြည့်အချိုရည်များပေးအပ်ပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

ဆက်လက်ပြီး ဒုတိယဗိုလ်ချုပ်ကြီးသက်ပုံနှင့် တာဝန်ရှိသူများသည် ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သော ရာဇမဏိစူဠာကောင်းမှုတော်စေတီ၊ မေတ္တာကန်နှင့် ဆွမ်းဦးပုညရှင်စေတီများရှိ သာသနိကအဆောက် အဆောက်အအုံများကို ဘက်စုံပြန်လည်ပြုပြင် မွမ်းမံတည်ဆောက်နေသည့်အခြေအနေများကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

ဆက်လက်ပြီး ဒုတိယဗိုလ်ချုပ်ကြီးသက်ပုံနှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့၊ အခြေခံပညာအလယ်တန်းကျောင်း (ခွဲ) ဇေယျာသို့သွားရောက်ကာ ပညာရေးဝန်ထမ်းများနေထိုင်မည့် Modular House များ ဆောက်လုပ်ပြီးစီးမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

အလားတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးစိုးတင့်နိုင်နှင့် တာဝန်ရှိသူများသည် မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ တမ္မဝတီရပ်ကွက်၊ ရတနာပုံရပ်ရှိ ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သော အန္တရာယ်ရှိအဆောက်အအုံအပျက်အစီးအား စက်ယန္တရားကြီးများအသုံးပြု၍ အပြီးသတ်ဖယ်ရှားရှင်းလင်းနေမှုအား ကြည့်ရှုစစ်ဆေး၍ လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းစေရေး စနစ်တကျပြုလုပ်ဆောင်ရွက်သွားရန်၊ အနီးပတ်ဝန်းကျင်ရှိ အဆောက်အအုံများအား ထိခိုက်မှုမရှိစေရေး အထူးဂရုပြုဆောင်ရွက်ရန်မှာကြားပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

ထို့နောက် ဒုတိယဗိုလ်ချုပ်ကြီးစိုးတင့်နိုင်နှင့်အဖွဲ့သည် အောင်မြေသာစံမြို့နယ်၊ ဥပုသ်တော်ရပ်ကွက်ရှိ မန္တလေးတောင်တော် ဆုတောင်းပြည့်စေတီတော်သို့သွားရောက်၍ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သော ဘုရားရင်ပြင်တော် ပြန်လည်ပြုပြင် တည်ဆောက်နေမှုများအားလည်းကောင်း၊ ဂန္ဓကုဋိတိုက်ရှိ အမိုး၊ တိုင်၊ ခုံး နေရာများအား ပိုမိုခိုင်ခံ့အောင် သံချောင်းများအစားထိုး၍ ရှေးမူမပျက် ပြုပြင်ဆောင်ရွက်နေမှုများအားလည်းကောင်း၊ စေတီတော်၏ ထီးတော်ပြန်လည်တည့်မတ်ပြီးစီးမှု အခြေအနေများအားလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သော မြွေကြီးနှစ်ကောင်ဘုရားရှိ မြေထိန်းနံရံပြုပြင်နေမှုများအားကြည့်ရှုပြီး အမြန်ဆုံးပြီးစီးအောင် ဆောင်ရွက်နိုင်ရေး၊ ပြန်လည်ပြုပြင်ပြီးစီးသွားသည့် ဓါတ်လှေကားအား ဘုရားဖူးပြည်သူများအသုံးပြုနိုင်ရန် အမြန်ဆုံးစီစဉ်ဆောင်ရွက်ပေးနိုင်ရေး၊ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ရှေးဟောင်းအမွေအနှစ်လက်ရာများဖြစ်သည့်အတွက် စနစ်တကျဆောင်ရွက်သွားကြရန်မှာကြားပြီး တာဝန်ရှိသူများ၏ တင်ပြချက်များပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။