နေပြည်တော် ဇူလိုင် ၂
မြန်မာနိုင်ငံတွင်လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့် နေရာများ၌ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အဖွဲ့အစည်းအသီးသီးက ဒေသခံပြည်သူများနှင့်ပူးပေါင်း၍ အင်တိုက်အားတိုက် ကူညီဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံနှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့အတွင်းရှိ ရွှေမုဠောစေတီ၌ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သော သာသနိက အဆောက်အအုံများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက အပြီးသတ်ဖယ်ရှားရှင်းလင်းနေမှုတို့ကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သော မဟာစေတီလှစေတီတော်အား အသစ်တဖန် ပြန်လည်တည်ထားကိုးကွယ်မည့် မြေနေရာအား ပြင်ဆင်ဆောင်ရွက်နေမှုအခြေအနေများ၊ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သော မဟိယင်္ဂဏစေတီနှင့် လေးကျွန်းမာရ်အောင်စေတီတို့အား ပြန်လည်ပြုပြင်မွမ်းမံတည်ဆောက်နေသည့် အခြေအနေများကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
ဆက်လက်ပြီး ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံနှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့ရှိ ရွှေစေတီဘာသန္တရ သင်တန်းကျောင်း၊ မဟာဇေတဝန် ကျောင်းတိုက်၊ ရှင်ပင်နန်းဦး ကျောင်းတိုက်၊ လေးကျွန်းမြေအုဠ်ကျောင်း ပရိယတ္တိစာသင်တိုက်၊ ပေါင်းလည်ဘုရားနှင့် မဟာစည်းခုံကြီးစေတီများသို့ သွားရောက်ကာ ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သော သာသနိကအဆောက်အအုံများကို လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် စက်ယန္တရားကြီးများအသုံးပြု၍ အပြီးသတ်ဖယ်ရှားရှင်းလင်းနေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လုပ်အားပေးဆောင်ရွက်နေကြသူများကို အားဖြည့်အချိုရည်များပေးအပ်ကာ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
ယင်းနောက် ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံနှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့ ရာဇမဏိစူဠာကောင်းမှုတော်စေတီနှင့် ဆွမ်းဦးပုညရှင်စေတီတို့တွင် ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သော သာသနိကအဆောက်အအုံများကို အပြီးသတ်ဖယ်ရှားရှင်းလင်းပြီး စေတီတော်လုံးပတ်ပြန်လည် ပြုပြင်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများ၊ ရင်ပြင်တော်တိုးချဲ့ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများ၊ စေတီတော်ပုရိဝုဏ်အတွင်း သန့်ရှင်းသာယာလှပရေး ဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
ဆက်လက်ပြီး ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံနှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့အတွင်း ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သော ပါရမီရပ်ကွက် အခြေခံပညာအလယ်တန်းကျောင်း (ခွဲ) နှင့် ပိုးတန်းရပ်ကွက်ရှိ လူနေအဆောက်အအုံအပြိုအပျက်များကို လုံခြုံရေးတပ်ဖွဲ့ဝင်များက အပြီးသတ်ဖယ်ရှားရှင်းလင်းနေမှုတို့အား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
အလားတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး စိုးတင့်နိုင်နှင့် တာဝန်ရှိသူများသည် တာဝန်ရှိသူများနှင့်အတူ မန္တလေးမြို့ အမရပူရမြို့နယ်ရှိ သမိုင်းဝင်အောင်မြေ ရွှေကြက်ကျ ဆုတောင်းပြည့်မြတ်စွာဘုရားသို့သွားရောက်၍ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးသွားသော ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ပြန်လည်ပြုပြင်နေမှုအခြေအနေများကို လည်းကောင်း၊ ဂန္ဓာကုဋိတိုက် အမိုးများပြန်လည်ပြုပြင်ဆောင်ရွက်ပြီးစီးမှု အခြေအနေများကိုလည်းကောင်း၊ အပျက်အစီးများအား တပ်မတော်သားများနှင့် အဖွဲ့အစည်းအသီးသီးမှ အင်တိုက်အားတိုက် ဖယ်ရှားရှင်းလင်းနေမှုအခြေအနေများ ကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
ယင်းနောက် ဒုတိယဗိုလ်ချုပ်ကြီး စိုးတင့်နိုင်နှင့်အဖွဲ့သည် ချမ်းမြသာစည်မြို့နယ် ကန်သာယာရပ်ကွက်နှင့် ချမ်းအေးသာစံမြို့နယ် ကဉ္ဇနမဟီရပ်ကွက်များသို့ ရောက်ရှိပြီး ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သော အန္တရာယ်ရှိ အဆောက်အအုံအပျက်အစီးများအား စက်ယန္တရားကြီးများအသုံးပြု၍ အပြီးသတ်ဖယ်ရှားရှင်းလင်းနေမှုများကို ကြည့်ရှုစစ်ဆေး၍ လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းစေရေး စနစ်တကျပြုလုပ်ဆောင်ရွက်သွားရန်၊ အနီးပတ်ဝန်းကျင်ရှိ အဆောက်အအုံများအား ထိခိုက်မှုမရှိစေရေး အထူးဂရုပြုဆောင်ရွက်ရန်၊ ဖြိုဖျက်ရန်ကျန်ရှိသော အဆောက်အအုံများအား အမြန်ဆုံးရှင်းလင်း ဖယ်ရှားဆောင်ရွက်သွားရန် မှာကြားပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်