Skip to main content

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ငလျင်ဘေးသင့် သံဃာတော်၊ သီလရှင်များအတွက် မန္တလေးယူနန်ဗုဒ္ဓဘာသာဘုရားကျောင်း မြန်မာပြည်ဖွားတရုတ်မျိုးနွယ်စုနှင့် စေတနာရှင်များစုပေါင်း၍ ငွေကျပ် သိန်း ၆၀၀၀ ကျော်တန်ဖိုးရှိ ဆန်၊ ဆီနှင့် ကုလားပဲများလှူဒါန်း

မန္တလေး ဇွန် ၂၉

မန္တလေးတိုင်းဒေသကြီး မြို့နယ်ခုနစ်မြို့နယ်ရှိ ငလျင်ဘေးသင့်သံဃာတော်များနှင့် သီလရှင်စုစုပေါင်း အပါး ၁၁၁၀၀ အတွက် မန္တလေးယူနန် ဗုဒ္ဓဘာသာ ဘုရားကျောင်း၊ မြန်မာပြည်ဖွား တရုတ်မျိုးနွယ်စုနှင့် စေတနာရှင်များစုပေါင်း၍ ဆန်၊ ဆီ၊ ကုလားပဲများ လှူဒါန်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ချမ်းအေးသာစံမြို့နယ် မာန်အောင်ရတနာစေတီတော် ဝါခင်းကုန်းဘုရားရှိ သိန်းသန်းရတနာ သာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပသည်။

အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး သံဃ နာယကအဖွဲ့အကျိုးတော်ဆောင် ဒဏ္ခိဏာရာမ ဘုရားကြီးတိုက် ဇောတိကာရုံအုဋ်ကျောင်း ဆရာတော် အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တဝါသဝသီရိအမှူးပြုပြီး ပင့်သံဃာတော် ၅၅ ပါးနှင့် သီလရှင် ၁၀ ပါးတို့ ကြွရောက်ချီးမြှင့်တော်မူကြပြီး မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသ ကြီးဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ မန္တလေးမြို့အခြေစိုက် တရုတ်ပြည်သူ့သမ္မတနိုင်ငံကောင်စစ်ဝန်ချုပ်ရုံးမှ ကောင်စစ်ဝန်ချုပ် H.E. Ms. Gao Ping၊ မန္တလေးယူနန် ဗုဒ္ဓဘာသာဘုရားကျောင်းဥက္ကဋ္ဌနှင့် ဂေါပကအဖွဲ့ဝင်များ၊ အလှူရှင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြည်ညိုကြသည်။

ဦးစွာ ဧည့်ပရိသတ်များက မန္တလေးတိုင်းဒေသကြီး သံဃနာယကအဖွဲ့အကျိုးတော်ဆောင် ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော်၊ သံဃာတော်များ ရွတ်ပွားချီးမြှင့်တော်မူ သော ပရိတ်တရားတော်များကို နာယူကြည်ညိုကြသည်။

ထို့နောက် တက်ရောက်လာသူများက မြို့နယ် ခုနစ်မြို့နယ်ရှိ ငလျင်ဘေးသင့်သံဃာတော်၊ သီလရှင်များအတွက် ဆန်၊ ဆီနှင့် ကုလားပဲလှူဖွယ်ပစ္စည်းများ ကိုလည်းကောင်း၊ ပင့်သံဃာတော် ၅၅ ပါးအား လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မဝတ္ထုငွေများ၊ သီလရှင် ၁၀ပါးအား လှူဒါန်းငွေများကိုလည်းကောင်း ဆက်ကပ်လှူဒါန်းကြပြီး မာန်အောင်ရတနာစေတီတော် ဝါခင်း ကုန်းဘုရား ဘက်စုံပြုပြင်မွမ်းမံနိုင်ရန်အတွက် အလှူရှင်များက အလှူငွေများကို တာဝန်ရှိသူများထံ ပေးအပ်လှူဒါန်းကြသည်။

ယင်းနောက် ဧည့်ပရိသတ်များက မိုးကောင်းကျောင်းတိုက်ဆရာတော်ထံက အနုမောဒနာတရား နာယူကြည်ညို၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းလောင်းအမျှပေးဝေခဲ့ကြောင်း သိရသည်။

သတင်းစဉ်