Skip to main content

ရန်ကုန်တက္ကသိုလ်၏ နှစ်တစ်ရာဘဝခရီးစဉ် အပိုင်း (၂)

ဒေါက်တာ သန်းဦး

(ယမန်နေ့မှ အဆက်)

ရန်ကုန်တက္ကသိုလ်၏ ဒုတိယပိုင်းဘဝ (၁၉၄၈-၆၄)

မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးနောက် ၁၉၄၉ ခုနှစ် ဇူလိုင်လမှစ၍ “ရန်ကုန်တက္ကသိုလ် ပြင်ဆင်ချက်ဥပဒေ (၁၉၄၉) University of Rangoon (Temporary Amendment Act (1949)" အရ ရန်ကုန်တက္ကသိုလ်ကို စနစ်တကျ ပြန်လည်တည်ထောင်နိုင်ခဲ့ပါသည်။ သို့ဖြင့် လွတ်လပ်ရေးခေတ် ရန်ကုန်တက္ကသိုလ်သည် စစ်ကြိုခေတ် ရန်ကုန်တက္ကသိုလ်ကဲ့သို့ သီးခြားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရသော တက္ကသိုလ်တစ်ခု ဖြစ်လာခဲ့ပါသည်။ ရန်ကုန်တက္ကသိုလ်၏ ဒုတိယပိုင်းဘဝကာလသည် ၁၉၄၈ ခုနှစ်မှ ၁၉၆၄ ခုနှစ်အထိ ၁၆ နှစ်ကြာကာလ ဖြစ်ပါသည်။

မြန်မာနိုင်ငံတွင် ဒုတိယကမ္ဘာစစ်ကြီးပြီးသည့်နောက် ပြန်လည်ဖွဲ့စည်းခဲ့သည့် ရန်ကုန်တက္ကသိုလ်သည် အပေါင်းပါကောလိပ်စနစ် (Collegiate System) မှသည် ယူနစ်ထရီစနစ် (Unitary System) ဖြင့် ဖွဲ့စည်းသော တက္ကသိုလ်တစ်ရပ် ဖြစ်လာခဲ့သည်။ အဆိုပါစနစ်အရ ရန်ကုန်တက္ကသိုလ်တွင် မဟာဌာနများ (Faculties) ကို ဖွဲ့စည်းတည်ထောင်ခဲ့ခြင်း ဖြစ်ပေသည်။

မဟာဌာနများ ဖွဲ့စည်းတည်ထောင်ခဲ့ရာ၌ အစပထမအဖြစ် ၁၉၄၆ ခုနှစ်တွင် ဆေးပညာမဟာဌာန (Faculty of Medicine) ၊ အင်ဂျင်နီယာမဟာဌာန (Engineering Faculty) နှင့် ပညာရေးမဟာဌာန (Faculty of Education) တို့ကိုလည်းကောင်း၊ ၁၉၄၇ ခုနှစ်တွင် ဥပဒေမဟာဌာန (Faculty of Law)၊ ဝိဇ္ဇာမဟာဌာန (Faculty of Arts)၊ သိပ္ပံမဟာဌာန (Faculty of Science) တို့ကို လည်းကောင်း ဖွဲ့စည်းခဲ့သည်။

လွတ်လပ်ရေးရပြီးနောက်ပိုင်း၌ မဟာဌာန (၃) ခုကို ထပ်မံ တိုးချဲ့ဖွဲ့စည်းခဲ့ရာ ၎င်းတို့မှာ စိုက်ပျိုးရေးမဟာဌာန (Faculty of Agriculture)၊ (၁၉၄၈) လူမှုရေး သိပ္ပံမဟာဌာန (Faculty of Social Science)(၁၉၅၈) နှင့် သစ်တောပညာမဟာဌာန (Faculty of Forestry)(၁၉၅၈) တို့ ဖြစ်ကြပါသည်။

ထို့ပြင် ဥပစာကောလိပ်အသစ်များကိုလည်း ဖွင့်လှစ်ခဲ့သည်။ ၁၉၅၃ ခုနှစ်တွင် မော်လမြိုင်ဥပစာကောလိပ်ကို လည်းကောင်း၊ ၁၉၅၄ ခုနှစ်တွင် ကျောက်ဖြူ ဥပစာကောလိပ်ကိုလည်းကောင်း၊ ၁၉၅၄ ခုနှစ်တွင် ရန်ကင်းဥပစာကောလိပ်နှင့် ထီးတန်းဥပစာကောလိပ်တို့ကို လည်းကောင်း၊ ၁၉၅၅ ခုနှစ်တွင် မကွေးဥပစာကောလိပ် ကိုလည်းကောင်း၊ ၁၉၅၈ ခုနှစ်တွင် ပုသိမ်ဥပစာ ကောလိပ်ကိုလည်းကောင်း ဖွင့်လှစ်ခဲ့သည်။ (မကွေး ဥပစာကောလိပ်သည် ထိုကာလတွင် မန္တလေးတက္ကသိုလ်နှင့် ဆက်သွယ်ပေါင်း စည်းထားသောကောလိပ်အဖြစ် တည်ရှိခဲ့သည်)

ထူးခြားသော ဖြစ်ရပ်တစ်ခုမှာ စစ်တက္ကသိုလ်ကို ရန်ကုန်တက္ကသိုလ်၏ လက်အောက်ခံတက္ကသိုလ်အဖြစ်ထားရှိရန် ဆောင်ရွက်ခြင်းပင် ဖြစ်ပါသည်။

၁၉၅၃ ခုနှစ် စက်တင်ဘာလ ၂၂ ရက်တွင် ရန်ကုန်တက္ကသိုလ်လက်အောက်ခံ စစ်တက္ကသိုလ်ဖြစ်မြောက်စေရန် ၁၉၅၃ ရန်ကုန်တက္ကသိုလ် ပြင်ဆင်ချက်ဥပဒေကို ပြည်သူ့လွှတ်တော်က လက်ခံအတည်ပြုခဲ့သည်။

အဆိုပါ ဥပဒေအရ ထိုစဉ်က ဝိဇ္ဇာ/သိပ္ပံ ပညာရပ်များကို ရန်ကုန်တက္ကသိုလ်၏ အစီအမံဖြင့် သင်ကြား၍ တက္ကသိုလ်၏ စီမံအုပ်ချုပ်မှုကို တပ်မတော်အာဏာပိုင်များက စီမံအုပ်ချုပ်မှုပြုခဲ့ပါသည်။

သို့ဖြင့် ၁၉၅၃ ခုနှစ်တွင် ဗထူးမြို့ရှိ စစ်တက္ကသိုလ် (ယခုပြင်ဦးလွင်မြို့) စစ်တက္ကသိုလ်သည် ရန်ကုန်တက္ကသိုလ်နှင့် ဆက်သွယ်ပေါင်းစည်းသော ကောလိပ်ဖြစ်လာသည်။ (၁၉၆၅ ခုနှစ်တွင် စစ်တက္ကသိုလ်သည် ရန်ကုန်တက္ကသိုလ်၏ လက်အောက်ခံအဖြစ်မှ သီးခြား တက္ကသိုလ်အဖြစ်သို့ ပြောင်းလဲရပ်တည်လာခဲ့သည်။)

ရန်ကုန်တက္ကသိုလ်၏ ဒုတိယပိုင်းဘဝတွင် သင်ကြားပို့ချသော ဘာသာရပ်များနှင့်စပ်လျဉ်း၍ တင်ပြပါမည်။ လွတ်လပ်ရေးရပြီးနောက် ရန်ကုန်တက္ကသိုလ်တွင် စစ်ကြိုခေတ် (၁၉၂၀-၁၉၄၂) က သင်ကြား ပို့ချခဲ့သော ဘာသာရပ် (၁၆) ခုအပြင် ဘာသာရပ်အသစ်များကိုလည်း တိုးချဲ့ သင်ကြားပို့ချခဲ့သည်ကို လေ့လာတွေ့ရှိ ရသည်။ အဆိုပါ ဘာသာရပ်အသစ်များမှာ- မနုဿဗေဒ (၁၉၅၀)၊ အဘိဓမ္မာ (၁၉၅၁)၊ စိတ်ပညာ (၁၉၅၂)၊ ဗုဒ္ဓကျမ်းစာ (၁၉၅၂)၊ စာရင်းအင်း ဗေဒ (၁၉၅၃)၊ လူမှု ရေး ပညာ (၁၉၅၄)၊ မြန်မာရာဇဝင် (၁၉၅၅) ၊ ပြည်သူ့အုပ်ချုပ်ရေးဘာသာ (၁၉၅၆)၊ စိုက်ပျိုးရေးဘာသာ (၁၉၅၈) တို့ဖြစ်ကြပါသည်။

ရန်ကုန်တက္ကသိုလ်၏ ဒုတိယပိုင်းဘဝတွင် သင်ကြား ရေးဌာနများ ခွဲခြားမှုအရ ဌာနအသစ်များလည်း ပေါ် ပေါက်လာပါသည်။ စစ်ပြီးခေတ် ၁၉၄၈ ခုနှစ်တွင် ပထမ ဆုံး ခွဲခြားလိုက်သောဌာနများမှာ ပထဝီဝင်ဌာနနှင့် ဘူမိဗေဒဌာနတို့ ဖြစ်သည်။ မနုဿဗေဒဌာနကို ၁၉၅၁ ခုနှစ်တွင် တည်ထောင်သည်။ “၁၉၅၅ ခုနှစ်တွင် ဝါဏိဇ္ဇဗေဒ” နှင့် ဘောဂဗေဒဌာနတို့ကို ခွဲလိုက်သည်။ ဇီဝဗေဒ ဌာနကို သတ္တဗေဒဌာနနှင့် ရုက္ခဗေဒဌာနအဖြစ် ခွဲလိုက်သည်။ ရာဇဝင်ဌာနကို အနောက်တိုင်း ရာဇဝင်ဌာနနှင့် အရှေ့တိုင်း ရာဇဝင်ဌာနအဖြစ် ခွဲလိုက်သည်။ ၁၉၅၆ ခုနှစ်တွင် သဘာဝတ္ထဗေဒ (ယခု ဒဿနိကဗေဒ) ဌာနမှ ခွဲထုတ်၍ စိတ်ပညာဌာနကို ဖွင့်လှစ်သည်။ ဘောဂဗေဒဌာနမှ ဝါဏိဇ္ဇဗေဒဌာနနှင့် စာရင်းအင်းစုပညာဌာနသစ်များ ပေါ်ပေါက်လာသည်။

ရန်ကုန်တက္ကသိုလ်၏ ဒုတိယပိုင်းဘဝကာလသည် ၁၉၄၈ ခုနှစ် မှ ၁၉၆၄ ခုနှစ်အထိ ၁၆ နှစ်၊ တစ်ဆယ့် ခြောက်နှစ်တာ ကာလဟု ဆိုနိုင်ပါသည်။ ထိုကာလအတွင်း သင်ကြားရေးဌာနများခွဲခြားမှု၊ သင်ကြားရေးဌာနသစ်များ ပေါ်ပေါက်လာမှု၊ ဘာသာရပ်အသစ်များ တိုးချဲ့သတ်မှတ်သင်ကြားလာမှုများကို လေ့လာတွေ့ရှိ မှတ်သားရပါသည်။

ရန်ကုန်တက္ကသိုလ်၏ ပထမပိုင်းဘဝကာလ ၂၂ နှစ်ကြာကာလနှင့် ဒုတိယပိုင်းဘဝကာလ ၁၆ နှစ်ကြာကာလ နှစ်ရပ်ပေါင်းအတွင်း သင်ကြားရေးစနစ်သည် ဘာသာတွဲစနစ် (Combination System) သာဖြစ်ခဲ့သည် ကို လေ့လာသတိပြု မှတ်သားမိခဲ့ပါသည်။

[မှတ်ချက် ။

(၁) ရန်ကုန်တက္ကသိုလ်၏ ပထမပိုင်းဘဝကာလတွင်၊ တက္ကသိုလ်၏ ဖွဲ့စည်းပုံသည် အပေါင်းပါ ကောလိပ်စနစ် (Collegiate System) ဖြစ်ခဲ့၍ ဒုတိယပိုင်း ဘဝကာလ တွင် ဖွဲ့စည်းပုံသည် ယူနစ်ထရီစနစ် (Unitary System) ဖြစ်ခဲ့ကြောင်း လေ့လာမှုအရ ခွဲခြားသိရှိမှတ်သားထားရ ပါသည်။

(၂) ဒုတိယကမ္ဘာစစ်မီး ကူးစက်လာသည့် ၁၉၄၂ ခုနှစ်မှ လွတ်လပ်ရေးရသည့် ၁၉၄၈ ခုနှစ်အထိ ၆ နှစ်တာ ခန့်ကာလကိုမူ ရန်ကုန်တက္ကသိုလ်၏ စပ်ကူး မပ်ကူး ကာလတို့ဟူ၍ သတ်မှတ်ရန်သင့်မည်ဖြစ်ပါသည်]

ရန်ကုန်တက္ကသိုလ်၏ တတိယပိုင်းဘဝ (၁၉၆၄-၂၀၂၀)

၁၉၆၂ ခုနှစ် မတ်လ (၂) ရက်နေ့တွင် နိုင်ငံတော်အာဏာကို တပ်မတော်က ရယူခဲ့သည်။ ၁၉၆၂ ခုနှစ် မေလ (၆) ရက်နေ့တွင် ၁၉၆၂ ခုနှစ် တော်လှန်ရေးကောင်စီ ဥပဒေအမှတ် (၃) ဖြင့် “၁၉၆၂ ခုနှစ် ရန်ကုန်တက္ကသိုလ် အက်ဥပဒေကို ရုပ်သိမ်းသည့် ဥပဒေ” ကို ပြဋ္ဌာန်း ရုပ်သိမ်း ခဲ့သည်။ သို့ဖြင့် ၁၉၂၀ ပြည့်နှစ် သြဂုတ်လ (၂၈) ရက်နေ့ တွင် အတည်ပြု ပြဋ္ဌာန်းခဲ့သော ရန်ကုန်တက္ကသိုလ်ဥပဒေ သည် ရုပ်သိမ်းချုပ်ငြိမ်းခြင်းအခြေသို့ ရောက်ရှိသွားခဲ့ပါသည်။

၁၉၆၄ ခုနှစ် ဧပြီလ (၁၆) ရက်နေ့မှ (၁၉) ရက်နေ့အထိ ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမဆောင်၌ “တက္ကသိုလ်ပညာရေး နှီးနှောဖလှယ်ပွဲ”တစ်ရပ်ကို ကျင်းပခဲ့သည်။ ယင်းနှီးနှောဖလှယ်ပွဲမှ ထောက်ခံတင်ပြချက်များကို စိစစ်၍ ပြည်ထောင်စု မြန်မာ နိုင်ငံ တော်လှန်ရေးကောင်စီ၊ တော်လှန်ရေးအစိုးရက “၁၉၆၄ ပြည်ထောင်စု မြန်မာနိုင်ငံတော်လှန်ရေးကောင်စီ ဥပဒေအမှတ် (၉)”အဖြစ် “၁၉၆၄ ခုနှစ်ပြည်ထောင်စု မြန်မာနိုင်ငံတက္ကသိုလ် ပညာရေးဥပဒေ” ကို ပြဋ္ဌာန်းပေးခဲ့သည်။

ထိုပြဋ္ဌာန်းပေးခဲ့သည့် ဥပဒေ၊ အခန်း ၁ ၌ “တက္ကသိုလ်” ဆိုသည်မှာ ဥပဒေ ပုဒ်မ ၃ အရ၊ ဖွဲ့စည်း သည့် ...

ဝိဇ္ဇာ၊ သိပ္ပံပညာရေးဆိုင်ရာ တက္ကသိုလ်များ (Universities)နှင့် အသက်မွေးကျောင်း ပညာရေးဆိုင်ရာတက္ကသိုလ်များ (Professional Institutes)ကို ဆိုလိုသည်ဟု အဓိပ္ပာယ်ဖွင့်ဆိုဖော်ပြခဲ့သည်။

သို့ဖြင့် ရန်ကုန်တက္ကသိုလ်သည် အထက်ဖော်ပြပါ ဥပဒေအရ ၁၉၆၄ ခုနှစ်မှစ၍ ဝိဇ္ဇာ၊ သိပ္ပံပညာရေးဆိုင်ရာ တက္ကသိုလ်တစ်ခုဘဝသို့ ဘဝပြောင်းလဲ ဖွဲ့စည်းခြင်း ခံခဲ့ရပါသည်။

[မှတ်ချက်။

၁။ မန္တလေးတက္ကသိုလ်သည်လည်း အလားတူ ဝိဇ္ဇာ၊ သိပ္ပံပညာရေးဆိုင်ရာ တက္ကသိုလ်တစ်ခု ဖြစ်လာခဲ့သည်။

၂။ ပညာရေးတက္ကသိုလ်၊ ဆေးတက္ကသိုလ်၊ အင်ဂျင်နီယာတက္ကသိုလ်၊ စီးပွားရေးတက္ကသိုလ် စသည်တို့သည် အသက်မွေးဝမ်း ကျောင်းပညာရေးဆိုင်ရာတက္ကသိုလ်များ ဖြစ်လာကြသည်။]

သို့ဖြင့် မူလပထမ ရန်ကုန်တက္ကသိုလ်သည် အဆိုပါ ၁၉၆၄ ခုနှစ်မှစ၍ နှစ်တစ်ရာပြည့်သည့် ၂ဝ၂ဝ ပြည့်နှစ်အထိ ကာလအားဖြင့် ၅၆ နှစ်တာ ကာလကြာမျှ ရန်ကုန် ဝိဇ္ဇာနှင့် သိပ္ပံပညာရေးဆိုင်ရာ တက္ကသိုလ်အဖြစ် တက်လှမ်းရပ်တည်လာခဲ့ရသည်ဟု ဆိုနိုင်ပါသည်။ ဆိုပါသည်။

မူလပထမ ရန်ကုန်တက္ကသိုလ်သည် “မိခင်တက္ကသိုလ်” အဖြစ် ဆက်လက်ရပ်တည်၍ ၁၉၆၄ ခုနှစ်မှ အစပြုကာ အသက်မွေး ဝမ်းကျောင်း ပညာရေးဆိုင်ရာတက္ကသိုလ်များဖြစ်လာကြသော ပညာရေးတက္ကသိုလ်၊ ဆေးတက္ကသိုလ်၊ အင်ဂျင်နီယာတက္ကသိုလ်၊ စီးပွားရေးတက္ကသိုလ်၊ စိုက်ပျိုးရေးတက္ကသိုလ်၊ တိရစ္ဆာန်မွေးမြူရေးနှင့် ဆေးတက္ကသိုလ် စသည်တို့ကို မွေးဖွားပေးလိုက်ရာသို့ ရောက်ရှိသွားကြောင်း လေ့လာတွေ့ရှိ မှတ်သားနိုင်ပါသည်။

ထို့အတူပင် မေမြို့စစ်တက္ကသိုလ်သည် ၁၉၅၃ ခုနှစ် ရန်ကုန်တက္ကသိုလ် ပြင်ဆင်ချက်ဥပဒေအရ အမိရန်ကုန်တက္ကသိုလ်၏ သင်ကြားရေးရင်ခွင်တွင် တစ်ဆယ့်နှစ်နှစ်ကြာမျှ ခိုလှုံခွင့်ရခဲ့ရာမှ ၁၉၆၅ ခုနှစ်တွင် သီးခြားတက္ကသိုလ်အဖြစ်သို့ တက်လှမ်းရောက်ရှိသွားခဲ့သည်ကိုလည်း မှတ်မှတ်ရရလေ့လာမှတ်သားမိပါသည်။

ရန်ကုန်တက္ကသိုလ် (ဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ်ရန်ကုန်) ၏ တတိယပိုင်းဘဝတွင် ထူးခြားမှုနှစ်ရပ်ရှိသည်ကို လေ့လာတွေ့ရှိမှတ်သားထားပါသည်။

ပထမထူးခြားချက်မှာ သင်ကြားရေးစနစ် ပြောင်းလဲကျင့်သုံးမှုဖြစ်ပါသည်။ ၁၉၂ဝ ပြည့်နှစ်မှ ၁၉၆၄ ခုနှစ်သို့ တိုင် ၄၄ နှစ် (နှစ်ပေါင်းလေးဆယ့်လေးနှစ်) တာကာလအတွင်း ကျင့်သုံးခဲ့သော သင်ကြားရေးစနစ်သည် ဘာသာတွဲစနစ် (Combination System) ဖြစ်ပါသည်။ အဆိုပါ ဘာသာတွဲစနစ်အရ အင်္ဂလိပ်စာ၊ မြန်မာစာတို့နှင့်တွဲ၍ ဝိဇ္ဇာဘာသာရပ် သို့တည်းမဟုတ် သိပ္ပံဘာသာရပ် သုံးရပ်၊ လေးရပ် စသည်ဖြင့် တွဲ၍ သင်ယူခြင်းပြုခဲ့ပါသည်။

၁၉၆၄ ခုနှစ်မှစ၍ အဆိုပါ ဘာသာတွဲစနစ်ကို စွန့်လွှတ်ပြီး အထူးပြုဘာသာစနစ် (Specialization System) ကို ပြောင်းလဲကျင့်သုံးခြင်း ပြုပါသည်။ အခြေခံ ပညာအထက်တန်းတွင် ဝိဇ္ဇာလမ်းသွယ်၊ သိပ္ပံလမ်းသွယ် ဟူ၍ လမ်းသွယ်စနစ်အရ သင်ကြားကာ တက္ကသိုလ် ဝင်ခွင့်စာမေးပွဲကို အောင်မြင်လာသူတို့သည် ရန်ကုန်ဝိဇ္ဇာ နှင့် သိပ္ပံတက္ကသိုလ်၏ ပထမနှစ်သို့ ဝင်ရောက်ရာတွင် ဝိဇ္ဇာဘာသာရပ်ကိုဖြစ်စေ သိပ္ပံဘာသာရပ်ကိုဖြစ်စေ အထူးပြု စနစ်အရ တစ်ခုခုသောဘာသာရပ်ကို မဏ္ဍိုင်ပြု ၍ ယင်းမဏ္ဍိုင်ပြု (အထူးပြု) ဘာသာရပ်နှင့် နှီးနွှယ်သော ဘာသာရပ်များကို သတ်သတ်မှတ်မှတ် သင်ယူမှု ပြုလုပ် ရပါသည်။

ဒုတိယထူးခြားချက်မှာ ရန်ကုန်တက္ကသိုလ် (ဝိဇ္ဇာနှင့် သိပ္ပံရန်ကုန်တက္ကသိုလ်) တွင် ၁၉၆၄ ခုနှစ် နောက်ပိုင်း ကာလ၌ ပါရဂူဘွဲ့ သင်တန်းများ ဖွင့်လှစ်၍ ပါရဂူဘွဲ့များ ချီးမြှင့်အပ်နှင်းခြင်း ဖြစ်ပါသည်။

မူလရန်ကုန်တက္ကသိုလ်အရ ရန်ကုန်တက္ကသိုလ်သည် ပညာသင်ကြားဖြန့်ဖြူးရာ (Instruction) ဌာနဖြစ်သည့်နည်းတူ ပညာစူးစမ်းရှာဖွေရာ (Research) ပြုလုပ်ရာဌာနလည်း ဖြစ်ပါသည်။ ထို့ကြောင့် သင်ကြားရေးနှင့် သုတေသန ပြုလုပ်ရေးသည် တက္ကသိုလ်၏ ဒေါက် (၂) ချောင်းသဖွယ် ဖြစ်သည်ဟု ဆိုနိုင်ပါသည်။ ဆိုရပါသည်။

၁၉၆၄ ခုနှစ်နောက်ပိုင်း၌ ရန်ကုန်တက္ကသိုလ်သည် “ဘွဲ့ကြို” နှင့် “ဘွဲ့လွန်” သင်တန်းများကို ပို့ချရာ၌ လည်း ကောင်း၊ သုတေသနများပြုစေရာ၌ လည်းကောင်း၊ ထို နှစ်ရပ်စလုံး၏ တာဝန်ကို ဆောင်ယူဆောင်ရွက်ရာ၌ လည်းကောင်း၊ အထူးဂရုပြု ဆောင်ရွက်လာသည်ကိုလည်း တွေ့ရပါသည်။ သင်ကြားရေးဘာသာရပ် အသစ်များ တိုးချဲ့သတ်မှတ် သင်ကြားမှုပြုလာသည်ကိုလည်း တွေ့ရှိ ရပါသည်။

အထူးသဖြင့် ဘွဲ့လွန်ဖြစ်ကြသော မဟာဝိဇ္ဇာ၊ မဟာ သိပ္ပံ၊ မဟာဒဿနများအပြင် “ပါရဂူ” ဘွဲ့သင်တန်းကို ဖွင့်လှစ်ပို့ချနိုင်ရေးနှင့် ပါရဂူဘွဲ့များ ချီးမြှင့်ပေးအပ်နိုင် ရေးသို့ တိုးမြှင့်ကြိုးပမ်းဆောင်ရွက်ခြင်းပင်ဖြစ်ပါသည်။

သင်ကြားရေးနှင့် သုတေသနပြုရေးကို ထိရောက်စွာ ဆောင်ရွက်နိုင်ရန် ရန်ကုန်တက္ကသိုလ် (ရန်ကုန် ဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ်) သည် အာရှနိုင်ငံများအပါအဝင် ကမ္ဘာ့ နိုင်ငံကြီးများမှ တက္ကသိုလ်ကြီးများနှင့် ဆက်သွယ် ညှိနှိုင်းပူးပေါင်း၍ ယင်းနိုင်ငံတက္ကသိုလ်ကြီးများ၏ ပါဝင်ကူညီပံ့ပိုးမှုများကို ရယူကာ ထိထိမိမိ ကြိုးပမ်းဆောင်ရွက်မှုများ ပြုလာသည်ကိုလည်း တွေ့ရှိ ရပါသည်။

သုံးသပ်ချက်

ရန်ကုန်တက္ကသိုလ် (ယခု ရန်ကုန်ဝိဇ္ဇာနှင့် သိပ္ပံ တက္ကသိုလ်)၏ နှစ်တစ်ရာဘဝခရီးစဉ်ကို -

(က) ပထမပိုင်းဘဝ ၁၉၂ဝ မှ ၁၉၄၂ အထိ၊ ၂၂ နှစ်

(ခ) စပ်ကူးမပ်ကူးဘဝ ၁၉၄၂ မှ ၁၉၄၈ အထိ ၆ နှစ်

(ဂ) ဒုတိယပိုင်းဘဝ ၁၉၄၈ မှ ၁၉၆၄ အထိ ၁၆ နှစ်

(ဃ) တတိယပိုင်းဘဝ ၁၉၆၄ မှ ၂၀၂၀ အထိ ၅၆ နှစ်

စုစုပေါင်း ၁ဝဝ နှစ်ဟူ၍ အကြမ်းအားဖြင့် ဤသို့ ပိုင်းခြားလေ့လာ တင်ပြ ရခြင်း ဖြစ်ပါသည်။

ရန်ကုန်တက္ကသိုလ် ပထမပိုင်းဘဝနှင့် ဒုတိယပိုင်း ဘဝ တို့၏ မူလတံဆိပ် (Logo) ထိပ်တွင် -

အင်္ဂလိပ်လို NATTHI SAMAM

VIJJA MITTAM ဟူ၍လည်းကောင်း

မြန်မာလို နတ္ထိ သမံ

ဝိဇ္ဇာ မိတ္တံ ဟူ၍လည်းကောင်း ပါရှိသည်။ အနက် အဓိပ္ပာယ်အားဖြင့် ဝိဇ္ဇာ သမံ အတတ်ပညာနှင့် တူသော မိတ္တံ အဆွေ ခင်ပွန်းသည် နတ္ထိ မရှိဟူ၍ လောက နီတိကျမ်း ပဏ္ဍိတ ကဏ္ဍ၌ ဖွင့်ဆိုဖော်ပြထားပါသည်။

တံဆိပ် (Logo) ၏ - က ဒေါင်းပုံ ပါရှိပါသည်။

အလယ်တွင်

တံဆိပ် (Logo) ၏ - WITH TRUTH AND

အောက်ပိုင်းတွင် LOYALTY

မြန်မာလို သစ္စာနှင့် သမာဓိ ဟူ၍ ပြဆိုထားခြင်း ဖြစ်ပါ သည်။

ရန်ကုန်တက္ကသိုလ်၏ တံဆိပ် (Logo) သည် ပါဠိ လိုရော၊ အင်္ဂလိပ်လိုပါ အချုပ်သဘော အနှစ်သာရသဘောတို့ကိုဆောင်၍ ပညာသားပါပါ မြန်မာ့ က ဒေါင်းဖြင့်ပါ မြန်မာဆန်ဆန် ပြုလုပ်ထားခြင်းကြောင့် အလွန် နှစ်သက်အားရ၊ နှစ်ထောင်းအားရ ဂုဏ်ယူဖွယ်ရာ ကောင်းလှပါသည်။

အဆိုပါတံဆိပ် (Logo) ကို ၁၉၆၄ ခုနှစ် နောက်ပိုင်းတွင် သစ္စာနှင့် သမာဓိဟူသော စာသားကို ဖြုတ်ပစ်၍ စပါးနှံဝိုင်းရံ ကာထားမှုဖြင့် အစားထိုးပြောင်းလဲထားသည်ကို တွေ့ရပါသည်။ ပထမမူလအတိုင်းသာ ရန်ကုန် တက္ကသိုလ်တံဆိပ် (Logo) ကို ထားရှိရန်သင့်ကြောင်း စာရေးသူက ထိုသို့ သုံးသပ်သဘောရရှိပါသည်။

ဤစာရေးသူကိုယ်တိုင် မိခင်တက္ကသိုလ်မှ ပထမဘွဲ့ (၁၉၅၄)၊ ဘွဲ့လွန် ဒုတိယဘွဲ့ (၁၉၆၀) နှင့် တတိယဘွဲ့၊ ဂုဏ်ထူးဆောင်စာပေပါရဂူဘွဲ့ (၂၀၀၅) တို့ကို အပ်နှင်း ချီးမြှင့်ခြင်း ခံခဲ့ရပါသဖြင့် အမိတက္ကသိုလ်၊ မိခင်တက္ကသိုလ် ၏ ကျေးဇူးဂုဏ်ကို ဤကဲ့သို့သော ကြုံတောင့်ကြုံခဲလှသည့် အမိတက္ကသိုလ်၏ ရာပြည့်ကာလ အခါသမယ၌ အထူး ဝမ်းမြောက် ဝမ်းသာ နှစ်ထောင်းအားရ ပီတိသောမနဿ ကြီးစွာဖြင့် ဖော်ပြအပ်ပါသည်။

မိခင်ရန်ကုန်တက္ကသိုလ်ကြီးသည် လောကသဘာဝနှင့်အညီ လောကဓံလှိုင်းဖြစ်သော စစ်ဘေးစစ်ဒဏ်တို့ကို အလူးအလဲခံခဲ့ရခြင်း၊ အပြောင်းအလဲများစွာကို ပြုခဲ့ရ ခြင်းတို့နှင့် ကြုံဆုံခဲ့ရာ၌ ကြံ့ကြံ့ခံနိုင်၊ ရပ်တည်နိုင်ခဲ့သည် ကိုလည်း တအံ့တဩ တွေ့မြင်နေရပါသည်။

စင်စစ်အားဖြင့် ရန်ကုန်တက္ကသိုလ်သည် အမိမြန်မာ နိုင်ငံတွင် ပထမဦးစွာ တည်ထောင် ပေါ်ထွန်းလာခဲ့သည့် အဆင့်မြင့် ခေတ်မီပညာရပ်များစွာကို စတင် ဖြန့်ဖြူးရာ၊ သင်ကြားရာ၊ သင်ယူရာ၊ သုတေသနပြုလုပ်ရာ ပညာဗိမာန်ကြီးတစ်ခု ဖြစ်ခဲ့ပါသည်။ ထိုစဉ်က အာရှနိုင်ငံများရှိ တက္ကသိုလ်များ၏ လေးစားဂုဏ်ယူစရာတက္ကသိုလ်ကြီးတစ်ခုအဖြစ်လည်း ကောင်းစွာရပ်တည်ခဲ့ပါ သည်။

ရန်ကုန်တက္ကသိုလ်ကြီးသည် မိမိ၏ဘဝခရီးတစ်လျှောက်လုံး နိုင်ငံ့အကျိုးပြု ခေတ်မီပညာရပ်များကို ပို့ချဖြန့်ဖြူးပေးခြင်း၊ သုတေသနများပြုလုပ်ခြင်းတို့ဖြင့် နိုင်ငံ့ဂုဏ်ရောင် ထွန်းပြောင်စေခဲ့သောကြောင့်လည်း နိုင်ငံဂုဏ်ဆောင်တက္ကသိုလ်ကြီးတစ်ခုအဖြစ် သတ်မှတ်ပါသည်။

အမိမြန်မာနိုင်ငံကို ကျွန်ဘဝမှ လွတ်မြောက်အောင် လွတ်လပ်ရေးရရှိအောင်ကောင်းစွာ ဆောင်ကြဉ်းပေးနိုင်ခဲ့ကြသော ပညာ တတ်နိုင်ငံသားကောင်းရတနာများ နိုင်ငံ့ခေါင်းဆောင်များကိုလည်း မွေးထုတ်ပေးခဲ့သည့် မိခင်တက္ကသိုလ်ကြီးလည်း ဖြစ်ခဲ့ပါပေသည်။

ယနေ့ယခုဝင့်ကြွားစွာ ရပ်တည်နေကြသော ဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ်များ၊ အသက်မွေးဝမ်းကျောင်းတက္ကသိုလ်များ၊ စစ် တက္ကသိုလ်များ၏ မြစ်ဖျားခံရာ၊ ပေါက်ပွားလာရာ မိခင်ကောင်းတက္ကသိုလ်ကြီး အစစ်အမှန်လည်း ဖြစ်ပါသည်။

အချုပ်အားဖြင့် ပုဂ္ဂိုလ်တစ်ဦးချင်းစီ၏ မိခင် တက္ကသိုလ်၊ တက္ကသိုလ်များ အားလုံး၏ မိခင်တက္ကသိုလ် ဖြစ်ခဲ့ရသော ဤရန်ကုန်တက္ကသိုလ်ကြီးသည် ဤနှစ် တစ်ရာမှသည် မြန်မာနိုင်ငံတည်သရွေ့၊ ကမ္ဘာတည်သရွေ့ သက်ကောင်းရှည် တက္ကသိုလ်ကြီးအဖြစ် အရှည်တည်တံ့ ခိုင်ခံ့ပါစေသတည်း။ တိုးတက်ဖွံ့ဖြိုးပါစေသတည်း။ ပညာ တတ် နိုင်ငံသားကောင်း၊ ကမ္ဘာ့သားကောင်း၊ နိုင်ငံ့သမီးမွန်၊ ကမ္ဘာ့သမီးမွန်များကို စဉ်ဆက်မပြတ် ဆက်လက် မွေးဖွား ပြုစု ပျိုးထောင်ပေးနိုင်ပါစေသတည်း။

ရန်ကုန်တက္ကသိုလ် နှစ်တစ်ရာဘဝခရီး

ဥဒါန်းတွင်ရစ်စေသတည်း။