Skip to main content

ပြည်ပ၌ အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများအား ပြန်လည်ခေါ်ဆောင်ခဲ့

နေပြည်တော်၊ အောက်တိုဘာ ၂၀

နိုင်ငံတကာခရီးသည်တင်လေယာဉ်များပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်းကြောင့် ပြည်ပ၌ အခက်အခဲကြုံတွေ့နေရသည့် မြန်မာ နိုင်ငံသားများအား ဆိုးလ်မြို့ရှိ မြန်မာသံရုံးမှ စီစဉ်သည့် မြန်မာအပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း (MAI) ကယ်ဆယ်ရေး လေယာဉ်ဖြင့် ကိုရီးယားသမ္မတနိုင်ငံ အင်ချွန်းအပြည်ပြည်ဆိုင်ရာ လေဆိပ်မှတစ်ဆင့် ပြန်လည်ခေါ်ဆောင်ခဲ့ရာ ယနေ့ည ၈ နာရီတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ် သို့ အဆင်ပြေချောမွေ့စွာ ပြန်လည်ရောက်ရှိကြသည်။

အဆိုပါကယ်ဆယ်ရေး လေယာဉ်တွင် ဘရာဇီးမှ ခြောက်ဦး၊ ကနေဒါမှ သုံးဦး၊ ဂျာမနီမှ တစ်ဦး၊ အင်ဒိုနီးရှားမှ ငါးဦး၊ အီတလီမှ သုံးဦး၊ အစ္စရေးမှ နှစ်ဦး၊ ကိုရီးယားသမ္မတနိုင်ငံမှ ၇၈ ဦး၊ နော်ဝေမှ သုံးဦး၊ ရုရှားမှ တစ်ဦး၊ ဗြိတိန်မှ လေးဦး၊ အမေရိကန်ပြည် ထောင်စုမှ ကိုးဦး၊ မြန်မာနိုင်ငံသား စုစုပေါင်း ၁၁၅ ဦး လိုက်ပါခဲ့ကြသည်။

၎င်းတို့ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိချိန်တွင် လူဝင်မှုကြီးကြပ်ရေး၊ ကျန်းမာရေးစိစစ်ရေး၊ သီးသန့်စီစဉ်ပေးသည့်နေရာ/ သတ်မှတ်ဟိုတယ်များ၌ အသွားအလာကန့်သတ်မှု ၇ ရက်နှင့် နေအိမ်တွင် အသွားအလာကန့်သတ်မှု ၇ ရက် နေထိုင်စေရေးတို့ကို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တို့မှ သက်ဆိုင်ရာ အခန်းကဏ္ဍအလိုက် တာဝန်ယူဆောင်ရွက်ပေးခဲ့ကြသည်။

ပြည်ပနိုင်ငံများတွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာသင်္ဘောသားများအား ပြန်လည်ခေါ်ဆောင်ရန် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီ၏ လမ်းညွှန်ချက်နှင့်အညီ နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ သက်ဆိုင်ရာနိုင်ငံများရှိ မြန်မာသံရုံးများနှင့်ပူးပေါင်းညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိရာ ကိုရီးယားသမ္မတနိုင်ငံမှ ကယ်ဆယ်ရေးလေယာဉ် ၂၇ ကြိမ် တိုင် ပျံသန်းပြေးဆွဲခဲ့ပြီးဖြစ်ကြောင်း သိရသည်။

သတင်းစဉ်