နေပြည်တော် အောက်တိုဘာ ၂၀
“Brimming with opportunities” Prospects in Myanmar for HK Investors Webinar ကို ယနေ့မွန်းလွဲပိုင်းက Myanmar Hong Kong Chamber of Commerce and Industry က စီစဉ်ကျင်းပသည်။
အခမ်းအနားတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးသောင်းထွန်း က မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုသည် ကိုဗစ်-၁၉ ကြောင့် ယခုနှစ်ကျဆင်းနိုင်သော်လည်း ၂ ရာခိုင်နှုန်းနီးပါးသို့ ရောက်ရှိနိုင် ကြောင်း အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့က ခန့်မှန်းထားပြီး ၂၀၂၁ ခုနှစ်တွင် ကိုဗစ်ကာလ မတိုင်မီ ကာလတွင် ရရှိခဲ့သည့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှုန်း ၆ ရာခိုင်နှုန်း ပြန်လည်ရရှိနိုင် မည်ဟု ခန့်မှန်းထားကြောင်း၊ မြန်မာနိုင်ငံသည် ပထဝီအနေအထားအရ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ နှင့် အိန္ဒိယနိုင်ငံတို့အကြား မဟာဗျူဟာ အချက်အချာကျစွာ တည်ရှိနေသည့်အတွက် ရင်းနှီးမြှုပ်နှံရန် အခွင့်အလမ်းကောင်းများစွာ ရှိပါကြောင်း၊ စွမ်းအင်ကဏ္ဍ၊ အိမ်ရာ အဆောက် အဉီ တည်ဆောက်ဖွံ့ဖြိုးမှုကဏ္ဍ၊ စက်မှုကဏ္ဍနှင့် ဝန်ဆောင်မှုလုပ်ငန်းကဏ္ဍတို့တွင် ရင်းနှီး မြှုပ်နှံ နိုင်ပါကြောင်းနှင့် အဆိုပါ လုပ်ငန်း ကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာ ခြင်းဖြင့် ကဏ္ဍပေါင်းစုံတွင် အချိုးညီမျှတ သည့် ဖွံ့ဖြိုးတိုးတက်မှုကို ရရှိစေမည် ဖြစ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ Memories Group ၏ CEO ဖြစ်သူ Mr. Cyrus Pun က မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရာ၌ လွယ်ကူချောမွေ့စေရေးအတွက် ဆောင်ရွက်လျက်ရှိသည့် အခြေအနေ များကို မေးမြန်းရာ ပြည်ထောင်စုဝန်ကြီးက ကုမ္ပဏီမှတ်ပုံတင်ခြင်းလုပ်ငန်းများကို Online ဖြင့် ဆောင်ရွက်နိုင်ရန်အတွက် MyCo စနစ်ကို အကောင်အထည်ဖော် ဆောင်ရွက်ထားပြီး ဖြစ်ပါကြောင်း၊ ထို့အတူ အခွန်ငွေပေးဆောင်မှုကိုလည်း Online စနစ်ဖြင့် ဆောင်ရွက်နိုင်မည် ဖြစ်ပါကြောင်း၊ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဝန်ကြီးဌာနများအကြား လုပ်ထုံးလုပ်နည်းများ တပြေးညီဖြစ်စေရေး စံလုပ်ထုံးလုပ်နည်း (Standard Operating Procedure-SOP)များကို ရေးဆွဲလျက်ရှိရာ မကြာမီ ထုတ်ပြန်နိုင် မည် ဖြစ်ကြောင်း ပြောကြား သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ကိုဗစ်-၁၉ ကာလအတွင်း စိန်ခေါ်မှုများ ရှိခဲ့သော်လည်း ၂၀၁၉ -၂၀၂၀ ဘဏ္ဍာနှစ်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စုစုပေါင်း အမေရိကန် ဒေါ်လာ ၅ ဒသမ ၆၈၉ ဘီလီယံ ရရှိခဲ့ပြီး ယခင်ဘဏ္ဍာရေးနှစ်နှင့် နှိုင်းယှဉ်ပါက အမေရိကန် ဒေါ်လာ ၁ ဒသမ ၁၆၉ ဘီလီယံ တိုးမြှင့်ရရှိခဲ့ကြောင်း၊ ကိုဗစ်-၁၉ စီးပွားရေးထိခိုက်မှု သက်သာရေး စီမံချက်(CERP)နှင့်အညီ ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာသည့် စီးပွားရေး သက်ရောက်မှုများကို လျှော့ချရန်အတွက် အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိ ကြောင်း၊ ကိုဗစ်-၁၉ ကပ်ရောဂါအလွန်ကာလတွင် မြန်မာနိုင်ငံ စီးပွားရေးလျင်မြန်စွာ ဉီးမော့ လာစေရေးအတွက် မြန်မာနိုင်ငံ၏ စီးပွားရေးပြန်လည်ထူထောင်ရေးနှင့် ပြုပြင် ပြောင်းလဲရေး စီမံချက်(MERRP)ကို မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက် ညီသော ဖွံ့ဖြိုးတိုး တက်မှု စီမံကိန်း(MSDP) နှင့်ချိတ်ဆက်၍ ရေးဆွဲလျက်ရှိပါကြောင်း ဆွေးနွေးပြောကြား သည်။
ထို့နောက် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုပြုလုပ်နေကြသည့် ဟောင်ကောင် စီးပွားရေး လုပ်ငန်းရှင်များ၏ မေးမြန်းဆွေးနွေးမှုများကို ပြည်ထောင်စုဝန်ကြီးက ရှင်းလင်းဖြေကြား သည်။
ဆွေးနွေးပွဲသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးဗရတ်ဆင်းနှင့်တာဝန်ရှိသူများ၊ ပြည်တွင်း/ ပြည်ပမှ စီးပွားရေးကိုယ်စားလှယ်များ၊ မီဒီယာများ စုစုပေါင်း လူဉီးရေ (၂၅၀) ကျော် တက်ရောက်ကြသည်။
(သတင်းစဉ်)