ဘယ်လာရုစ်သမ္မတနိုင်ငံ မင့်စ်မြို့၌ “ဥရောပ-အာရှ စီးပွားရေးပေါင်းစည်း ညီညွတ်ရေးမဟာဗျူဟာ-ရလဒ်များနှင့် အလားအလာများ” ခေါင်းစဉ်ဖြင့်ကျင်းပသည့် စတုတ္ထအကြိမ် ဥရောပ-အာရှ စီးပွားရေးဖိုရမ်(EEF 2025) မျက်နှာစုံညီအစည်းအဝေးတွင် ဥရောပ-အာရှစီးပွားရေးသမဂ္ဂ (EAEU) အဖွဲ့ဝင်နိုင်ငံများနှင့် မိတ်ဖက်နိုင်ငံများနှင့်အတူ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက် မိန့်ခွန်းပြောကြားခဲ့သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က “ယနေ့ကမ္ဘာတွင် အင်အားကြီးနိုင်ငံများက နိုင်ငံငယ်များအပေါ် နိုင်ငံရေး၊ စီးပွားရေးအရဖိအားပေးမှုများ၊ ပိတ်ဆို့မှုများသည် ကမ္ဘာ့နိုင်ငံများ၏ အခြေခံမူများကို ချိုးဖောက်နေခြင်းပင်ဖြစ်ကြောင်း၊ ကမ္ဘာ့နိုင်ငံအသီးသီးတွင် ရှိသင့်ရှိထိုက်သည့် ကောင်းမွန်သည့်အခြေခံမူများကို အလေးထားပြီး ကမ္ဘာ့နိုင်ငံများ၏ ဖွံ့ဖြိုးတိုးတက်မှုကို အကောင်အထည်ဖော်နေသည့် ဥရောပ-အာရှ စီးပွားရေးသမဂ္ဂ(EAEU)၏ လုပ်ဆောင်ချက်များ၊ အောင်မြင်မှုများအတွက် မြန်မာနိုင်ငံအနေဖြင့် ဂုဏ်ယူဝမ်းမြောက်ထောက်ခံကြောင်းကို ပြောကြားလိုကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် EAEU ၏ လုပ်ဆောင်ချက်များ၊ အောင်မြင်မှုများကို အလေးထားစိတ်ဝင်စားသကဲ့သို့ ပူးပေါင်းဆောင်ရွက်မှုများကိုလည်း တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း”ပြောကြားခဲ့သည်။
ဥရောပ-အာရှ စီးပွားရေးသမဂ္ဂ(EAEU)သည် စတင်ဖွဲ့စည်းထူထောင်ခဲ့သည့် ၂၀၁၅ ခုနှစ်မှစတင်၍ အဖွဲ့ဝင်နိုင်ငံများအကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ဆောင်ရွက်နိုင်စေရန်နှင့် လူနေမှုအဆင့်အတန်းမြှင့်တင်နိုင်စေရန် ရည်ရွယ်ပြီး ဖွဲ့စည်းထူထောင်ခဲ့ခြင်းဖြစ်သည်။ အဆိုပါရည်ရွယ်ချက်များနှင့်အညီ အဖွဲ့ဝင်နိုင်ငံများ၊ လေ့လာသူနိုင်ငံများ၊ ဖိတ်ကြားခြင်းခံရသော နိုင်ငံများအပါအဝင် နိုင်ငံတကာစီးပွားရေးလုပ်ငန်းရှင်များပါဝင်သည့် ဥရောပ-အာရှစီးပွားရေးဖိုရမ်(EEF) ကျင်းပခဲ့သည်မှာ စတုတ္ထအကြိမ်ရှိပြီဖြစ်သည်။ ယခုလိုဖိုရမ်များ၊ နိုင်ငံတကာအဖွဲ့အစည်းများ၊ နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှုများမှတစ်ဆင့် ဥရောပ-အာရှစီးပွားရေးသမဂ္ဂ (EAEU)အနေဖြင့် ပြောင်းလဲနေသည့် ကမ္ဘာ့ပတ်ဝန်းကျင်နှင့်အညီ နိုင်ငံတကာအခန်းကဏ္ဍမြှင့်တင်ရေး၊ သယ်ယူပို့ဆောင်ရေးနှင့် စွမ်းအင်ကဏ္ဍပလက်ဖောင်းတစ်ခုပေါ်ထွက်ရေး၊ အပြည်ပြည်ဆိုင်ရာငွေပေးချေမှုစနစ်မြှင့်တင်ရေး၊ လွတ်လပ်သော ကုန်သွယ်ရေးသဘောတူစာချုပ် (FTA) များပေါ်ထွက်လာရေး၊ ဖွံ့ဖြိုးမှုကဏ္ဍအသီးသီးတွင် ရင်းနှီးမြှုပ်နှံမှုလွယ်ကူချောမွေ့စေရေး၊ ငွေကြေးဆိုင်ရာအထောက်အကူပြုနည်းလမ်းများ တိုးတက်ရေးတို့ကို အကောင်အထည်ဖော်နိုင်သည်ဟု သိရသည်။
မြန်မာနိုင်ငံနှင့် ဥရောပ-အာရှ စီးပွားရေးသမဂ္ဂ (EAEU) တို့အကြား ထိတွေ့ဆက်ဆံမှုသည် ၂၀၂၂ ခုနှစ်တွင် စတင်ခဲ့သည်။ မြန်မာနိုင်ငံ၏ ဖိတ်ကြားချက်အရ EAEU နှင့် ဥရောပ-အာရှ စီးပွားရေးကော်မရှင်(EEC)၏ ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့သည် မြန်မာနိုင်ငံသို့လာရောက်ခဲ့ပြီး သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍ၊ စိုက်ပျိုးရေးကဏ္ဍ၊ ပညာရေးကဏ္ဍ၊ သယ်ယူပို့ဆောင်ရေးကဏ္ဍ စသည့်ကဏ္ဍပေါင်းစုံကို ကျယ်ပြန့်စွာဆွေးနွေးနိုင်ခဲ့သည်။ ထိတွေ့ဆက်ဆံမှုသည် ၂၀၂၃ ခုနှစ်မှစတင်၍ အရှိန်အဟုန်မြင့်တက်လာခဲ့သည်။ ထိုစဉ်က ရုရှားဖက်ဒရေးရှင်း နိုင်ငံတွင်ကျင်းပခဲ့သည့် (၂၆)ကြိမ်မြောက် စိန့်ပီတာစဘတ်နိုင်ငံတကာစီးပွားရေးဖိုရမ်တွင် မြန်မာနိုင်ငံနှင့် ဥရောပ-အာရှ စီးပွားရေးကော်မရှင်တို့အကြား ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးနိုင်ခဲ့သည်။ ၂၀၂၄ ခုနှစ်တွင် ဥရောပ-အာရှစီးပွားရေးကော်မရှင်(EEC) ကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံသို့လာရောက်ပြီး ကဏ္ဍပေါင်းစုံပူးပေါင်းဆောင်ရွက်မှုတွင် အရှိန်မြှင့်တင်နိုင်ခဲ့သည်။ စိန်ခေါ်မှုများစွာဖြင့် ကြုံတွေ့နေရသော နိုင်ငံတကာအခင်းအကျင်းတွင် ခြိမ်းခြောက်မှုများကို ကျော်လွှားဆောင်ရွက်နိုင်ရန်အတွက် ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ဆောင်ရွက်ကြရမည်ဖြစ်သည်။
စတုတ္ထအကြိမ်မြောက် ဥရောပ-အာရှ စီးပွားရေးဖိုရမ်သည် နိုင်ငံများအချင်းချင်း အပြန်အလှန်ယုံကြည်မှု၊ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများစသည့် ရလဒ်ကောင်းများပေါ်ထွက်လာအောင် ဆောင်ရွက်နိုင်မည်ဟုယုံကြည်သည်။ ဖိုရမ်တွင်နိုင်ငံပေါင်း ၃၃ နိုင်ငံမှ လူပေါင်း ၂၇၀၀ ကျော် ပါဝင်တက်ရောက်၍ မျက်နှာစုံညီအစည်းအဝေးများ၊ စကားဝိုင်းဆွေးနွေးပွဲများ၊ စီးပွားရေးဆွေးနွေးပွဲများ ကျင်းပနိုင်ခဲ့သည်။ မြန်မာနိုင်ငံအနေဖြင့် ဥရောပ-အာရှစီးပွားရေးသမဂ္ဂ၏ မိသားစုအဖွဲ့ဝင်နိုင်ငံအဖြစ် ပါဝင်ရန်စိတ်အားထက်သန်လျက်ရှိပြီး လောလောဆယ်တွင် လေ့လာသူနိုင်ငံအဖြစ် ဆောလျင်စွာဆောင်ရွက်ပေးနိုင်ရေး ထောက်ခံဆောင်ရွက်ပေးနိုင်လိမ့်မည်ဟု မျှော်လင့်ထားသည်။
သို့ဖြစ်ရာ မြန်မာနိုင်ငံနှင့် ဥရောပ-အာရှ စီးပွားရေးသမဂ္ဂတို့အကြား တည်ရှိပြီးဖြစ်သည့် ချစ်ကြည်ရင်းနှီးမှုနှင့် အပြန်အလှန်လေးစားမှု၊ အပြန်အလှန်အကျိုးပြုသည့် ပူးပေါင်းဆောင်ရွက်မှုများနှင့် တန်းတူညီမျှမှုတို့အပေါ်အခြေခံပြီး ထိတွေ့ဆက်ဆံမှုများ စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ ဥရောပ-အာရှစီးပွားရေးပေါင်းစည်းညီညွတ်ရေး မဟာဗျူဟာ-ရလဒ်များနှင့် အလားအလာကောင်းများကို မြန်မာနိုင်ငံအနေဖြင့် တက်ကြွစွာ ဆက်လက်ပါဝင်ပူးပေါင်းဆောင်ရွက်သွားနိုင်မည်ဟု ယုံကြည်ပါကြောင်း။ ။