နေပြည်တော် ဇွန် ၂၇
မြန်မာနိုင်ငံတွင် လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့်နေရာများ၌ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အဖွဲ့အစည်းအသီးသီးက ဒေသခံပြည်သူများနှင့် ပူးပေါင်း၍ အင်တိုက်အားတိုက် ကူညီဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံနှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့အတွင်းရှိ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သော ရာဇမဏိစူဠာကောင်းမှုတော်စေတီ၊ မေတ္တာကန်၊ ဆွမ်းဦးပုညရှင်စေတီနှင့် မဟာစေတီလှစေတီတို့အား အပြီးသတ်ဖယ်ရှားရှင်းလင်းပြီးနောက် စေတီတော်လုံးပတ်ပြန်လည်ပြုပြင်တည်ဆောက်နေမှုအခြေအနေများ၊ စေတီတော်နှင့် မေတ္တာကန်ပရိဝုဏ်အတွင်း သန့်ရှင်းသာယာလှပရေးနှင့် ဘက်စုံပြန်လည်ပြုပြင်တည်ဆောက်နေမှု အခြေအနေများနှင့် မဟာစေတီလှစေတီ အသစ်တဖန် ပြန်လည်တည်ထားကိုးကွယ်မည့်မြေနေရာအား ပြင်ဆင်ဆောင်ရွက်နေသည့် အခြေအနေများ၊ ဣန္ဒကာရာမကျောင်းတိုက်၊ တောလေးထပ်ကျောင်းတိုက်၊ ရွှေဟင်္သာတိုက်သစ်၊ ရွှေမုဋ္ဌောစေတီနှင့် နဝလောဟာကျောင်းတိုက်များ၌ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သော အဆောက်အအုံများကို အပြီးသတ်ဖယ်ရှားရှင်းလင်းပြီး ပြန်လည်တည်ဆောက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးကာ လုပ်အားပေးဆောင်ရွက်နေကြသူများကို အားဖြည့်အချိုရည်များပေးအပ်သည်။ ၎င်းနောက် ချမ်းသာကြီးဘုရားသို့ သွားရောက်ကာ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သော စေတီတော်ကြီး၏ အပျက်အစီးများအား ဖယ်ရှားရှင်းလင်းနိုင်ရေးအတွက် တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ထို့နောက် စစ်ကိုင်းပညာရေးဒီဂရီကောလိပ်တွင် ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သော ကျောင်းဆောင်များကို ရှင်းလင်းနေမှုအခြေအနေများ၊ စစ်ကိုင်းမြို့အတွင်းရှိ ငလျင်ဘေးသင့်ပြည်သူများ ယာယီနေထိုင်နိုင်ရန်အတွက် ရွာထောင်ရပ်ကွက်တွင် Modular House များ ရောက်ရှိနေရာချထားမှုများအား သွားရောက်ကြည့်ရှုစစ်ဆေးပြီး မဟာစည်းခုံကြီးစေတီတော် ပရိဝုဏ်အတွင်း၌ ငလျင်ဘေးသင့်ပြည်သူများအတွက် Modular House များ ဆောက်လုပ်ပြီးစီးမှုအခြေအနေများနှင့် သာသနာ့ဗိမာန်ပြန်လည်ပြုပြင်ပြီးစီးမှု အခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
ယင်းနောက် စစ်ကိုင်းမြို့အတွင်းရှိ ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သော လူနေအဆောက်အဦများအား စက်ယန္တရားကြီးအသုံးပြု၍ အပြီးသတ်ဖယ်ရှားရှင်းလင်းနေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး ငလျင်ဒဏ်သင့် ရဟန်း၊ သံဃာတော်များ၊ သီလရှင်များနှင့် လူပုဂ္ဂိုလ်များအား တပ်မတော်နယ်လှည့်ဆေးကုသရေးအဖွဲ့မှ ကျန်းမာရေးစောင့်ရှောက်ပေးနေမှုအခြေအနေများ၊ တပ်မတော်ရေသန့်စက်ယာဉ်ဖြင့် ဧရာဝတီမြစ်ရေကို သန့်စင်၍ သန့်ရှင်းသော သောက်သုံးရေများပေးဝေနိုင်ရေး ဆောင်ရွက်နေမှုတို့အား ကြပ်မတ်ဆောင်ရွက်ပေးသည်။
အလားတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး စိုးတင့်နိုင်နှင့် တာဝန်ရှိသူများသည် မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်ရှိ မင်းရှင်စောတည်ထားကိုးကွယ်တော်မူသည့် ရွှေကျီးမြင်မြတ်စွာဘုရားသို့ ရောက်ရှိပြီး ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးသွားသော စေတီတော်နှင့် ကန္ဓကုဋိတိုက်အား ပြန်လည်ပြုပြင်တည်ဆောက်နေမှုအခြေအနေများနှင့် အပျက်အစီးများအား အဖွဲ့အစည်းအသီးသီးမှ အင်တိုက်အားတိုက် ရှင်းလင်းဖယ်ရှားနေမှု အခြေအနေများအားလည်းကောင်း၊ မဟာအောင်မြေမြို့နယ်၊ ရွှေဘုန်းရှိန်ရပ်ကွက်ရှိ မြင်းဝန်မင်းကြီးကျောင်းတိုက်သို့ ရောက်ရှိပြီး ငလျင်ဒဏ်သင့်၍ ထိခိုက်ပျက်စီးခဲ့သော အလယ်တိုက်ကျောင်း၊ ရွှေကျောင်း၊ တတိုက်လုံးကျောင်း၊ ဥယျာဉ်ကျောင်းများရှိ အပျက်အစီးများအား တပ်မတော်သားများနှင့် စက်ယန္တရားကြီးများ အသုံးပြု၍ အင်တိုက်အားတိုက်ဖယ်ရှားရှင်းလင်းနေမှု အခြေအနေများအားလည်းကောင်း၊ အသစ်ပြန်လည်တည်ဆောက်မည့် ကျောင်းဆောင်မြေနေရာဆောင်ရွက်ထားရှိမှု အခြေအနေများအားလည်းကောင်း လိုက်လံကြည့်ရှုစစ်ဆေး၍ တာဝန်ရှိသူများအား လိုအပ်သည်များမှာကြားပြီး လုပ်အားပေးဆောင်ရွက်နေသူများအား စားသောက်ဖွယ်ရာများပေးအပ်၍ ကျောင်းထိုင်ဆရာတော်ကြီးအား အလှူငွေများ ဆက်ကပ်လှူဒါန်းသည်။
ထို့နောက် အမရပူရမြို့နယ် မှန်တန်းရပ်ကွက်ရှိ အဓိဋ္ဌာန်ထက်မြပုခက်နန်းဦး ဆုတောင်းပြည့်စေတီတော်သို့ ရောက်ရှိပြီး ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သော ဿာသနိက အဆောက်အအုံအပျက်အစီးများအား ဖယ်ရှားရှင်းလင်းနေမှု အခြေအနေများအား ကြည့်ရှုအားပေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။