Skip to main content

ပဋိပက္ခများ ချုပ်ငြိမ်းမှသာ နိုင်ငံ့အနာဂတ်လှပနိုင်မည်

မိမိတို့နိုင်ငံသည် ဒုတိယကမ္ဘာစစ်အတွင်း စစ်တလင်းနှစ်ကြိမ်ဖြစ်ခဲ့သည်။ နိုင်ငံ့စီးပွားရေး၏ အရင်းအမြစ်များ၊ အခြေခံ အဆောက်အအုံများ၊ ယဉ်ကျေးမှုအမွေအနှစ်များ၊ ပြည်သူတို့၏ အသက်အိုးအိမ်စည်းစိမ်များ ပြာပုံဘဝသို့ရောက်ရသည်။ စစ်ကြီးပြီးသည့်နောက် လွတ်လပ်ရေးရသည့်အခါတွင်လည်း နိုင်ငံပြန်လည်ထူထောင်ရေးအတွက် တက်ညီလက်ညီ အင်တိုက်အားတိုက်လုပ်ကြရမည့်အစား စည်းလုံးညီညွတ်မှုတို့ အစိတ်စိတ်အမြွှာမြွှာပြိုကွဲကာ လက်နက်ကိုင်ထကြွသောင်းကျန်းမှုများစွာကို ဆက်လက်နှိမ်နင်းရပြန်သည်။

ပြည်တွင်း၌ နှစ်ရှည်လများကြာမြင့်စွာ ဖြစ်ပေါ်နေသည့် လက်နက်ကိုင်ပဋိပက္ခများမှာလည်း နိုင်ငံကို ဆင်းရဲတွင်းထဲမှ တက်မရစေနိုင်သည့် ထောင်ချောက်များထဲမှ ထောင်ချောက်တစ်ခု ပင်ဖြစ်သည်။ လက်နက်စွဲကိုင်တိုက်ခိုက်မှုများကြောင့် လူ့အခွင့်အရေးများဆုံးရှုံးသည်။ ကလေးသူငယ်အခွင့်အရေးများဆုံးရှုံးသည်။ အမျိုးသမီးအခွင့်အရေးများ ဆုံးရှုံးသည်။ သယံဇာတများ ဆုံးရှုံးသည်။ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ၊ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်၍မရ။ လွတ်လပ်ပြီးစ ပြန်လည်ထူထောင်ရေးကာလတွင် ပြည်တွင်းဆူပူသောင်းကျန်းမှုများကြောင့် ကာကွယ်ရေးအတွက် အသုံးစရိတ်ကို နှစ်စဉ်အသုံးစရိတ်စုစုပေါင်း၏ ၂၀ ရာခိုင်နှုန်းမှ ၃၄ ရာခိုင်နှုန်းအထိ သုံးစွဲခဲ့ရသည်။ အကယ်၍သာ မိမိတို့နိုင်ငံတွင် နိုင်ငံရေးကို နိုင်ငံရေးနည်းလမ်းဖြင့်သာ ဆောင်ရွက်သည်။ ယဉ်ကျေးမှုရှေးမဆွကပင် ထွန်းကားခဲ့မည်ဆိုလျှင် ကိုယ့်ထီးကိုယ့်နန်းနှင့်နေခဲ့ကြသည့် ခေတ်ကအတိုင်း အရှေ့တောင်အာရှ တွင် ထိပ်ဆုံးတစ်နေရာ၌ ရပ်တည်နိုင်မည်ဖြစ်သည်။

“ကျွန်တော်တို့ရည်မှန်းထားတဲ့ ပြည်ထောင်စုကြီးတည်ဆောက်နိုင်ဖို့လုပ်ဆောင်ရာမှာ ပြည်တွင်းပဋိပက္ခ ချုပ်ငြိမ်းရေးနဲ့ ထာဝရငြိမ်းချမ်းရေးရရှိရေးဟာ အသက်တမျှအရေးကြီးလှ ပါတယ်။ လက်နက်ကိုင်လမ်းစဉ်နဲ့ အကြမ်းဖက်လုပ်ရပ်တွေကြောင့် နိုင်ငံတော်မှာဖြစ်ပေါ်ခဲ့ရတဲ့ ဆုံးရှုံးနစ်နာမှုတွေကို ထောက်ရှုပြီး ထာဝရငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို ပြည်သူတွေနဲ့အတူ လက်တွဲဖော်ဆောင်ကြဖို့ လိုအပ်ပါတယ်။ ဒါကြောင့်နိုင်ငံတော်ကို ဆန့်ကျင်တိုက်ခိုက်နေတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေ၊ အကြမ်းဖက်သောင်းကျန်းသူ အဖွဲ့တွေ၊ အကြမ်းဖက် PDF အဖွဲ့တွေအနေနဲ့ လက်နက်ကိုင်အကြမ်းဖက်တိုက်ခိုက်တဲ့လမ်းစဉ်ကို စွန့်လွတ်ပြီးပါတီနိုင်ငံရေး လမ်းကြောင်းနဲ့ ရွေးကောက်ပွဲလမ်းကြောင်းတွေကတစ်ဆင့် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းဆောင်ရွက် နိုင်ဖို့အတွက်လည်း အကြိမ်ကြိမ်ဖိတ်ခေါ်ကမ်းလှမ်းထားခဲ့ပါ တယ်” ဟု ဇွန် ၂၅ ရက်က ကျင်းပသည့် ငြိမ်းချမ်းရေးဖိုရမ် (Peace Forum 2025) ဖွင့်ပွဲအခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အဖွင့်မိန့်ခွန်းပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်။

အကြမ်းဖက်တိုက်ခိုက်မှုများဖြင့် သွေးစွန်းသည့် နိုင်ငံရေးနည်းလမ်းကို ဆယ်စုနှစ်ပေါင်းများစွာ ကျင့်သုံးခဲ့ကြရာ စာရင်းချုပ်လိုက်လျှင် မြန်မာ့တစ်နိုင်ငံလုံးဆုံးရှုံးသည်။ ပြည်တွင်း လက်နက်ကိုင်ပဋိပက္ခများကြောင့် နိုင်ငံတကာမျက်နှာစာတွင် လည်း မျက်နှာပန်းမလှစရာဖြစ်သည်။ မည်သို့ပင်ဖြစ်စေ ယခုနှစ်ကုန် ဒီဇင်ဘာလနှင့် ဇန်နဝါရီလအတွင်း ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို မဖြစ်မနေကျင်းပသွားမည်ဖြစ်ရာ အခင်းအကျင်းအသစ်နှင့် ဖြစ်ပေါ်လာမည့် မြန်မာ့နိုင်ငံရေးမှာ မျှော်လင့်ချက်အသစ်များကိုလည်း ဆောင်ကြဉ်းလာမည်ဟု ယုံကြည်သည်။ လွတ်လပ်ပြီးတရားမျှတသည့် ရွေးကောက်ပွဲကို နိုင်ငံတစ်ဝန်း ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်သည်နှင့်အမျှ နိုင်ငံတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးတို့ ပိုမိုကောင်းမွန်လာပြီး ပြည်သူတို့၏ လူမှုစီးပွားဘဝများကိုလည်း တိုးတက်မြင့်မားအောင် ဖော်ဆောင်နိုင်မည်ဖြစ်သည်။

လက်နက်ကိုင်ပဋိပက္ခများကြောင့် ဆုံးရှုံးမှုများနောက်ထပ်မဖြစ်ပေါ်စေရန် တိုက်ခိုက်မှုများကိုရပ်တန့်ကာနိုင်ငံရေးကို နိုင်ငံရေးနည်းလမ်းများဖြင့် အဖြေရှာ၍ အေးအတူပူအမျှ စည်းလုံးညီညွတ်စွာနိုင်ငံကို ကောင်းသည်ထက်ကောင်းမွန်အောင် တည်ဆောက်ကြရပါမည့်အကြောင်း။ ။