နေပြည်တော် ဇွန် ၂၄
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်သည် ယမန်နေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ဇေယျာသီရိမြို့နယ် ရေဆင်းရှိ စိုက်ပျိုးရေးတက္ကသိုလ်၌ ပညာဆည်းပူးလေ့လာလျက်ရှိကြသည့် နောက်ဆုံးနှစ် ကျောင်းသားကျောင်းသူများနှင့် သင်ကြားရေးဆရာ ဆရာမများ၊ တက္ကသိုလ်တာဝန်ရှိသူများအား သီးခြားစီတွေ့ဆုံသည်။
ဦးစွာ ဒုတိယဝန်ကြီးသည် စိုက်ပျိုးရေးတက္ကသိုလ် LT-5 စာသင်ဆောင်တွင် စိုက်ပျိုးရေး တက္ကသိုလ် နောက်ဆုံးနှစ် ကျောင်းသားကျောင်းသူ ၂၇၂ ဦး အားတွေ့ဆုံ၍ ပညာသင်ယူသည့် ကာလအတွင်း စနစ်တကျကြိုးစား လေ့လာကြပြီး လုပ်ငန်းခွင် ဝင်ရောက်ချိန်တွင် သက်ဆိုင်ရာ ဘာသာရပ်အလိုက် ကျွမ်းကျင်ပိုင်နိုင်စွာ တာဝန်ယူဆောင်ရွက်နိုင်ခြင်းဖြင့် အမိတက္ကသိုလ်၏ဂုဏ်သတင်းကို မြှင့်တင်ပေးနိုင်သော စိုက်ပျိုးရေးပညာရှင်များအဖြစ် ရပ်တည်နိုင်ကြစေလိုကြောင်း၊ အလားတူ နိုင်ငံတော်၏လိုအပ်ချက်နှင့် တောင်သူများ၏ အကျိုးစီးပွားကို အမြဲရှေးရှုပြီး စဉ်ဆက်မပြတ်ပေါ်ထွက်နေသော စိုက်ပျိုးပညာရပ်များကို တစ်သက်တာမပြတ် လေ့လာဆည်းပူးကာ စနစ်တကျ ပြန်လည်ပေးဝေတတ်သော လူကောင်းလူတော် များဖြစ်စေရေးနှင့် ကြည့်မြင်တတ်သော မျက်စိ၊ ကြားတတ်သောနား၊ ပြောဆိုတတ်သော နှုတ်မှုစွမ်းရည်များရှိရေး အားထုတ်ကြိုးပမ်းသွားကြရန် တိုက်တွန်းပါကြောင်း မှာကြားသည်။
ယင်းနောက် စိုက်ပျိုးရေးတက္ကသိုလ်စုဝေးခန်းမဆောင်၌ သင်ကြားရေး ဆရာဆရာမများ၊ တက္ကသိုလ်တာဝန်ရှိသူများအားတွေ့ဆုံ၍ ဆရာကျောင်းသား ဆက်ဆံရေးဆိုင်ရာ ဂရုပြုရမည့်အချက်များ၊ ဆရာ ဆရာမများ၏ သင်ကြားရေးစွမ်းရည်ထက်မြက်ရန် လိုအပ်ချက်များ၊ မိမိတို့၏ စိုက်ပျိုးရေးဆိုင်ရာ ပညာရပ်နှင့် အတွေ့အကြုံများကို မျှဝေပေး ကြရန်၊ တစ်ခေတ်ထက်တစ်ခေတ် ပိုမိုထူးချွန်သော စိုက်ပျိုးရေးပညာရှင်များ ပေါ်ထွန်းလာစေရေးအတွက် ဆရာထက် သာလွန်ထူးချွန်သူ တပည့်များမွေးထုတ်ပေးနိုင်ရေး ဆွေးနွေးမှာကြားသည်။
ထို့နောက် တွေ့ဆုံပွဲတက်ရောက် လာကြသူများ၏ တင်ပြချက်များအပေါ် ဒုတိယဝန်ကြီးက လိုအပ်ချက်များ ဖြည့်စွက်ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်