Skip to main content

လူကုန်ကူးမှုတားဆီးကာကွယ်ရေးနှင့် လူကုန်ကူးခံရသူများအား အကာအကွယ်ပေးရေးဆိုင်ရာ လုပ်ငန်းကော်မတီအစည်းအဝေးကျင်းပ

နေပြည်တော် ဇွန် ၂၄

လူကုန်ကူးမှုတားဆီးကာကွယ်ရေးနှင့် လူကုန်ကူးခံရသူများအား အကာအကွယ်ပေးရေးဆိုင်ရာ လုပ်ငန်းကော်မတီအစည်းအဝေး (၁/၂၀၂၅) ကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရုံးအမှတ် (၈) မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ် အရိန္ဒမာခန်းမ၌ကျင်းပရာ လူကုန်ကူးမှုတားဆီးကာကွယ် ရေးနှင့် လူကုန်ကူးခံရသူများအား အကာအကွယ်ပေးရေးဆိုင်ရာ လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်ကျော်ကျော် ဦးဆောင်သောလုပ်ငန်းအဖွဲ့မှ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာကိုယ်စားလှယ်များ တက်ရောက်ကြသည်။

ဦးစွာ ဒုတိယဝန်ကြီးဗိုလ်ချုပ် အောင်ကျော်ကျော်က မြန်မာနိုင်ငံအတွင်းရှိ အမျိုးသမီးများအား နိုင်ငံအတွင်းသို့ လာရောက်စည်းရုံးကာ အယောင်ပြလက်ထပ်ပြီး ပြည်ပနိုင်ငံများသို့ ခေါ်ထုတ်သည်အထိ အတင့်ရဲလာသော လူကုန်ကူးမှုများကို ဖော်ထုတ်ရရှိနေကြောင်း၊ မြန်မာနိုင်ငံထဲအထိ လက်ထပ်ရန် လာရောက်စည်းရုံးခဲ့သည့်ဖြစ်စဉ်များမှာ ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ ယနေ့အထိ ၁၄ မှု ရှိပြီ ဖြစ်ကြောင်း၊ ယခုနှစ်အတွင်း အွန်လိုင်းမှတစ်ဆင့် လိင်ပိုင်းဆိုင်ရာထုတ်လွှင့်ပြသရန် စည်းရုံးသိမ်းသွင်းခဲ့သည့် ဖြစ်စဉ်များကို ဖော်ထုတ်အရေးယူ ဆောင်ရွက်ခဲ့ကြောင်း။

ကျူးလွန်သူများအနေဖြင့် အွန်လိုင်းမှတစ်ဆင့် မက်လုံးပေးလိမ်လည်မှုများအပေါ် ယုံကြည်မှုလွန်ကဲခြင်းကြောင့် လူကုန်ကူးမှုကျူးလွန်ခြင်းခံနေရသည်ကိုတွေ့ရှိရကြောင်း၊ ကျူးလွန်သူများသည် တိုးတက်လာသည့် နည်းပညာများကိုအခြေခံပြီး ကျူးလွန်ပုံများမှာ စနစ်တကျဂိုဏ်းဖွဲ့ပြီး လမ်းကြောင်းပုံစံသစ်များဖြင့် ပြောင်းလဲကျူးလွန်လာသည့်အတွက် ထိရောက်စွာ တားဆီးထိန်းချုပ်သွားရန် နည်းလမ်းများကို ဖော်ထုတ်သွားကြရန်လိုကြောင်း။

၂၀၂၄ ခုနှစ်အတွင်း လူကုန် ကူးမှုဖြင့် ၅၃ မှု အရေးယူဆောင်ရွက်ခဲ့ပြီး ဖြစ်ပွားခဲ့သည့် ဦးတည်နိုင်ငံများမှာ တရုတ်သို့ ၃၄ မှု၊ လာအိုသို့ တစ်မှု၊ ကမ္ဘောဒီးယားသို့ တစ်မှုနှင့် ပြည်တွင်း ၁၇ မှု ဖြစ်ပွားခဲ့ကြောင်း၊ အမှုအမျိုးအစားများမှာ အဓမ္မလက်ထပ်စေခြင်း ၃၅ မှု၊ ပြည့်တန်ဆာအဖြစ် အဓမ္မပြုလုပ်စေခြင်းကိုးမှု၊ အဓမ္မအလုပ်ခိုင်းစေခြင်းတစ်မှု၊ ကိုယ်ဝန်အငှားဆောင် စေခြင်း တစ်မှုနှင့် အခြားနည်းလမ်းများဖြင့် ကာမဆိုင်ရာကိစ္စ အဓမ္မပြုလုပ်စေခြင်းတစ်မှုတို့ ဖြစ်ပွားခဲ့ကြောင်း၊ ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ ဇွန် ၂၀ ရက်အထိ လူကုန်ကူးမှု ၈၀ အရေးယူနိုင်ခဲ့သောကြောင့် ယခင်နှစ်ထက် လူကုန်ကူးမှုများ ကို တိုးမြှင့်ဖော်ထုတ်အရေးယူနိုင် ခဲ့ကြောင်း။

၂၀၂၄ ခုနှစ်အတွင်း ပြည်ပအလုပ်အကိုင်ဆိုင်ရာ ဥပဒေဖြင့် ၂၁၈ မှုနှင့် ၂၀၂၅ ခုနှစ် ဇန်နဝါရီ မှ ဇွန် ၂၀ ရက်အထိ ၄၂ မှုတို့ အရေးယူဆောင်ရွက်ခဲ့ရာ ဆက်လက်တိုးမြှင့် ဆောင်ရွက်သွားကြရန်လိုကြောင်း၊ နယ်စပ်ဝင်ပေါက်ထွက်ပေါက်များမှ တရားမဝင်သွားမည့်သူများအား တားဆီးအသိပညာပေးဆောင်ရွက်ပြီး နေရပ်ဒေသသို့ ပြန်လည်စေလွှတ်ခြင်းများကို ဆောင်ရွက်ခဲ့ရာ ၂၀၂၄ ခုနှစ်တွင် ၄၃၃၇ ဦးနှင့် ၂၀၂၅ ခုနှစ် ဇွန် ၂၀ ရက်အထိ ၄၇၇ ဦးတို့အား အသိပညာပေးတားဆီးပြန်လွှတ် နိုင်ခဲ့ပါကြောင်း။

ကြိုတင်ကာကွယ်ခြင်းသည် ထိရောက်သော ဟန့်တားမှုဖြစ်သည့်အတွက် လူစည်ကားရာနေရာများတွင် အသိပညာပေးလက်ကမ်း စာစောင်များ ဖြန့်ဝေခြင်း၊ Bill-board နှင့် ပိုစတာများ စိုက်ထူခြင်း၊ Talk Show များ ပြုလုပ်ခြင်း၊ ရုပ်မြင်သံကြားမှတစ်ဆင့် အသိပညာပေးဇာတ်လမ်းများ ထုတ်လွှင့်ပြသခြင်း၊ အော်ပရေတာများမှတစ်ဆင့် SMS များ ပေးပို့ခြင်းတို့ကို တိုးမြှင့်ဆောင်ရွက်သွားကြရန်နှင့် အရေးပေါ်တိုင်ကြားနိုင်သည့် Hot Line ဖုန်းများထူထောင်ပြီး သတင်းများလက်ခံကာ အချိန်နှင့်တစ်ပြေးညီ စုံစမ်းဖော်ထုတ် အရေးယူလျက်ရှိကြောင်းပြော ကြားသည်။

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာသည့် လုပ်ငန်း ကော်မတီမှ အဖွဲ့ဝင်များက ၂၀၂၅ ခုနှစ် လုပ်ငန်းစီမံချက်တွင်ပါရှိသည့် လုပ်ငန်းဆောင်ရွက် ချက်များနှင့်ပတ်သက်၍ အကောင် အထည်ဖော်ဆောင်ရွက်မည့် အခြေအနေများ၊ စိန်ခေါ်မှုများနှင့် လုပ်ငန်းအခက်အခဲများကို ပွင့်ပွင့်လင်းလင်းတင်ပြဆွေးနွေးခဲ့ကြပြီး အကြံပြုဆွေးနွေးချက်များနှင့် စပ်လျဉ်း၍ လူကုန်ကူးမှုတားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့တပ်ဖွဲ့မှူးယာယီရဲမှူးချုပ် ဇော်ဆန်းက ခြုံငုံသုံးသပ်ဆွေးနွေးသည်။

ယင်းနောက် ဒုတိယဝန်ကြီး က ၂၀၂၅ ခုနှစ် လုပ်ငန်းစီမံချက်တွင်ပါရှိသည့် လုပ်ငန်းဆောင်ရွက် ချက်များနှင့်ပတ်သက်၍ အကောင်အထည်ဖော်ဆောင်ရွက်မည့် အခြေအနေများ၊ စိန်ခေါ်မှုများနှင့် လုပ်ငန်းအခက်အခဲများကို ဖြေရှင်းဆောင်ရွက်နိုင်မည့် အကောင်းဆုံး နည်းလမ်းများကို ဆွေးနွေးချပြခဲ့ကြောင်း သိရသည်။

 သတင်းစဉ်