နေပြည်တော် ဇွန် ၂၄
နိုင်ငံရေးပါတီ တည်ထောင်လိုသူများက ယင်းတို့တည်ထောင်လိုသော ပါတီအမည်ကို ဖော်ပြ၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ လျှောက်ထားလျက်ရှိကြရာ ယနေ့အထိ ပါတီတည်ထောင်ခွင့် လျှောက်ထားလာသည့်အဖွဲ့ ၂၇ ဖွဲ့ရှိပြီး ယင်းသို့လျှောက်ထားသည့် အဖွဲ့များအနက် ဇိုမီးအမျိုးသားပါတီ (Zomi National Party) နှင့် ပအိုဝ်းအမျိုးသားညီညွတ်ရေးပါတီတို့သည် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ၊ နည်းဥပဒေများနှင့် ညီညွတ်ကြောင်း စိစစ်တွေ့ရှိရသဖြင့် ကော်မရှင်က ယနေ့တွင် နိုင်ငံရေးပါတီတည်ထောင်ခွင့် လျှောက်ထားချက်များကို ခွင့်ပြုလိုက်ကြောင်း သိရှိရသည်။
ပါတီတည်ထောင်ခွင့်ရရှိသော ဇိုမီးအမျိုးသားပါတီ (Zomi National Party) နှင့် ပအိုဝ်းအမျိုးသားညီညွတ်ရေးပါတီတို့သည် ခွင့်ပြုချက်ရရှိသည့်နေ့မှစ၍ ရက်ပေါင်း ၃၀ အတွင်း နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းနည်းဥပဒေ ၇ နှင့်အညီ ကော်မရှင်သို့ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ပေးပါရန် လျှောက်ထားရမည်ဖြစ်သည်။ ယနေ့အထိ နိုင်ငံရေးပါတီ ၁၉ ပါတီကို တည်ထောင်ခွင့်ပြု ပြီးဖြစ်သည်။
အဆိုပါ တည်ထောင်ခွင့်ပြုပြီး နိုင်ငံရေး ပါတီ ၁၉ ပါတီအနက် ဦးဘရှိန်ခေါင်းဆောင်သည့် ရခိုင်တိုင်းရင်းသားများပါတီ (Rakhine Nationalities Party) က ပါတီတည်ထောင် ခွင့်ပြုသည့် နေ့ရက်မှစ၍ ရက်ပေါင်း ၃၀ အတွင်း နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းနည်းဥပဒေ ၇ နှင့်အညီ ကော်မရှင်သို့ ယနေ့တွင် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ပေးပါရန် လျှောက်ထားလာသည်။
ယင်းသို့ မှတ်ပုံတင်ခွင့်ပြုရန် လျှောက်ထားသည့် နိုင်ငံရေးပါတီ ၁၇ ပါတီအနက် ပါတီ ၁၄ ပါတီကို မှတ်ပုံတင်ခွင့်ပြုခဲ့ပြီး ကျန်ပါတီများကို မှတ်ပုံတင်ခွင့်ပြုနိုင်ရေး ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ဆက်လက်စိစစ်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်