နေပြည်တော် ဇွန် ၂၄
စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံဆိုင်ရာ အာရပ်စော်ဘွားများ ပြည်ထောင်စုနိုင်ငံသံအမတ်ကြီး Mr. Mutaz Abdullah Abduljaleel Mohamed AI Faheem အား ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ စွမ်းအင်ဝန်ကြီးဌာန ရေနံ့သာခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် မြန်မာနိုင်ငံရှိ အလားအလာရှိပြီး အာမခံချက်ကောင်းမွန်သည့် ကမ်းလွန်လုပ်ကွက်များတွင် အာရပ်စော်ဘွားများပြည်ထောင်စုနိုင်ငံမှ လာရောက်ရင်းနှီးမြှုပ်နှံရေး၊ အာရပ်စော်ဘွားများ ပြည်ထောင်စုနိုင်ငံနှင့် မြန်မာ-ယူအေအီးစီးပွားရေးနှင့် နည်းပညာပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ်နှင့် မြန်မာ-ယူအေအီး ရင်းနှီးမြှုပ်နှံမှုတိုးမြှင့် ရေးနှင့် အကာအကွယ်ပေးရေး သဘောတူစာချုပ်များကို နှစ်နိုင်ငံရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားဆက်သွယ်ရေးအတွက်ချုပ်ဆိုရေး၊ မြန်မာ-ယူအေအီးနိုင်ငံတို့အကြား ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားဆက်သွယ်ဆောင်ရွက်မှုများ မြှင့်တင်နိုင်ရေး၊ နှစ်နိုင်ငံစွမ်းအင်ကဏ္ဍအပြင် အခြားစီးပွားရေးကိစ္စများတွင်လည်း ပူးပေါင်းဆောင်ရွက်သွားရေးတို့နှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာဆွေးနွေးကြသည်။
တွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီးနှင့်အတူ ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနနှင့် လုပ်ငန်းများမှ ညွှန်ကြားရေးမှူးချုပ်များနှင့် ဦးဆောင်ညွှန်ကြားရေးမှူးများ တက်ရောက်ကြသည်။
သတင်းစဉ်